ခေတ်စားလာသော Online လိမ်လည်မှုများ
အွန်လိုင်းလိမ်လည်မှုဆိုသည်မှာ အင်တာနက်အွန်လိုင်း ဆက်သွယ်မှုကွန်ရက်ကို အသုံးချ၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ ငွေကြေး သို့မဟုတ် အချက်အလက်များ လိမ်လည်လှည့်ဖြား ရယူခြင်းပင ်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်း အသုံးပြုကျူးလွန်မှုတွင် သိသာထင်ရှားသော မှုခင်းအမျိုးအစားများမှာ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာမှုခင်းများ ဖြစ်ပါသည်။ ယင်းမှုခင်းများအနက် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရပြီး နိုင်ငံသားများ၏ ပိုင်ဆိုင်မှုငွေကြေးနှင့် လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသော မှုခင်းမှာ အွန်လိုင်းလိမ်လည်မှုပင် ဖြစ်ပါသည်။
နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကမ္ဘာ့လူသားများအတွင်း ရုပ်ဝတ္ထုများအပေါ် မှီခိုအားထားမှုများလည်း တစ်နေ့တခြား တိုးတက်လာခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် စတင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပျံ့နှံ့ခဲ့ပြီး လူသားအားလုံးအပေါ် သက်ရောက်မှုကြီးစွာ ဖြစ်ပေါ်လာခဲ့ပါသည်။ နိုင်ငံအလိုက်၊ ဒေသအလိုက် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ပြီး သွားလာမှု ကန့်သတ်ထိန်းချုပ်ခြင်းများကို ဆောင်ရွက်လာခဲ့ရပါသည်။ ကျောင်းများ၊ အလုပ်ရုံများနှင့် စီးပွားရေး လုပ်ငန်းများ ကာလကြာရှည်ရပ်နားထားရသဖြင့် နိုင်ငံအလိုက် စီးပွားရေးအပေါ် များစွာထိခိုက်စေခဲ့ပါသည်။
ထိုအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် အွန်လိုင်းအသုံးပြုမှုများသည် ကဏ္ဍစုံတွင် ကျယ်ပြန့် လာခဲ့ပါသည်။ ကျောင်းများ၊ အလုပ်များ ရပ်နားထားရသဖြင့် Social Media အသုံးပြုသူနှင့် သုံးစွဲမှုများ မြင့်တက်လာခဲ့ပါသည်။ လုပ်ငန်းများကို ကာလကြာရှည်စွာ ရပ်နားထားရန် မဖြစ်နိုင်သည့်အတွက် ကျောင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် အွန်လိုင်းအခြေပြု လုပ်ကိုင်သည့်ပုံစံသို့ ပြောင်းလဲ ကျင့်သုံးလာကြပါသည်။ အွန်လိုင်းမှ စာသင်ကြားခြင်း၊ အိမ်မှအလုပ်လုပ်ခြင်း (Work From Home)၊ အွန်လိုင်းဝန်ဆောင်မှုပေးခြင်းတို့ကို ပြည်သူများအတွင်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ Social Media များ၏ ကဏ္ဍစုံအသုံးချနိုင်မှုကလည်း အွန်လိုင်းအသုံးပြုမှုကို မြင့်တက်စေခဲ့ပါသည်။ နယ်စည်းမခြား ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်နိုင်မှုနှင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်းကလည်း အခြေခံ စားသောက်ကုန်များ ပို့ဆောင်ခြင်းမှ Online Banking/Online Payment နှင့် Online Trading အထိ အသုံးပြုလာကြပါသည်။
ထိုသို့ နည်းပညာတွင်ကျယ်လာမှုနှင့် ပြည်သူလူထုအတွင်း အွန်လိုင်းအသုံးပြုမှုများ များပြားလာခြင်းက ဒုစရိုက်သမားများအတွက် ကျင်လည်ကျက်စားရာ နယ်မြေသစ်တစ်ခု ဖြစ်လာစေခဲ့ပါသည်။ နိုင်ငံအလိုက် အွန်လိုင်းပေါ်တွင် ပြစ်မှုကျူးလွန်မှုများလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပါသည်။ နိုင်ငံအလိုက် ကျူးလွန်သည့်ပုံစံများ ကွဲပြားနေသော်လည်း အများစုမှာ အွန်လိုင်းလိမ်လည်မှုများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌လည်း အင်တာနက်အွန်လိုင်း ဆက်သွယ်ရေးအပေါ် အသုံးချကာ လိမ်လည်သည့် မှုခင်းများ တိုးတက်လာခဲ့ပါသည်။ အွန်လိုင်းလိမ်လည်မှုမှ ရရှိလာသည့် ငွေကြေးများအား အွန်လိုင်းဘဏ် လုပ်ငန်းစနစ်အပေါ် တလွဲအသုံးပြု၍ ငွေကြေးခဝါချနေခြင်းသည် နိုင်ငံတော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေပါသည်။
အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့ထံ နယ်မြေရဲစခန်းများမှ ထင်မြင်ချက် တောင်းခံမှုအရ ၂၀၁၉ ခုနှစ်တွင် (၁၁၆)မှု၊ ၂၀၂၀ ပြည့်နှစ်တွင် (၁၄၂)မှု၊ ၂၀၂၁ ခုနှစ်တွင် (၇၈)မှု၊ ၂၀၂၂ ခုနှစ်တွင် (၁၂၉)မှုနှင့် ၂၀၂၃ ခုနှစ်တွင် (၁၇၆)မှု စုစုပေါင်း (၆၄၁)မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အွန်လိုင်းလိမ်လည်မှုများ ပြည်သူလူထုအတွင်း အမှန်တကယ် ဖြစ်ပွားနေမှုများမှာ ယခုထက်ပိုမို များပြားနေမည် ဖြစ်သော်လည်း လိမ်လည်ခံရသည့် ငွေပမာဏနည်းပါးခြင်း၊ ရဲစခန်းနှင့် တရားရုံးများအတွက် အချိန်မပေးခြင်း၊ ဥပဒေအရ နစ်နာသူမှ တရားလိုပြုလုပ်ရန် လိုအပ်ခြင်း၊ အလိမ်ခံရမှုအပေါ် ရှက်ရွံ့သဖြင့် မတိုင်ကြားလိုခြင်းတို့ကြောင့် အမှုဖွင့်တိုင်ကြားခြင်း မရှိသည့် မှုခင်းများစွာ ရှိနေနိုင်ပါသည်။ မြန်မာနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှုများကြောင့် ပြည်သူလူထုအတွင်း နှစ်စဉ်မြန်မာကျပ်ငွေ ငါးဘီလီယံနှင့်အထက် ဆုံးရှုံးနစ်နာနေကြောင်း ခန့်မှန်းထားပါသည်။
အွန်လိုင်းလိမ်လည်မှုများအနက် အရိုးရှင်းဆုံးသော လိမ်လည်နည်းမှာ အွန်လိုင်းပေါ်ကြော်ငြာ ထားသော ပစ္စည်းများအား ငွေပေးချေပြီးနောက် ပစ္စည်းပေးပို့သူမှတစ်ဆင့် ဝယ်ယူသူထံ ရောက်ရှိလာချိန်တွင် ကုန်အမှတ်တံဆိပ် မှားယွင်းခြင်း၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်နှင့် ပုံသဏ္ဌာန် ကွဲလွဲနေခြင်းတို့သည် အခြေခံအကျဆုံးသော အွန်လိုင်းလိမ်လည်နည်းများ ဖြစ်ကြပါသည်။ လိမ်လည်မှု များသည် အသေးစားလိမ်လည်မှုများ ဖြစ်သဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမရှိသည်ကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် "Illicit Financial Flows from Cyber-Enabled Fraud" အစီရင်ခံစာတွင် အွန်လိုင်းလိမ်လည်မှုမှာ Cyber-Enabled Fraud များဖြစ်ပြီး အများဆုံးကျူးလွန်သည့်ပုံစံငါးမျိုးအား ဖော်ပြထားပါသည်။
(၁) Application များ၊ Website အတုများ အသုံးပြု၍ သတင်းအချက်အလက်များ ရယူပြီး လိမ်လည်ခြင်း (Phishing Fraud)
(၂) ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်းအယောင်ဆောင်၍ လိမ်လည်ခြင်း (Social Media and Telecommunication Fraud)
(၃) အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင် ပြုလုပ်၍လိမ်လည်ခြင်း (Online Romance Fraud)
(၄) အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အကြောင်းပြ၍ လိမ်လည်ခြင်း (Online Trading/ Trading Platform Fraud)
(၅) အလုပ်အကိုင်အခွင့်အလမ်းများရရှိမည် ဟုအကြောင်းပြ၍ လိမ်လည်ခြင်း (Employment Scam)
Application များ၊ Website အတုများအသုံးပြု၍ လိမ်လည်ခြင်း
လိမ်လည်သူများသည် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အမှတ်တံဆိပ်များကို အသုံးပြုပြီး Facebook စာမျက်နှာတွင် အခက်အခဲများအား ကူညီပေးကြောင်း ဖော်ပြကာ post တင်ထားပါသည်။
