ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
ဤကာလအတွင်း ကမ္ဘာကြီးပူနွေးမှု သက်သာစေရေးအတွက် တွင်း ထွက်လောင်စာ သုံးစွဲမှုလျှော့ချရေး၊ ဆင်းရဲမှုလျှော့ချရေးတို့ အတွက် ကမ္ဘာ့အဆင့် နံပါတ် ၁၄ ကြွယ်ဝသည့် ပြန်လည်ပြည့်ဖြိုးမြဲရေ အရင်းအမြစ်ကို မည်မျှထိရောက်အောင် သုံးစွဲနိုင်ခဲ့ကြပါသနည်းဆိုသည့် အချက်ကိုလည်း သုံးသပ်ရန်လိုသည်။ နိုင်ငံတချို့နှင့် နှိုင်းယှဉ်သုံးသပ်ပြလိုသည်။
၁၉၇၆ ခုနှစ် လိုက်(ဖ်)မဂ္ဂဇင်း၏ ဖော်ပြချက်အရ ၁၉၆၅ မှ ၁၉၇၅ ခုနှစ်အတွင်းဖြစ်ပွားသော ဗီယက်နမ်စစ်ပွဲတွင် ဗီယက်နမ်တစ်ယောက် သေဆုံးစေရန် အမေရိကန်တို့သည် ဗုံး ၇၅ လုံး၊ အမြောက်ကျည်ဆန် ၄၀၀ ထိအသုံးပြုခဲ့သည်။ ၁၉၆၅ ခုနှစ် တစ်နှစ်တည်းတွင်ပင် တောင်ဗီယက် နမ်ပြည်သူတစ်သိန်းခန့် သေဆုံးခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သုံးသိန်းခန့် သေဆုံးခဲ့သည်။ အမေရိကန်၏ ဗီယက်နမ်အပေါ် ကြဲချခဲ့သည့်ဗုံးတန်ချိန်သည် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတိုက် တစ်တိုက်လုံးပေါ်သို့ ကြဲချခဲ့သည့်ဗုံးတန်ချိန်ထက်များသည်ဟု သမိုင်းဆရာများက ဖော်ပြကြသည်။
သို့သော် ၁၉၇၅ ခုနှစ်အခြေအနေမှသည် ၂၀၂၁ ခုနှစ်ဆီသို့ လျှောက် လှမ်းခဲ့ရာ ဗီယက်နမ်သည် အရှေ့တောင်အာရှတွင်ပင် အလယ်အလတ် အဆင့်ကို ရောက်ရှိလာနေပြီဟု သုံးသပ်ကြသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခုဖြစ်သောရေကို အသုံးချနိုင်မှုတွင်လည်း အံ့မခန်းပင်။ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်တစ်ခုဖြစ်သော စပါး ကို နမူနာကြည့်ပါမည်။
ယနေ့ ဗီယက်နမ်သည် ကမ္ဘာ့ဆန်တင်ပို့မှုတွင်ပင် နံပါတ်(၂) အဆင့် ရောက်နေပါပြီ။ အရှေ့တောင်အာရှတွင် နံပါတ်(၁) အဆင့်အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေပါပြီ။ ဇယားတွင်ကြည့်ပါ။
ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ၁၀ နိုင်ငံ(၂၀၂၀-၂၀၂၁ ခုနှစ်)
စဉ် နိုင်ငံ ဆန်တင်ပို့မှု(မက်ထရစ်တန်ချိန်သန်း)
၁။ အိန္ဒိယ ၁၅.၅
၂။ ဗီယက်နမ် ၆.၄
၃။ ထိုင်း ၆.၂
၄။ ပါကစ္စတန် ၄.၀
၅။ အမေရိကန် ၃.၀
၆။ တရုတ် ၂.၃
၇။ မြန်မာ ၂.၁
၈။ ကမ္ဘောဒီးယား ၁.၄၅
၉။ ဘရာဇီး ၀.၉၀
၁၀။ ဥရုဂွေး ၀.၇၈
Source: Statistic data in 2020-2021 published by M.shabandeh, April,22,2021
ဤစာရင်းအရ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်း သုံးနိုင်ငံစလုံး သည် မြန်မာထက် ဆန်ပိုမိုတင်ပို့နိုင်ကြောင်း တွေ့ရသည်။ အရှေ့တောင် အာရှနိုင်ငံများတွင်လည်း ဗီယက်နမ်နှင့် ထိုင်းတို့သည် မြန်မာထက် ဆန်တင်ပို့မှု သုံးဆခန့်များနေသည်။ ကမ္ဘာ့နံပါတ်(၆) ဆန်တင်ပို့နေ သော တရုတ်သည် နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် မြန်မာ့ဆန်ကို အထိုက်အလျောက် ဝယ်ယူတင်သွင်းသုံးစွဲနေသည်။
