ရေနံနှင့်သဘာဝဓာတ်ငွေ့အကျိုးစွမ်းအား

 

ရေနံနှင့်သဘာဝဓာတ်ငွေ့အကျိုးစွမ်းအား

 

      နိုင်ငံတစ်နိုင်ငံတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးသည် အလွန်အရေးကြီးသော မဏ္ဍိုင်တစ်ခုဖြစ်ပေသည်။ ယနေ့ခေတ် ကမ္ဘာနှင့်  ရင်ပေါင်တန်းနေပြီဖြစ်သော မြန်မာနိုင်ငံသည်   ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး အကောင်အထည် ဖော်ဆောင်လျက်ရှိပေသည်။

      ပြည်သူလူထု၏ အသိအမြင်နှင့် အတတ်ပညာ တိုးတက်လာသည်နှင့်အမျှ စီးပွားရေးကဏ္ဍမှာလည်း   အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်ပေသည်။

      တောတောင်ရေမြေသဘာဝ လွန်စွာကောင်းမွန်သော မြန်မာနိုင်ငံသည် စပါးဆန်ရေ၊ ကောက်ပဲသီးနှံ၊ သစ်တောထွက် အဖိုးတန်ရတနာများ လွန်စွာပေါများလျက် ထွက်ရှိလာသည်နှင့်အမျှ သယံဇာတအဖြစ် ကျောက်သံပတ္တမြားထွက်ရှိရာ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပေသည်။

     နိုင်ငံအတွက်  အဖိုးမဖြတ်နိုင်သော  ရတနာများစွာမှ  မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့မှာလည်း ဘိုးဘေးဘီဘင်အစဉ်အဆက်မှ  ထွက်ရှိလာခဲ့သော သမိုင်းအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းလာ ခဲ့၍     ပြည်တွင်းလုံလောက်မှုသာမက ပြည်ပသို့ပင် ပို့ဆောင်ပေးနိုင်ခဲ့၍ ပြည်ပဝင်ငွေရရှိနေသော ရေနံနှင့်သဘာဝ ဓာတ်ငွေ့များပင်ဖြစ်သည်။

ပထဝီအနေအထားအရ      ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ပညာရှင်များက ရှာဖွေကြရာဝယ်     အလားအလာရှိသော မြေအောက်ရေနံစုအိုင်၊ စီးကြောင်းခိုအောင်း

လွှာများကိုရှာဖွေကြရာတွင် ဟိုက်ဒရိုကာဗွန်သတ္တုသိုက်များ ပါဝင်သော  ဘူမိရူပနှင့် ဓာတုနည်းပညာများ ပေါင်းစပ်၍ စစ်တမ်းများအရ စူးစမ်းလေ့လာရေး လုပ်ငန်းစဉ်ဖြင့် မြေပေါ်တွင် ဘူမိဗေဒဖြစ်စဉ်များ ခွဲခြမ်းစိတ်ဖြာခြင်း၊ ကျောက်လွှာစဉ်မြေလွှာဖွဲ့စည်းပုံများကို လေ့လာခြင်းနှင့်  အနည်ကျကျောက်များ၏  အနည်အနှစ်  သမိုင်းကြောင်းကို  စစ်ဆေးခြင်းများ လုပ်ဆောင်ရသည်။ မြေအောက်ကျောက်သား ဖွဲ့စည်းပုံများနှင့် ဖြစ်နိုင်ခြေရှိသော  ဟိုက်ဒရိုကာဗွန်သိုက် ဖြစ်တည်နိုင်မှုများ အကြောင်း အချက်အလက် စုဆောင်းရန်အတွက် မြေအောက်ရုပ်ပိုင်းဆိုင်ရာ စစ်တမ်းများကို ပုံရိပ်ဖော်ခြင်း၊ ဆွဲငင်အားစစ်တမ်းများနှင့် သံလိုက်စစ်တမ်းများ ကဲ့သို့သော နည်းစနစ်များကို အသုံးပြု၍ လုပ်ဆောင်ကြရသည်။

မြေအောက်တုန်လှုပ်ခြင်း စစ်တမ်းများသည် စူးစမ်းရှာဖွေခြင်း၏ အရေးကြီးသော အချက်အလက်ဖြစ်သည်။ တုန်ခါမှုလှိုင်းများကို ဖန်တီးပေးသော အာရုံခံကိရိယာများ(Geophones)များကို အသုံးပြု၍ ရောင်ပြန်တတ်သော လှိုင်းများကို မှတ်တမ်းတင်ကြရသည်။

စုဆောင်းထားသော အချက်အလက်များသည် မြေအောက်ကျောက်လွှာ အသားများ   တည်ဆောက်ပုံ သဏ္ဌာန်များနှင့် ဖြစ်နိုင်ခြေရှိသော ရေနံစုအိုင်/စီးကြောင်းများကို သိရှိစေသည်။