အကူအညီတောင်းခံလာပါက Link တစ်ခုချပေးကာ အသင့်ပြုလုပ်ထားသည့် Application အား Download ဆွဲစေပြီး ငွေစာရင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ Usernameနှင့် Password များ ဖြည့်သွင်းစေခြင်းဖြင့် လိမ်လည်သူမှ ငွေစာရင်းအား ထိန်းချုပ်ရယူပါသည်။ ထို့အတူ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုခုကို လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်ထားပြီး ၎င်း Page သို့ ဆက်သွယ်လိုက်ပါက မိမိ Viber သို့ Link ပေးပို့ကာ အသင့်ပြုလုပ်ထားသည့် Application အား Download ဆွဲစေပါသည်။
အဆိုပါ Application တွင် ငွေစာရင်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ Username နှင့် Password ဖြည့်သွင်းစေခြင်းဖြင့် ငွေစာရင်းအား ထိန်းချုပ်ရယူပါသည်။
ထို့ပြင် မိမိ၏ ကိုယ်ရေးအချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် စုံစမ်းရယူကြပြီး မိမိငွေစာရင်း ဖွင့်လှစ်ထားသည့်ဘဏ် သို့မဟုတ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခု၏ အမည်နှင့်တံဆိပ်များကို အသုံးပြုကာ သင့်ပရိုဖိုင်ဒေတာတွင် အမှားအယွင်းများကြောင့် သင့်ငွေစာရင်းသို့ ငွေအဝင်/အထွက် လွှဲပြောင်းခြင်းကို ငြင်းပယ်ခဲ့ကြောင်း၊ ဤနေရာ Link ကို နှိပ်၍ သင်၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းပါဟု မိမိ၏အီးမေးသို့ ပေးပို့လာပါသည်။ အဆိုပါ link အား ဖွင့်ကြည့်ပါက မိမိငွေစာရင်း ဖွင့်လှစ်ထားသည့် ဘဏ် သို့မဟုတ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု၏ အမည်၊ အမှတ်တံဆိပ်များဖြင့် အတုပြုလုပ်ထားသည့် Website သို့ ရောက်ရှိသွားမည်ဖြစ်ပါသည်။ ယင်းနောက် Username နှင့် Password ဖြည့်သွင်းရန် တောင်းဆိုလာပြီး အချက်အလက်များ ဖြည့်သွင်းလိုက်ပါက မိမိ၏ ငွေစာရင်းကို ထိန်းချုပ်ရယူကာ ငွေကြေးလိမ်လည် ရယူသွားမည် ဖြစ်ပါသည်။
အခြားနည်းလမ်းမှာ မိမိလက်ကိုင်ဖုန်း Viber သို့ ငွေစာရင်းရှိငွေများကို Deactivate လုပ်လိုက်ကြောင်း၊ မသင်္ကာမှုဖြင့် ပိတ်သိမ်းလိုက်ကြောင်း၊ ဖြေရှင်းလိုပါက (၂၄) နာရီအတွင်း အောက်ပါ Link သို့ ဝင်ရောက်ဖြေရှင်းပါဟု စာများပေးပို့လာခဲ့ရာ စိုးရိမ်စိတ်ဖြင့် ထို Link အားနှိပ်၍ ဖွင့်ကြည့်ပါက ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခု၏ အမည်များဖြင့် User Name, Password ဖြည့်သွင်းရန် ပေါ်လာမည်ဖြစ်ပါသည်။ User Name, Password ဖြည့်သွင်းပေးလိုက်ပါက မိမိဘဏ်ငွေစာရင်းအား ထိန်းချုပ်ကာ ငွေကြေးများ လွှဲပြောင်းရယူသွားမည် ဖြစ်ပါသည်။
ဝန်ထမ်းအယောင်ဆောင်၍ လူမှုကွန်ရက်နှင့် တယ်လီဖုန်းမှတစ်ဆင့် လိမ်လည်ခြင်း
ဒုတိယနည်းလမ်းမှာ K-Pay၊ Wave-Payကဲ့သို့သော မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက မိမိထံ One Time Password (OTP) Code ပေးပို့သည့် စနစ်ပေါ်တွင် အသုံးချသော နည်းလမ်းဖြစ်ပါသည်။ ၎င်းစနစ်သည် Password မေ့နေသူ သို့မဟုတ် လက်ကိုင်ဖုန်း ပြောင်းလဲ အသုံးပြုသူများအတွက် Account Login ဝင်ရောက်နိုင်စေရန် မိမိ၏ လက်ကိုင်ဖုန်းသို့ OTP Code နံပါတ်ပေးပို့သောစနစ် ဖြစ်ပါသည်။