ဤနိုင်ငံများထဲတွင် ဗီယက်နမ်နိုင်ငံ အကျယ်အဝန်းသည် ၃၃၁၆၉၉ စတုရန်းကီလိုမီတာရှိပြီး မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာရှိသည်။ မိမိတို့ထက် ထက်ဝက်ခန့် ဧရိယာသာရှိ သည်။ ရာသီဥတုမှာ မကွာပါ။ သို့သော် ဆန်တင်ပို့မှုတွင် မိမိတို့ထက် သုံးဆခန့်များနေသည်။ ဤသည်မှာ အကြောင်းသုံးချက်ကြောင့် ဖြစ်နိုင် သည်။ စိုက်ပျိုးမြေအားလုံးကို အကျိုးရှိအောင် သုံးစွဲခြင်း၊ ရေလုံလောက် စွာ ပေးဝေနိုင်ခြင်း၊ နည်းပညာကောင်းခြင်းတို့ဖြစ်နိုင်သည်။
ဤသုံးမျိုးတွင် နည်းပညာကိစ္စအတွက် မိမိတို့နိုင်ငံတွင်လည်း ဝန်ကြီး ဌာနတစ်ခုအဆင့်ပင် ဖွဲ့စည်း၍ လက်အောက်ဌာနပေါင်းများစွာမှ ဆောင်ရွက်နေကြသည်။
ရေကိစ္စတွင် စပါးသည် ရာသီဥတုအလိုက် တစ်သီးလျှင် ရေ ၄ ပေမှ ၅ ပေထုခန့်ထိ လိုအပ်သည်။ ဤရေကိုမရနိုင်လျှင်၊ မပံ့ပိုးနိုင်လျှင် သီးနှံ ပုံစံ (Crop Pattern) ပြောင်း၍ စိုက်ပျိုးရန် စဉ်းစားသင့်သည်။ သို့မဟုတ်ပါက ရေချိုလုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးရန်သာဖြစ်သည်။
ဗီယက်နမ်၏ ခြေလှမ်းသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော စက်မှုနိုင်ငံသို့ တက်လှမ်းနေသည်။ လယ်ယာအတွက်လိုအပ်သော ရေနှင့် စက်မှုဖွံ့ဖြိုးမှုအတွက် လိုအပ်သောလျှပ်စစ် ရရှိရေးတို့အတွက် မိမိလက်ဝယ်တွင် ပိုင်ဆိုင်ထားသည့် ရေအရင်းအမြစ်များကို တစ်ပြိုင်နက် အသုံးချနေသည်။
ဗီယက်နမ်နှင့် မိမိတို့နိုင်ငံ၏ နှစ်စဉ် လူတစ်ဦးချင်းစီ ရရှိနေသော ပြန်လည်ပြည့်ဖြိုးမြဲ မြေပေါ်စီးဆင်းရေမှာ များစွာကွာခြားသည်။
မြန်မာတစ်ဦးတစ်နှစ်ရရှိမှုမှာ ၂၀၆၉၄ ကုဗမီတာဗီယက်နမ်တစ်ဦး တစ်နှစ်ရရှိမှုမှာ ၉၈၅၆ ကုဗမီတာ အသီးသီးရှိနေကြရာ မြန်မာ့ရေအရင်းအမြစ် အခွင့်အရေးသည် လူ တစ်ဦးချင်းအပေါ်တွင် နှစ်ဆခန့် ပိုမိုရရှိနေကြောင်း ပေါ်လွင်နေသည်။ အမေရိကန်တစ်ဦးချင်းစီသည် နှစ်စဉ် ၅၀၀၀ ကုဗမီတာနှင့် တရုတ်တစ်ဦး ချင်းစီသည် နှစ်စဉ် ၂၂၀၀ ကုဗမီတာအသီးသီး ရရှိနေကြသည်။ ကမ္ဘာ့ လိုအပ်ချက်စံမှာ လူတစ်ဦး တစ်နှစ်အတွက် ၁၇၀၀ ကုဗမီတာသာဖြစ် သည်။
ရေအသုံးချမှုထဲတွင် လျှပ်စစ်ထုတ်လုပ်မှုသည်လည်း အဓိကအခန်းမှ ပါဝင်နေ၍ လေ့လာကြည့်ရာ မိမိတို့ပိုင် ရေအရင်းအမြစ်ကို သုံးစွဲ၍ ရေအားလျှပ်စစ်ထုတ်ယူ သုံးစွဲရာတွင် ကမ္ဘာ့ထိပ်သီးနိုင်ငံများက ထိပ်ဆုံးမှ နေရာယူထားကြသည်။ နိုင်ငံအလိုက် လူတစ်ဦးချင်းစီအတွက် ရေအားလျှပ်စစ်မှရရှိသော ဓာတ်အားအသုံးကို အောက်ပါအတိုင်း တွေ့ရသည်။
နိုင်ငံအလိုက် လူတစ်ဦးချင်းစီအတွက် ရေအားဖြင့် လျှပ်စစ်ရယူသုံးစွဲမှု
