COVID-19  ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၁

   

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသ ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၉ ပါး၊ လှည်းကူး မြို့နယ်၊ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အရပ်သား ၁၆၂ ဦး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သံဃာတော် ၃၈ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၂၆၆ ဦးတို့ကို အသီးသီးဆက်လက်လက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

   

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ အတည်ပြုလူနာ အရပ်သား ၂၂ ဦး၊ သီးသန့်စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ သတ်မှတ်ရက်ပြည့် မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၂၂ ဦးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ ၁၅ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့်မော်တော်ယာဉ်များဖြင့် လိုက်လံ ပို့ဆောင်ပေးကြသည်။

   

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၇၄၆ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၆၃ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ သီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။