ပုံမှန်အိပ်ချိန် မရှိခြင်းက ဆီးချိုရောဂါသည်များတွင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေ

 

ပုံမှန်အိပ်ချိန် မရှိခြင်းက ဆီးချိုရောဂါသည်များတွင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေ

 

      သာမန်လူတစ်ယောက် ကျန်းမာစွာရှင်သန် နေထိုင်နိုင်ရေးအတွက် အိပ်စက်မှုကလည်း အင်မတန်အရေးကြီးတဲ့ နေရာမှ ပါဝင်နေတာကို တွေ့ရပါတယ်။

ဒိန်းမတ်နိုင်ငံမှ  သုတေသနပညာရှင်များက ဒီကိစ္စနဲ့ပတ်သက်ပြီး သုတေသန ပြုထားတာရှိပါတယ်။ သူတို့ရဲ့ သုတေသန တွေ့ရှိချက်ကို ဒီနှစ်စပိန်နိုင်ငံမှာ ကျင်းပမယ့် ဆီးချိုရောဂါလေ့လာမှုဆိုင်ရာ   ဥရောပအဖွဲ့အစည်း နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြသွားမှာပါ။

သူတို့ရဲ့တွေ့ရှိချက်က  ဘာလဲဆိုတော့ ပျမ်းမျှအားဖြင့် အိပ်စက်ချိန်  ၇ နာရီမှ ၉ နာရီကြားထက် နည်းလွန်းသော သို့မဟုတ် များလွန်းသော အမျိုးအစား ၂ ဆီးချို ရောဂါသည်တွေမှာ  နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေမြင့်တက်စေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

အရင်တုန်းကလည်း   အိပ်စက်ချိန် အမျိုးမျိုးကွဲပြားမှုက ဆီးချိုရောဂါဖြစ်မှုနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ပိုမိုဆိုးဝါးစေတယ်ဆိုတဲ့  သုတေသနတွေ ထွက်ရှိခဲ့ဖူးပါတယ်။

အခုသုတေသနကတော့ ဆီးချိုရောဂါဖြစ်မှုနဲ့ အိပ်စက်ချိန် မမှန်မှုကြားမှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေတဲ့   အခြေအနေရှိ၊ မရှိဆိုတာကို  အဓိကဦးစားပေးလေ့လာတာပါ။

သုတေသနပညာရှင်များဟာ သူတို့ရဲ့ သုတေသနအတွက် ပါဝင်သူတွေကို ၁၀ ရက်ကြာ စမ်းသပ်မှုတွေလုပ်ဆောင်ပြီး သူတို့ရဲ့ ညဘက်အိပ်စက်ချိန်ကို  အမျိုးအစားသုံးမျိုး ခွဲလိုက်ပါတယ်။ အိပ်ချိန် ၇ နာရီအောက်ရှိတဲ့အဖွဲ့၊ အိပ်ချိန် ၇ နာရီမှ ၉ နာရီကြား ရှိတဲ့အဖွဲ့၊ အိပ်ချိန် ၉ နာရီအထက်ရှိတဲ့အဖွဲ့ ဆိုပြီးတော့ပါ။

ဒီလိုသုတေသနလုပ်တဲ့ နေရာမှာ အသက်အရွယ်၊ ကျား/မ၊ ကိုယ်ခန္ဓာအလေးချိန်၊ သွေးပေါင်ချိန်၊ ဆေးလိပ်သောက်သည့်အကျင့်၊ သွေးတွင်းသကြားဓာတ် ပမာဏ၊ ဆီးချိုရောဂါဖြစ်တဲ့ကာလ အစရှိတဲ့အချက်အလက်တွေကိုပါ ထည့်သွင်း တွက်ချက်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့   သုတေသနရလဒ်ကတော့ အမျိုးအစား ၂ ဆီးချိုရောဂါရှိပြီး အိပ်ချိန်နည်းတဲ့ အဖွဲ့တွေမှာ  နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ  ၃၈ ရာခိုင်နှုန်း၊ ပုံမှန်အိပ်ချိန်ရှိတဲ့အဖွဲ့က ၁၈ ရာခိုင်နှုန်းနဲ့ ပုံမှန်ထက်ပိုအိပ်တဲ့ အဖွဲ့က ၃၁ ရာခိုင်နှုန်းစီအသီးသီးရှိနေတာကို  တွေ့လိုက်ရခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် ပုံမှန်အိပ်ချိန်ရှိသူတွေထက် အိပ်ချိန်နည်းသူတွေမှာ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေ ၂ ဒသမ ၆ ဆ မြင့်မားသကဲ့သို့ အအိပ်လွန်သူတွေကလည်း ထိုရောဂါဖြစ်နိုင်ခြေ ၂ ဒသမ ၃ ဆမြင့်မားနေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ   အသက်အရွယ်အပိုင်းအခြားအရ ပြောမယ်ဆိုရင်  အသက်  ၆၂ နှစ်အထက်ရှိပြီး  အိပ်ချိန်နည်းသူတွေက အသက် ၆၂ နှစ်အောက် အိပ်ချိန်နည်းသူတွေထက် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေ ၅ ဒသမ ၇ ဆအထိမြင့်တက်တာကိုလည်း သုတေသနပညာရှင်တွေက တွေ့ရှိထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ  အမျိုးအစား ၂ ဆီးချိုရောဂါရှိပြီး ပုံမှန်အိပ်ချိန် မရှိသူတွေက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေ မြင့်မားနေတာကတော့ အမှန်ပါပဲ။

ဒါထက်ပိုဆိုးတာက ဆီးချိုရောဂါရှိတဲ့ အသက်ကြီးသူတွေမှာ အိပ်ချိန်နည်းခြင်းက နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မားနေခြင်းပဲ ဖြစ်တာကြောင့် တစ်ရက်ကို အနည်းဆုံးအိပ်ချိန် ၇ နာရီမှ ၉ နာရီကြားရှိအောင် ကြိုးစားအိပ်ကြဖို့ လိုအပ် မှာဖြစ်ပါတယ်။