စဉ် နိုင်ငံ လူတစ်ဦးစီနှစ်စဉ်သုံးစွဲမှု(ကီလိုဝပ်နာရီ)
၁။ အမေရိကန် ၁၀၉၇ (၂၀၁၆ ခုနှစ်)
၂။ တရုတ် ၁၁၆၄ (၂၀၁၆ ခုနှစ်)
၃။ အိန္ဒိယ ၃၃၆ (၂၀၁၆ ခုနှစ်)
၄။ မြန်မာ ၁၇၀ (၂၀၁၈ ခုနှစ်)
အလားတူပင် ၂၀၁၆ ခုနှစ် ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ရေအားလျှပ်စစ်တပ်ဆင်အင်အား နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်း ကွာခြားကြောင်း တွေ့ရမည်။
- မြန်မာ ၃၂၂၁ မဂ္ဂါဝပ်
- ဗီယက်နမ် ၁၅၈၅၇ မဂ္ဂါဝပ်
ဤပမာဏများကိုလေ့လာခြင်းဖြင့် ဗီယက်နမ်သည် ရေအရင်းအမြစ် ကို ဦးစားပေးသုံးပြီး ဓာတ်အားထုတ်လုပ်နေပြီဆိုသောအချက်ကို တွေ့ရမည်။ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းအရင်းအမြစ်ပေါင်းစုံ တပ်ဆင်အင်အား သည် ၂၀၁၅ ခုနှစ်တွင်ပင် ၃၈၅၅၃ မဂ္ဂါဝပ် ရှိနေခဲ့ပြီးဖြစ်သည်။
ဗီယက်နမ်ရေအားအရင်းအမြစ်သည် အကန့်အသတ်ရှိနေသည့် အတွက် ရေကိုလည်း သုံးသည်၊ တခြားအရင်းအမြစ်များကိုလည်း သုံးသည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နေသည်။
မိမိတင်ပြခဲ့မှုများကို နိဂုံးချုပ်ရပါလျှင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေချို ပြဿနာရှိနေကြချိန် မြန်မာနိုင်ငံသည် ရေချိုပေါကြွယ်ဝနေသောနိုင်ငံ ဖြစ်သည်။ နိုင်ငံကြီးတချို့တွင် နည်းမျိုးစုံအသုံးပြု၍ ၎င်းင်းတို့၏ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးနေသောရေကို ထိရောက်စွာ အသုံးပြုနေကြသည်။
တချို့နိုင်ငံများတွင် မြို့ကြီးများသောက်သုံးရေရရှိရေးအတွက် မိုင်ပေါင်းရာချီ၊ ထောင်ချီရှည်လျားသော ရေသွယ်စနစ်များပင် အသုံးပြု၍ တစ်နေရာမှတစ်နေရာ ရွှေ့ပြောင်းသွယ်ယူ အသုံးပြုနေကြသည်။
တချို့သောနိုင်ငံများတွင် ကိုယ်ပိုင်ရေချို အလုံအလောက်မရှိ၍ တခြား နိုင်ငံမှ ရေချိုတချို့ကို ဝယ်ယူသုံးစွဲနေကြခြင်း၊ ပင်လယ်ရေကိုပြုပြင်၍ ရေချိုဖြစ်စေရန် ပြုလုပ်ရခြင်း၊ စွန့်ပစ်ရေကို ပြန်လည်ပြုပြင်၍ ရေချိုအဖြစ် သုံးစွဲနေရခြင်း စသည့်ဒုက္ခမျိုးစုံကြားမှ ဖွံ့ဖြိုးမှုအရှိန်မြင့်မားနေ ကြသည်။
မြန်မာနိုင်ငံသည် အာရှတိုက်တစ်တိုက်လုံး ရေချိုပိုင်ဆိုင်မှု၏ ၁၂ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ၁၆ ရာခိုင်နှုန်း အသီးသီးကို ပိုင်ဆိုင်ထားသည်။ မိမိတို့နိုင်ငံသည် စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထက်ပို၍ တန်ဖိုးရှိသော နှစ်စဉ်ပြန်လည်ပြည့်ဖြိုးနေသော အဖိုးတန်ရေကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ဆည်တာတမံများမှ ရေသာမက စိမ့်ရေ၊ စမ်းရေ၊ မိုးရေ၊ မြေအောက်ရေပါမကျန် ထိရောက်စွာ အသုံးပြုကြရန်သာ လိုသည်။
ဆက်လက်ဖော်ပြပါမည်။