လိမ်လည်သူသည် ဘဏ်၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်ခု၏ ဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီး မိမိထံ ဖုန်းဖြင့် ဆက်သွယ်ကာ ငွေသွင်း/ငွေထုတ်မှုများတွင် မသမာသည့် နည်းစနစ်များ တွေ့နေရသည့်အတွက် မေးသည့်အချက်အလက်များအား အတည်ပြုပေးရန်နှင့် အတည်မပြုပါက Account အတွင်းရှိ ငွေများအားလုံးကို ယာယီပိတ်ထားမည်ဖြစ်ပြီး ငွေစာရင်းအား အပြီးဖျက်သိမ်းသွားမည်။ အတည်ဖြစ်၊ မဖြစ်အား မိမိလက်ကိုင်ဖုန်းသို့ ပို့ပေးသည့် OTP Code အား ပြန်လည်ပေးပို့ရမည် စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ OTP Code ပေးပို့လာစေရန် လှည့်ဖြား ပြောဆိုပါသည်။ တစ်ချိန်တည်းမှာပင် မိမိ၏ K-Pay၊ Wave-Pay Account အား ၎င်း၏ လက်ကိုင်ဖုန်းဖြင့် ဝင်ရောက်ပြီး Forget Password ရွေးချယ်လိုက်ရာ မိမိ၏ဖုန်းသို့ OTP Code ရောက်ရှိလာပါသည်။ မိမိမှ OTP Code ပေးပို့လိုက်ပါက လိမ်လည်သူသည် မိမိငွေစာရင်းအား ထိန်းချုပ်ပြီး ၎င်းတို့၏ ငွေစာရင်းများထဲသို့ ငွေကြေးလိမ်လည်ရယူသွားမည် ဖြစ်ပါသည်။
အခြားနည်းတစ်ခုမှ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ဝန်ထမ်းဟန်ဆောင်၍ မိမိ ဖုန်းထံဆက်သွယ်ကာ ကံစမ်းမဲပေါက်ကြောင်း၊ OTP Code ပေးပို့မည်ဖြစ်ကြောင်း၊ ကံစမ်းမဲ ထုတ်ရန် OTP Code အားပြန်လည်ပေးပို့ရန် လိမ်လည်တောင်းခံပါသည်။ မိမိမှရရှိသော OTP Code အား ပေးပို့လိုက်ပါက မိမိငွေစာရင်းအား ထိန်းချုပ်ကာ ငွေကြေးလိမ်လည်ရယူသွားမည်ဖြစ်ပါသည်။
အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင် ပြုလုပ်၍လိမ်လည်ခြင်း (Online Romance Fraud)
တတိယနည်းလမ်းမှာ အွန်လိုင်းပေါ်တွင် ခင်မင်ရင်းနှီးအောင်ပြုလုပ်၍ လိမ်လည်ခြင်း (Online Romance Fraud) ဖြစ်ပါသည်။ ဤနည်းလမ်းသည် လူမှုကွန်ရက်အသုံးပြုသူများကို ပစ်မှတ်ထား ကျူးလွန်လေ့ရှိသော နည်းလမ်းဖြစ်ပါသည်။ လိမ်လည်သူသည် Facebook Account များတွင် နိုင်ငံခြားသား/နိုင်ငံခြားသူပုံများဖြင့် Profile တင်ပြီး မိမိနှင့်မိတ်ဆွေဖြစ်သွားပါက Messengers၊ Viber ဖြင့် အပြန်အလှန်ဆက်သွယ်ကာ အကြောင်းအရာအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ဇာတ်လမ်းဆင်ပြောဆိုပြီး ရင်းနှီးအောင် ပြုလုပ်ကြပါသည်။ ရင်းနှီးမှုရှိလာပါက အကြောင်းအမျိုးမျိုးပြကာ မက်မောလောက်သည့် ငွေကြေးအား (ဒေါ်လာ - ပမာဏဖော်ပြ၍) လက်ဆောင်အဖြစ် ပေးပို့လိုက်သည်ဟုပြောဆိုပါသည်။ ယင်းနောက် အခြားသူတစ်ဦးက လက်ဆောင်များ ရောက်ရှိနေပြီး ထုတ်ယူရန် အခွန်ပေးဆောင်ရမည်ဟု လိမ်လည်တောင်းခံပါသည်။
အချို့ဖြစ်စဉ်များတွင် လက်ဆောင်အဖြစ် တန်ဖိုးကြီးပစ္စည်းများကို Delivery ကုမ္ပဏီဖြင့် ပေးပို့လိုက်ကြောင်း၊ အခြားသူတစ်ဦးမှ Delivery ကုမ္ပဏီ၏ အမည်ဖြင့် မိမိဖုန်းထံဆက်သွယ်ကာ ပစ္စည်းရောက်ရှိကြောင်း၊ ပစ္စည်းရွေးရန်အတွက် ငွေလွှဲပေးရမည်ဖြစ်ကြောင်း၊ တန်ဖိုးကြီးပစ္စည်းအတွက် အခွန်ဌာနတွင် အကောက်ခွန်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းမှာ ဥပဒေနှင့်မညီညွတ်သဖြင့် ဌာနဆိုင်ရာများသို့ ငွေကြေးပေးရမည် ဖြစ်ကြောင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ငွေကြေးများ လိမ်လည်ရယူကြပါသည်။
အရောင်းအဝယ်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အကြောင်းပြ၍လိမ်လည်ခြင်း စတုတ္ထ နည်းလမ်းမှာ လိမ်လည်သူသည် Social Media Platform ပေါ်တွင် ကြော်ငြာအတုများ၊ ကုန်ပစ္စည်း အတုများလွှင့်တင်၍ ဟန်ပြရောင်းချကြပါသည်။ မိမိမှဝယ်ယူလိုက်ပါက စာရွက်စာတမ်းအတုများ၊ ဘောက်ချာအတုများ ပြုလုပ်၍ Delivery ဖြင့် ကုန်ပစ္စည်းများပေးပို့လိုက်ကြောင်း ဝယ်ယူသူ ယုံကြည်စေရန် လှည့်ဖြားကာ တန်ဖိုးငွေလွှဲပြောင်းခိုင်းပြီး လိမ်လည်ရယူကြပါသည်။ အခြားနည်းမှာ လူမှုကွန်ရက်တွင် ဟန်ပြကုမ္ပဏီ (Front Company) များ၊ ဟန်ပြ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်၍ ကြော်ငြာလွှင့်တင်ပြီး အစုရှယ်ယာများ ရောင်းချကာ ငွေကြေးလိမ်လည်ခြင်း ဖြစ်ပါသည်။
