ဆေးလိပ်အစား Vape သောက်ကြတာ ပိုလို့တောင် အန္တရာယ်မကင်းပါ
Vape လို့ခေါ်တဲ့ အီး-စီးကရက်တွေကို သောက်ခြင်းက ဆေးလိပ်သောက်တာထက် ပိုပြီးတော့ ဘေးကင်းစိတ်ချရမှု ရှိတယ်ဆိုပြီး ပြောဆိုနေကြတာတွေ ရှိပါတယ်။
အထူးသဖြင့် လူငယ်များကြားမှာ Vape သောက်ခြင်းက ရေပန်းစားလာသလို လူကြားသူကြားထဲမှာဆိုရင်လည်း စတိုင်တစ်ခုလိုမျိုး ဖြစ်လာနေတယ်ဆိုပြီး လက်ခံလာကြတာပါ။
ဒါပေမဲ့ ဆေးလိပ်အစား Vape သောက်နေကြတာက များပြားလှစွာသော ဘေးအန္တရာယ်များနဲ့ ကျန်းမာရေးဆိုးကျိုးများစွာ ဖြစ်ပေါ်စေတယ်ဆိုတာကို ပညာရှင်များက အရင်တုန်းကလည်း သတိပေးခဲ့ကြသလို အခုလည်းသူတို့ရဲ့ ထပ်မံတွေ့ရှိချက်တွေကို ထုတ်ပြန်လာပါတယ်။
Vape သောက်ဖို့အတွက် သီးသန့်ဖန်တီးထားတဲ့ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ အဲဒီအရည်မှာပါဝင်တဲ့ အရာတွေက အလွန်သေးငယ်ပေမယ့်လည်း ကျန်းမာရေးအတွက်တော့ ကြီးကြီးမားမား ဆိုးကျိုးဖြစ်ပေါ်စေတာပါ။
ဆေးလိပ်သောက်တဲ့အခါမှာ ဓာတုဗေဒနည်းအရ လောင်ကျွမ်းဓာတ်ပြုမှုဆိုတာ ရှိပါတယ်။ အဲဒီဓာတ်ပြုမှုက အန္တရာယ်ရှိတဲ့ ဘေးထွက်ပစ္စည်းများကို ထွက်ပေါ်စေပါတယ်။ Vape သောက်တဲ့နေရာမှာတော့ အဲဒါမျိုးမရှိပါဘူး။
Vape သောက်တယ်ဆိုတာ သူတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အရည်တစ်မျိုးကို အပူပေးလိုက်ခြင်းဖြစ်ပြီး ထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေကို ရှူရှိုက်ရတာပါ။ ဒါကြောင့်လည်း Vape သောက်ခြင်းက ပိုပြီးအန္တရာယ်ကင်းတယ်လို့ အများက ယူဆကြတာဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ Vape အရည်ကိုပူစေတဲ့ သတ္တုအစိတ်အပိုင်းတွေက အန္တရာယ်များတဲ့ ဓာတ်ပစ္စည်းတွေကို ထွက်ပေါ်စေပါတယ်။ အဲဒီထဲမှာ နီကယ်၊ ခရိုမီယံနဲ့ ခဲဓာတ်တို့လည်း အပါအဝင်ပါ။
ထွက်ပေါ်လာတဲ့ ဒီသတ္တုအမှုန်များက အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့် Vape သောက်သူရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားပြီး အထဲမှာ အနည်ထိုင်သွားပါတယ်။
ကနေဒါကျန်းမာရေး ဌာနတစ်ခုမှ သုတေသနပညာရှင်များက Vape အရည်ထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေကိုလည်း ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ခဲ့ပါသေးတယ်။ သူတို့စမ်းသပ်တဲ့အထဲမှာ တရားဝင်ခွင့်ပြုချက်ရ Vape အရည်များလည်း ပါသလို တရားမဝင် ရောင်းချနေတဲ့ Vape အရည်များလည်းပါဝင်ပါတယ်။
သူတို့ရဲ့စမ်းသပ်ချက်ကိုကြည့်မယ်ဆိုရင် တရားဝင်ခွင့်ပြုချက်ရ Vape အရည်များမှာ အာဆင်းနစ်၊ မာကျူရီနဲ့ ကတ်မီယံဓာတ် တို့က လက်ခံနိုင်တဲ့ အတိုင်းအတာရှိပေမယ့် တခြားဓာတ်ပစ္စည်းတွေကတော့ ပါဝင်မှုပမာဏ တော်တော်လေးမြင့်မားတာကို တွေ့ရပါတယ်။
အဲဒါတွေထက်ပိုဆိုးတာက တရားမဝင်ရောင်းချနေတဲ့ Vape ဆေးရည်များပါ။ အဲဒီဆေးရည်တွေထဲမှာ တခြားဓာတ်ပစ္စည်းတွေထက် ခဲဓာတ်ပါဝင်မှုနှုန်းက တရားဝင် Vape ဆေးရည်များမှာပါဝင်မှုထက် အဆ ၁၀၀ ကျော်မြင့်မားနေတာကို တွေ့ရပါတယ်။ အလားတူ တခြားဓာတ်ပစ္စည်းပါဝင်မှု ပမာဏကလည်း တော်တော်လေးကို မြင့်မားနေတာပါ။
Vape ဆေးရည်တွေထဲမှာ အခုလိုမျိုး ဓာတ်သတ္တုပစ္စည်းတွေ ပါဝင်ခြင်းက ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ပစ္စည်းများကြောင့်ဖြစ် နိုင်တယ်လို့ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ Vape သောက်တဲ့ကိရိယာက သန့်ရှင်းမှု မရှိနိုင်တဲ့အခါမှာ အဲဒီပစ္စည်းတွေရဲ့အပူနဲ့ ဓာတ်ပြုမှုက Vape သောက်သူအတွက်အန္တရာယ်ဖြစ်မှုကို ပိုမိုမြင့်တက်လာစေနိုင်တာဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီဓာတ်သတ္တုပစ္စည်းများရဲ့ အရွယ်အစားဟာ နာနိုအရွယ်အစားတွေ ဖြစ်နေတဲ့အတွက် Vape သောက်သူတွေရဲ့ အဆုတ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်စွမ်းရှိပါတယ်။
အခုလိုမျိုးသုတေသနလုပ်ခြင်းဟာ Vape သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းမှာ ဘယ်အရာကပိုပြီး အန္တရာယ်များတယ်၊ မများဘူးဆိုတာထက် Vape သောက်ခြင်းကြောင့် ရလာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများကိုသာ ဖော်ထုတ်ခြင်းဖြစ်တယ်လို့ သုတေသနပညာရှင်များက သူတို့ရဲ့စာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။