အင်္ဂလန်အသင်းကို အနိုင်ယူပြီး စပိန်အသင်း လေးကြိမ်မြောက် ယူရိုဖလားဆွတ်ခူး

 

အင်္ဂလန်အသင်းကို အနိုင်ယူပြီး စပိန်အသင်း လေးကြိမ်မြောက် ယူရိုဖလားဆွတ်ခူး

 

    ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့ ကစားခဲ့ရာ စပိန်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းလုံး ခြေစွမ်းပိုင်းကွာမှုမရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှုများ ရှိခဲ့သော်လည်း စပိန်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ စပိန်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၇ မိနစ်တွင် နီကိုဝီလီယံနှင့်ပွဲချိန် ၈၆ မိနစ်တွင်အိုယာဇာဘယ်တို့က သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၃ မိနစ်တွင်  ကိုးလ်ပယ်မာက   သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်လုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည့် အင်္ဂလန်အသင်းသည် ပြီးခဲ့သည့် ယူရို  ၂၀၂၀  ပြိုင်ပွဲတွင်လည်း အီတလီအသင်းကို ရှုံးနိမ့်ကာ ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရပြီး  လက်ရှိပြိုင်ပွဲတွင်စပိန်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်  ဗိုလ်လုပွဲနှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်း မရှိသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စပိန်အသင်း ယူရိုပြိုင်ပွဲတွင် ပြီးခဲ့သည့် ၁၉၆၄ ခုနှစ်ပြိုင်ပွဲ၊ ၂၀၀၈ ခုနှစ်ပြိုင်ပွဲ၊  ၂၀၁၂ ခုနှစ်ပြိုင်ပွဲနှင့်  ယခုနှစ်  ၂၀၂၄   ပြိုင်ပွဲတို့တွင်  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး  စုစုပေါင်းလေးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

လက်ရှိယူရိုပြိုင်ပွဲတွင် သွင်းဂိုးအများဆုံး ကစားသမားဆုကို စပိန်အသင်းမှ အိုလ်မို၊ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်း၊ နယ်သာလန်အသင်းမှ ဂတ်ပို၊ ဂျာမနီအသင်းမှ မူစီယာလာ၊ ဂျော်ဂျီယာအသင်းမှ တာဇက်၊ ဆလိုဗက်ကီးယားအသင်းမှ ရှရန်းဇ်တို့က သုံးဂိုးစီဖြင့် ပူးတွဲဆွတ်ခူးခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို စပိန်အသင်းမှ  ရိုဒရီက ဆွတ်ခူးနိုင်ခဲ့ကြောင်း  သိရသည်။

Dates: 
Tuesday, July 16, 2024 - 13:39