လိမ်လည်သူများသည် ပထမဦးစွာ အင်တာနက်စာမျက်နှာ (Webpage)များ လွှင့်တင်ထားပြီးနောက် လူမှုကွန်ရက်မှ မိမိအား ယင်းစာမျက်နှာတွင် Account ဖွင့်လှစ်အသုံးပြုစေရန် မက်လုံးပေး ဆွဲဆောင်ပါသည်။ Account ဖွင့်လှစ် ဝင်ရောက်လိုက်ပါက ယင်းစာမျက်နှာတွင် ဖန်တီးထားသော ကုန်ပစ္စည်းများ အော်ဒါမှာ ယူတင်သွင်းခြင်းဖြင့် အမြတ်ငွေများရရှိနိုင်ကြောင်း၊ အမြတ်ငွေများကို အော်ဒါတင်သွင်းမှု သတ်မှတ်အကြိမ် ရေပြည့်မှ ထုတ်ယူခွင့်ပြုကြောင်း မက်လုံးပေးဆွဲဆောင်ပါသည်။ သတ်မှတ်အကြိမ်ရေ ပြည့်သော်လည်း ငွေကြေးများ ထုတ်ပေးခြင်းမပြုဘဲ လိမ်လည်ခြင်း ဖြစ်ပါသည်။
အခြားနည်းလမ်းတစ်ခုမှာ လိမ်လည်သူများသည် Viber မှတစ်ဆင့် ငွေကြေးရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်ကြောင်း၊ ငွေကျပ်မည်မျှရင်းနှီးပါက အကျိုးအမြတ်များ ပြန်လည် ရရှိမည်ဖြစ်ကြောင်း အဆင့်ဆင့် ရင်းနှီးမြှုပ်နှံစေရန် ဆွဲဆောင်ပါသည်။ သို့သော် ၎င်းငွေများနှင့် အကျိုးအမြတ်များကို ပြန်လည်ထုတ်ပေးခြင်းမရှိတော့ဘဲ လိမ်လည်ခြင်းဖြစ်ပါသည်။ အခြားနည်းမှာ Facebook စာမျက်နှာတွင် ငွေကြေးလဲလှယ်သည့်လုပ်ငန်း (Money Changer) ဆောင်ရွက်ကြောင်း၊ မိမိမှ နိုင်ငံခြားငွေ ဝယ်ယူလိုပါက ၎င်း၏ငွေစာရင်းသို့ ငွေကြေးလွှဲပြောင်းခိုင်းပြီး မိမိ Facebook Account အား Block ကာ လိမ်လည်ခြင်း ဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဟု အကြောင်းပြ၍လိမ်လည်ခြင်း
ပဉ္စမမြောက်နည်းလမ်းမှာ လိမ်လည်သူများသည် Social Media Platform ပေါ်တွင် နာမည်ကြီး အလုပ်အကိုင်ရှာဖွေရေး Agency များ၏ အမှတ်တံဆိပ်များကို အသုံးပြု၍ Webpage ထူထောင်ပြီး အလုပ်အကိုင်အတုများ၊ အလုပ်ခေါ်စာအတုများဖြင့် လှည့်ဖြားကမ်းလှမ်းကာ သင်တန်းတက်ရန် ငွေ ကြိုတင်တောင်းခံခြင်း၊ ဝန်ဆောင်ခကျသင့်ငွေများအား အကြောင်းအမျိုးမျိုးပြကာ ကြိုတင်တောင်းခံခြင်းဖြင့် လိမ်လည်သောနည်းလမ်းဖြစ်ပါသည်။
အခြားနည်းလမ်းများ
အခြားကျူးလွန်လေ့ရှိသည့် နည်းလမ်းတစ်ခုမှာ တယ်လီဖုန်း SIM ကတ်များကို အသုံးပြုခြင်းဖြစ်ပါသည်။ လိမ်လည်သူသည် မိမိ၏ နိုင်ငံသားစိစစ်ရေးကတ်၊ ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက်အလက်များကို တစ်နည်းနည်းဖြင့်ရယူကာ နိုင်ငံသားစိစစ်ရေးကတ် အတုပြုလုပ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများထံ တယ်လီဖုန်း ပျောက်ဆုံးကြောင်း အကြောင်းပြကာ မိမိ၏ ဖုန်းနံပါတ် SIM ကတ်အသစ်ကို လျှောက်ထား ရယူပါသည်။ ထို့နောက် မိမိဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသော Mobile Pay Account များသို့ဝင်ရောက်ကာ ငွေများလွှဲပြောင်း ရယူကြပါသည်။
လိမ်လည်ခံရခြင်း အကြောင်းရင်းများ
အွန်လိုင်းလိမ်လည်မှုများအား လေ့လာကြည့်လျှင် သာမန်ပြည်သူများ၏ လောဘကိုအခြေခံပြီး လိမ်လည်နေကြောင်း တွေ့ရှိရပါသည်။ အချို့သော လိမ်လည်မှုများတွင် ပညာတတ်သူများလည်း လိမ်လည်ခံရသည်ကို ကြည့်ခြင်းအားဖြင့် အသိပညာနှင့် ဗဟုသုတနည်းပါးသူများကိုလည်း ပစ်မှတ်ထား ဆောင်ရွက်တတ်ကြောင်း တွေ့ရှိရပါသည်။ သာမန်ပြည်သူလူထုအတွင်း လိမ်လည်ခံရမှုများထဲတွင် အသိပညာနည်းပါးမှုကိုအခွင့်ကောင်းယူကာ လိမ်လည်နေကြကြောင်း သိရှိရပါသည်။ ဥပမာ မောင်ဘ၏ မှတ်ပုံတင်အားငှားရမ်းပြီး အွန်လိုင်းအကောင့်ဖွင့်ခြင်း၊ မှတ်ပုံတင်အတုပြုလုပ်ထားခြင်း၊ ပတ်စ်ပို့ပြုလုပ်ခြင်း၊ ဖုန်းများ ခေတ္တငှားရမ်းပြီး အွန်လိုင်း Pay Wallet ဖွင့်လှစ်ခြင်းနှင့် ပိုင်ရှင်၏ ဖုန်းအမှတ်၊ လိပ်စာ၊ အမည်ကို လိမ်လည်မှုအတွက် အသုံးချခြင်းတို့သည် နေ့စဉ်ကြုံတွေ့နေရသော လိမ်လည်နည်းများ ဖြစ်ပါသည်။
