စည်းနဲ့ ကမ်းနဲ့ မြန်မာစာ
ကန်တော့၊ ကရော်၊ ကော်ရော်
ကန်တော့ ဟူသော ဝေါဟာရကို လက်အုပ်ချီ၍ အရိုအသေပြုသည်။ ဦးညွှတ်သည် ဟု ခရီးဆောင်မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ဤသည်မှာ ကန်တော့ အဓိပ္ပာယ်ဖြစ်ပါသည်။
ကန်တော့ ၏ အနက်မဟုတ်ပါ။ ကန်တော့၏ အနက်ကို သိရန်လိုအပ်ပါသည်။ ကန်တော့၏အနက်ကို ဦးစွာပထမ ကြံဆခဲ့သူမှာ ဝဏ္ဏဗောဓနသတ်အင်းကို ပြုစုတော်မူခဲ့သည့် ရှင်ဥက္ကံသမာလာဆရာတော်(၁၀၃၀ ခန့်-၁၁၀၀ ခန့်) ဟုဆိုရမည် ထင်ပါသည်။
ဆရာတော်က ကန်တော့ ဟူသော ဝေါဟာရတွင် ကန် ၏အနက် ကန်ကျောက်တွန်းလှန်ဖယ်ခွာ၊ တော့၏အနက် တည်စေ၊ ရပ်စေဟုကြံတော်မူသည်။ ဆရာတော်၏ အလိုအရ ကန်တော့ဟူသည် အကုသိုလ်ကံကို ကန်ကျောက်တွန်းလှန်ဖယ်ခွာ၍ ကုသိုလ်ကံကိုတည်စေ၊ ရပ်စေသည်ဟူသောအနက်ဖြစ်သည်။ ရှင်ဥက္ကံသမာလာ ဆရာတော်၏ အယူအဆကို ဒုတိယကျော်အောင် စံထားဆရာတော်က လေးလေးစားစား ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒုတိယကျော်အောင်စံထားဆရာတော်က ကန်တော့သည်ဟူသည်ကား အရှေ့ဘက် အရှင်ဥက္ကံသမာလာ ဆရာတော် အကျော်သည် ကန်တော့ဟူသည်တွင် ကန်ကို နသတ်ယူတော်မူ၍ လှေကို ထိုးဝါး၊ တက်၊ လက်ဖြင့် ကျောက်ကန်၊ တွန်းလှန်၏သို့ အကုသိုလ်ကံကိုကန်၍ ကုသိုလ်ကံကိုတော့သည် တည်ရပ်စေ သည်ဟူသောအရကို ယူတော်မူသည်ဟု ညွှန်းဆိုခဲ့ပေသည်။
ဒုတိယကျော်အောင် စံထားဆရာတော်ကိုယ်တိုင်ကမူ ရှင်ဥက္ကံသမာလာ ဆရာတော်ယူခဲ့သော ကန်တော့ ဟူသောအရေးကို မကန့်ကွက်သော်လည်း ကတွင် သေးသေးတင်လျက် ကံတော့ဟု ရေးလျှင်လည်း သင့်သည်ပင်ဟု မိန့်ဆိုခဲ့ပါသည်။ ဆရာတော်က ကံတော့သည်ဟူ၍ ကံကို သေးသေးတင်ယူလည်း သင့်ရာ၏။ ကံ၏အရကို ကုသိုလ်ကံယူလျှင် ပူဇော် ကံတော့ခြင်းကြောင့်ဖြစ်သော ထိုကုသိုလ်ကံကို မိမိ၌မြဲစေသည်၊ တော့သည်ဟူ၍ ယူသင့်၏။ အကုသိုလ်ကံကိုယူလျှင် ပဒုဋ္ဌစိတ်ဖြင့် ပြစ်မှားချေ၍ဖြစ်သောအကုသိုလ်ကံသည် ဖြစ်ပြီးစေတနာသာကံမည်၏။ ထိုနောက်ထပ်ပွားခြင်းမရှိ၊ ရပ်တန့်စေသည်။ အလျဉ်းမပြတ်ဖြစ်အံ့သော အကုသိုလ်ကို တော့သည်ဟူ၍ ယူမူသင့်အံ့သို့ရှိ၏ ဟုဆိုခဲ့ပါသည်။