အချို့နေရာများတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့် ဆင်းရဲမှု၊ မိသားစုစီးပွားရေးကျပ်တည်း မှုများကြောင့် ပညာတတ်သူ၊ အသိပညာရှိသူများပင် လိမ်လည်ခံရလျက်ရှိပါသည်။ ရာထူးတိုးတက်ရရှိရေးနှင့် လုပ်ငန်းအဆင်ပြေရေးအတွက် အွန်လိုင်းပေါ်တွင် အဆောင်များ၊ လက်ဖွဲ့များ ရောင်းချပေးခြင်း၊ အကြောင်းအမျိုးမျိုးပြကာ ယတြာချေခိုင်းခြင်းနှင့် နောက်ပိုင်းတွင် အောက်လမ်းနည်း၊ စုန်း/ကဝေများဖြင့် ခြိမ်းခြောက်ခြင်း၊ ငွေကြေးတောင်းခံခြင်းများလည်း ကြုံတွေ့နေရလျက်ရှိပါသည်။
သာမန်ပြည်သူများအနေဖြင့် ရိုးသားဖြူစင်ခြင်း၊ အယုံလွယ်ခြင်း၊ နောက်ဆက်တွဲပြဿနာကိုမသိခြင်း၊ အရှက်အကြောက်ကြီးခြင်း၊ စူးစမ်းလိုခြင်း၊ စမ်းသပ်လိုခြင်းနှင့် စပ်စုလိုစိတ်ရှိခြင်း၊ စဉ်းစားဆင်ခြင် ဉာဏ်နှင့် တွေးတောဆင်ခြင်မှု နည်းပါးခြင်းတို့သည် လိမ်လည်သူများအတွက် အခွင့်ကောင်းများ ဖြစ်ပါသည်။ အချို့အခြေအနေများတွင် လူတို့၏ စိုးရိမ်စိတ်နှင့် အကြောက်တရားကို အသုံးချခြင်း၊ အခက်အခဲ ရှိသူများကို ပစ်မှတ်ထားခြင်း၊ အကျိုးအမြတ်ရမည်ဟု ယုံကြည်အောင်ပြောဆိုပြီး လုပ်ငန်းအတွင်း ရှယ်ယာခေါ်ခြင်း၊ ပါဝင်လုပ်ကိုင်စေခြင်းတို့မှ နောက်ပိုင်းတွင် ငွေကြေးလိမ်လည်ခဲ့ကြောင်း တွေ့ရပါသည်။
လိမ်လည်သူတို့၏ အလေ့အထများ
အွန်လိုင်းလိမ်လည်မှုသည် တစ်ဦးတည်းလိမ်လည်ခြင်းထက် သာမန်အားဖြင့် အုပ်စုဖွဲ့ကျူးလွန်ပြီး ၍ IT နည်းပညာကျွမ်းကျင်သူများ ပါဝင်တတ်ကြပါသည်။ နည်းပညာ၏ အားနည်းချက်များကိုအသုံးချကာ သတင်းစုဆောင်းခြင်း၊ ဖြစ်ပေါ်နေသော အခြေအနေကို သုံးသပ်ကာ လူအများယုံကြည်လာအောင် စာရွက်စာတမ်းအတု၊ Webpage နှင့် Application အတုများကို အသုံးချဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီအတုထောင်ပြီး အသုံးအဆောင်များ ငှားရမ်းအသုံးပြုခြင်းနှင့် လူအထင်ကြီးအောင် ဝတ်စား နေထိုင်တတ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အွန်လိုင်းမှ ချိုးဖောက်ဝင်ရောက်ကာ သားကောင်အား ရှာဖွေဆောင်ရွက်တတ်ကြပါသည်။ အလိမ်ခံရသူကို အရှက်ခွဲမည်ဟု ခြိမ်းခြောက် ငွေညှစ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်ဆောင်ရွက်ရန် အတင်းအကျပ် စေခိုင်းခြင်းမျိုးလည်း ကြုံတွေ့နေရပါသည်။
အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးခဝါချမှုအကြား ဆက်နွှယ်မှု
အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အင်တာနက်ဆက်သွယ်ရေးကို အခြေခံသည့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ လူမှုကွန်ရက် စာမျက်နှာများနှင့် အင်တာနက်စာမျက်နှာများအပြင် တယ်လီဖုန်း ဆက်သွယ်မှု ကွန်ရက်များကို တလွဲအသုံးပြု၍ ငွေကြေးအကျိုးအမြတ်များ ရရှိစေရန် လိမ်လည်ခြင်း ဖြစ်ပါသည်။ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် ငွေကြေးလွှဲပြောင်း ဆောင်ရွက်ရာ၌ Mobile Banking နှင့် Mobile Pay ကဲ့သို့သော အင်တာနက်ဆက်သွယ်ရေး အခြေပြု ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ဆောင်မှုကို မဖြစ်မနေ အသုံးပြုရပါသည်။ လိမ်လည်သူများသည် လိမ်လည်မှု ကျူးလွန်စဉ်ငွေကြေးများ လွှဲပြောင်း လက်ခံရယူခြင်းနှင့် ကျူးလွန်ပြီးနောက် ရရှိလာသည့် ငွေကြေးအား