(ဝေါဟာရတ္တပကာသနီ၊ ကျမ်းပြီးနှစ် ၁၁၃၁) ဒုတိယကျော်အောင် စံထားဆရာတော်သည်ကတွင် နသတ်လျက် ကန်တော့ ဟူသောအရေးထက်ကတွင် သေးသေးတင်လျက် ကံတော့ဟူသော အရေးကို ပို၍နှစ်သက်ဟန်ရှိပေသည်။
ဆရာကြီးဦးဖိုးလတ်ကမူ ကန်တော့ဟူသော ဝေါဟာရသည် တရုတ်ဘာသာ Kou Tou (ခေါထော) ဟူသောစကားမှ ဆင်းသက်လာသည်ဟု ထင်မိ၏။
တရုတ်ဘာသာတွင် ခေါ၏အနက် ခေါက်၊ ခိုက်၊ ရိုက်၊ ထော၏အနက်ဦးခေါင်းဖြစ်ရာ ခေါထောပုဒ် တစ်လုံး၏အနက် ဦးခိုက်ဟု တိုက်ရိုက်ပေါ်ထွက်လျက်ရှိသည် ဟုဆိုထားပါသည်။ (မြန်မာစကားအဖွင့်ကျမ်း၊ ပထမတွဲ)မြန်မာဘာသာ ကန်တော့သည် တရုတ်ဘာသာ Kou Tou (ခေါထော၊ ခေါက်ထောက်)မှလာသည်ဟု ဆိုခြင်းဖြစ်သည်။
စင်စစ်အားဖြင့် ကန်တော့သည် မြန်မာစကားစစ်စစ်ဖြစ်သည်။ တရုတ်ဘာသာ Kou Tou နှင့်မည်သို့မျှ မသက်ဆိုင်ပါဟု ဆိုချင်ပါသည်။ တရုတ်ဘာသာ Kou Touဟူသည်ကိုလည်း ခေါထော(ခေါက်ထောက်)ဟု အသံထွက်ဟန်မတူပါ။ တရုတ် စံဘာသာစကားအသံထွက်မှာ ခို့ထို ဖြစ်ပါသည်။
Kou Tou ကို ကော်တော်၊ ကော်တော့ စသည့် အသံထွက်လျှင်မူ ကန်တော့(ကဒေါ့)နှင့် အသံထွက်နီးစပ်သဖြင့် ကန်တော့ သည် Kou Tou မှလာသည်ဟု ထင်မှားဖွယ် ဖြစ်ပါလိမ့်မည်။ Kou Tou ကို ခို့ထို ဟု အသံထွက်ပါမူကား ကန်တော့(ကဒေါ့)နှင့်အသံထွက်ကွာသဖြင့် Kou Tou (ခို့ထို)နှင့် ကန်တော့(ကဒေါ့) ဆက်နွှယ်လိမ့်မည်ဟု ယူဆမိမည်မဟုတ်ပါ။
တရုတ်ဘာသာ Kou Tou သည် Kou ၏ အဓိပ္ပာယ်မှာ မြန်မာဘာသာ ဦးခိုက်နှင့် အဓိပ္ပာယ်ချင်းတိုက်ဆိုင်တူညီနေသည်မှာလည်း အဆန်းမဟုတ်ပါ။တရုတ်တို့ အရိုအသေပေးဟန်နှင့် မြန်မာတို့ အရိုအသေပေးဟန်တူသဖြင့် Kou Tou နှင့်ဦးခိုက်တို့ အဓိပ္ပာယ်ချင်းတိုက်ဆိုင်နေခြင်းသာဖြစ်သည်။ Kou Tou ကိုဦးခိုက်ဟု အဓိပ္ပာယ်ပြန်မွေးစားသည်လည်း မဟုတ်ပါ။
Kou Tou ကို ကန်တော့ဟု အသံဖလှယ်၍မွေးစားရန်မှာ ပို၍ပင်အလှမ်းဝေးပါလိမ့်မည်။
ထို့ကြောင့် ကန်တော့သည် မြန်မာစကားစစ်စစ်ဖြစ်သည်။ ရှင်ဥက္ကံသမာလာဆရာတော်နှစ်သက်သောကတွင် နသတ်လျက်ကန်တော့ဟုရေးသင့်သည်ဟု ဆိုချင်ပါသည်။ ကန်တော့၏အနက်ကို စိတ်ဖြာ၍လည်း လေ့လာနိုင်ပါသည်။
(ဆက်လက်ဖော်ပြပါမည်)