လွှဲပြောင်းခြင်းများ ဆောင်ရွက်ရာ၌ ငွေကြေးစီးဆင်းမှု (Money Trail) ကို နောက်ကြောင်း လိုက်လံဖော်ထုတ်ခြင်း မခံရစေရန်နှင့် အကျိုးခံစားခွင့်ရှိသူပိုင်ရှင် (Beneficial Owner) ကို ဖုံးကွယ်နိုင်ရန် ကြိုးပမ်းကြပါသည်။ ထိုသို့ကြိုးပမ်းရာ၌ ငွေကြေးခဝါချမှု နည်းလမ်းများကို အသုံးပြုလာရာမှ ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်လာပါသည်။ ဘဏ္ဍာရေးစနစ်၏ Digitalization အသွင်သို့ ပြောင်းလဲတိုးတက်လာမှုသည် လိမ်လည်မှု ကျူးလွန်ရာ၌ လိုအပ်သည့် ငွေကြေးလွှဲပြောင်းမှုများ၊ ဖုံးကွယ်မှုများ လျင်မြန်စွာ လုပ်ဆောင်လာနိုင်စေပြီး ခဝါချရန်အတွက် အခွင့်အလမ်းများ ဖြစ်လာစေပါသည်။
အခြားမှုခင်းများနှင့်ဆက်နွှယ်မှု
ငွေကြေးခဝါချမှုအပြင် အွန်လိုင်းလိမ်လည်မှုသည် အခြားသောမှုခင်းများနှင့်လည်း ဆက်နွှယ်နေပါသည်။ အများဆုံး ဆက်နွှယ်သည့်မှုခင်းများမှာ အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် လိုအပ်သည့် သို့မဟုတ် မဖြစ်မနေ ဆောင်ရွက်ရသည့် စာရွက်စာတမ်းအတုပြုလုပ်မှုနှင့် ကိုယ်ရေးအချက်အလက်များရရှိရန် Hacking ပြုလုပ်ရသည့် ကွန်ပျူတာမှုခင်းများ ဖြစ်ပါသည်။ ထို့ပြင် လူမှောင်ခို/လူကုန်ကူးမှုများနှင့်လည်း ဆက်နွှယ်နေပါသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် အလုပ်အကိုင်ကြော်ငြာများ လွှင့်တင်၍ သားကောင် (Victim)များအား လိမ်လည်ခေါ်ဆောင်ပြီး ရောက်ရှိလာပါက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို အတင်းအကျပ်စေခိုင်းခြင်းဖြင့် အွန်လိုင်းလိမ်လည်သည့်ဂိုဏ်းများ ပေါ်ပေါက်လာပါသည်။
IT နည်းပညာကျွမ်းကျင်သူများနှင့် ဒေသ/နိုင်ငံအသီးသီးမှ ဘာသာစကားမတူသော လူအမျိုးမျိုးကို မှောင်ခိုကူးကာ အတင်းအကျပ်စေခိုင်းခြင်းဖြင့် လိမ်လည်ခံရသူနှင့် စပ်လျဉ်းသည့် နယ်နိမိတ် အကန့်အသတ်များကို ကျော်လွှားကာ နိုင်ငံဖြတ်ကျော် ကျူးလွန်မှုများ ဖြစ်ပေါ်လာပါသည်။ အွန်လိုင်း လိမ်လည်ဂိုဏ်းများသည် အများအားဖြင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားသည့် နယ်စပ်ဒေသများ၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှုများထူပြောရာ နယ်စပ်ဒေသများတွင် ဖြစ်ပွားလေ့ရှိပါသည်။
နောက်ဆက်တွဲပြဿနာများ
ယခုအခါ နိုင်ငံတော်အစိုးရနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းနှိမ်နင်းမှုများကြောင့် အွန်လိုင်း လိမ်လည် ဂိုဏ်းများ လျော့နည်းသွားပြီး လိမ်လည်သူများသည် ပြည်တွင်းရှိ နိုင်ငံသားများအား သားကောင်အဖြစ် ပစ်မှတ်ထားရွေးချယ်လာနိုင်ပါသည်။ သို့ဖြစ်ရာ ပြည်တွင်းရှိဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများမှာ အွန်လိုင်းလိမ်လည်မှုအတွက် တလွဲအသုံးပြုခံရနိုင်ခြေ မြင့်မားလာပါသည်။ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဖောက်သည်များ၏ Mobile Wallet/Mobile Bank Account များ လုံခြုံမှုရှိစေရန်အတွက် လုံခြုံရေးစနစ်မြှင့်တင်ခြင်း၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ မျက်နှာပုံသဏ္ဌာန် သို့မဟုတ် အသံစနစ်ဖြင့် အတည်ပြုသည့် လုံခြုံရေးစနစ်ထည့်သွင်းခြင်းများ ဆောင်ရွက်ခြင်းဖြင့် တားဆီးကာကွယ်ရမည်ဖြစ်ပါသည်။
ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်၊ ဖုန်းနံပါတ်နှင့် ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းထားရန်နှင့် အလွယ်တကူပေးအပ်ခြင်းမပြုရန် လိုအပ်ပါသည်။ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ Password နှင့် ကိုယ်ရေးအချက်အလက်များ တောင်းခံလာပါက တောင်းခံသည့် အဖွဲ့အစည်းအား စိစစ်အတည်ပြုခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ မိမိနှင့် ရင်းနှီးသိကျွမ်းခြင်းမရှိသည့် သို့မဟုတ် ယုံကြည်စိတ်ချရမှု မရှိသည့် အင်တာနက်စာမျက်နှာများသို့ ယုံကြည်မှုလွန်ကဲစွာ ဝင်ရောက်ခြင်း၊ Application များကို Download ဆွဲယူခြင်း၊ ကိုယ်ရေးအချက်အလက် ဖြည့်စွက်ခြင်းများကို ရှောင်ရှားရမည်ဖြစ်ပါသည်။
အွန်လိုင်းလိမ်လည်မှုသည် နစ်နာသူပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်းကိုပါ ဖြစ်စေပါသည်။ အထူးသဖြင့် ငွေပမာဏများပြားသော လိမ်လည်ခံရမှုဖြစ်စဉ်များတွင် လိမ်လည် ခံရသူများအတွက် ဂုဏ်သိက္ခာထိခိုက်ပြီး အရှက်ရစေခြင်း၊ စီးပွားရေးထိခိုက်ပြိုလဲပြီး စိတ်ဓာတ် ကျဆင်းခြင်း များမှ မိမိကိုယ်ကို သတ်သေခြင်း၊ မိသားစုပြိုကွဲခြင်းများအထိ ဖြစ်စေနိုင်ပါသည်။
ထို့ပြင် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဂုဏ်သတင်းအပေါ် ထိခိုက်နိုင်ပြီး ယုံကြည် အားထားရမှုကို လျော့နည်းစေပါသည်။ အွန်လိုင်းလိမ်လည်မှုသည် ပြည်သူများအပေါ် နစ်နာထိခိုက် စေသည်သာမက နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ်ကိုပါ ထိခိုက်စေနိုင်ပါသည်။ အွန်လိုင်းလိမ်လည်ဂိုဏ်းများ၏ နယ်နိမိတ် အကန့်အသတ်ကိုကျော်လွှားကာ ကျူးလွန်နိုင်စွမ်းကြောင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက် နိုင်သည်ဖြစ်ရာ လျစ်လျူရှုမထားသင့်ဘဲ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော မှုခင်းအမျိုးအစား တစ်ခု ဖြစ်ပါသည်။
အွန်လိုင်းလိမ်လည်မှု ဖြစ်စဉ်များတွင် လိမ်လည်ခံရသူများသည် ငွေပမာဏနည်းပါးသည့် လိမ်လည် မှုများတွင် သတင်းပေးတိုင်တန်းမှု မရှိဘဲ အများအားဖြင့် ငွေပမာဏများပြားစွာ အလိမ်ခံရသည့် အချိန်မှသာ သတင်းပေး တိုင်တန်းတတ်ကြပါသည်။ လိမ်လည်ခံရသူများ၏ အမှုဖွင့်တိုင်တန်းလိုမှု မရှိခြင်းသည် အွန်လိုင်း လိမ်လည်မှုများကို သုတေသနပြုလုပ်ရန်နှင့် တားဆီးနှိမ်နင်းရန်အတွက် အခက်အခဲများ ဖြစ်စေနိုင်ပါသည်။
ယခုအခါ နိုင်ငံတော်အစိုးရက အွန်လိုင်းလိမ်လည်မှုကဲ့သို့သော ငွေကြေးဆိုင်ရာ လိမ်လည်မှုများနှင့် ပြစ်မှုများ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြစ်မှုများ လျော့နည်းပပျောက်စေရေး တားဆီးကာကွယ်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် မတ်လတွင် ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force)ကို ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် အင်တာနက်အွန်လိုင်း ဆက်သွယ်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်နေသမျှ အွန်လိုင်း လိမ်လည်မှုများလည်း တိုးတက်ပြောင်းလဲနေမည် ဖြစ်ပါသည်။ အွန်လိုင်းလိမ်လည်မှုများကို အဖွဲ့အစည်း တစ်ခုတည်းဖြင့် တားဆီးကာကွယ်၍ မရဘဲ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ သက်ဆိုင်ရာကဏ္ဍမှ အဖွဲ့အစည်းများ၏ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အွန်လိုင်း လိမ်လည်မှု မှုခင်းများ၏ နယ်စည်းမခြားကျူးလွန်နိုင်သည့် သဘောသဘာဝကြောင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် လိမ်လည်မှုများ လျော့နည်းကျဆင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ။
ကိုကိုချွန်(FIU မော်လမြိုင်)