ဘူမိသိပ္ပံပညာရှင်များသည် မြေအောက်မျက်နှာပြင်၏ ရုပ်ပုံများနှင့် သက်တမ်းအချက်အလက်များကို   သုံးသပ်ဖော်ဆောင်ရန် အတွက် (Seismic)ဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

အလားအလာရှိသော ဧရိယာတစ်ခုကို ဖော်ထုတ်ပြီးသည်နှင့် တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။

လွန်တွင်းတူးနမူနာများနှင့် ရေနံတွင်းမှတ်တမ်းများကို တူးဖော်နေစဉ်အတွင်း ကျောက်သားဖွဲ့စည်းပုံများကို အကဲဖြတ်ကာ စိမ့်ဝင်နိုင်မှုနှင့် ဟိုက်ဒရိုကာဗွန်ပါဝင်မှု ဂုဏ်သတ္တိများကို  တိုင်းတာရရှိသည့် မှတ်တမ်းများဖြင့် လေ့လာဆန်းစစ်ကြသည်။

အလားအလာကောင်းသော ရေနံစုဖွဲ့ အိုင်ရလဒ်များရှိပါက ရေနံစုအိုင်စီးကြောင်း၏ အတိုင်းအတာနှင့် အရည်အသွေးကို အသေးစိတ်အကဲဖြတ်သည့် တူးဖော်မှုများ ပြုလုပ်ရသည်။

ရေနံစုဖွဲ့ အိုင်၊ စီးကြောင်းအကဲဖြတ်ခြင်း၊ တူးဖော်ပြီး  ရှာဖွေတွေ့ရှိသော   ရေနံလက္ခဏာများနှင့် အလားအလာရှိပြီး ပေါများစွာ ထုတ်လုပ်နိုင်သည့် စွမ်းအားကို ဆုံးဖြတ်ပြီးသောအခါ   ရေနံစုဖွဲ့အိုင်၏ ဖိအား၊ အပူချိန်နှင့် အရည်ဖွဲ့စည်းမှု ကဲ့သို့သော ကန့်သတ်ချက်များကို တိုင်းတာပြီး ရေနံစုဖွဲ့အိုင်၏ အရွယ်အစား၊ ထုတ်ယူရရှိနိုင်မည့် အခြေအနေနှင့် စီးပွားဖြစ်နိုင်ခြေတို့ကို ခန့်မှန်းတွက်ချက်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်၊ စျေးကွက်ဝယ်လိုအား၊ ရေနံနှင့် စီမံကိန်း၏ ဘဏ္ဍာရေးဆိုင်ရာ အလားအလာကို  ကြိုတင်စီမံ ရေးဆွဲကြရသည်။

ထုတ်လုပ်တူးဖော်ရန် အဆင်ပြေပါက အခြေခံအဆောက်အဦများ၊ ပိုက်လိုင်းများ၊ နယ်မြေရှင်းလင်းခြင်းများ၊ သယ်ယူပို့ဆောင်ခြင်း၊ ရေနံတူးဖော်ရန် ဧရိယာမြေညှိခြင်း၊ လမ်းဖောက်ခြင်းတို့ကို  စတင်ဆောင်ရွက်ရပေတော့မည်။

မြန်မာနိုင်ငံတွင် ရေနံစိမ်းစီးပွားဖြစ် ထုတ်လုပ်ခြင်းကို  ၁၉ ရာစုခန့်ကပင် စတင်လုပ်ကိုင်ခဲ့ကြသည်။

ခေတ်အဆက်ဆက် ပေါ်ထွက်လာသော နည်းပညာအသစ်များ အဆင့်ဆင့်ပြောင်းလဲ တိုးတက် ဆန်းသစ်သော စက်ကိရိယာများ ပိုမိုပြည့်စုံလာသည်နှင့် အမျှ အရှိန်အဟုန် မပျက် ဆက်လက်လုပ်ကိုင်လျက်ရှိရာ အတည်ပြုပြီးသော (Seismic)တွင် မြေထိုးညှိခြင်း၊ မြေထိုးညှိရာတွင် ပေ ၅၀၀ ပတ်လည်ခန့် ညီညာပြန့်ပြူးသော ဧရိယာကို ဆောင်ရွက်ကြရသည်။

အတည်ပြုနေရာကို ဗဟိုပြု၍ စက်ရုံတည်ဆောက်ခြင်း၊ ကြံ့ခိုင်မှုရှိသော အင်ဂျင်စက်များ ရွှံ့သံကန်၊ ရေသံကန်ပိုက်လိုင်းများ သွယ်တန်းခြင်းကို  ဆောင်ရွက်ပြီးပါက  စက်ရုံထောင်ခြင်းအလုပ်ကို    စတင်ဆောင်ရွက်ကြရသည်။

ထွက်ရှိလာသော   ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို သိုလှောင်ခြင်း၊ ပိုက်လိုင်းဖြင့် ဖြန့်ဖြူးခြင်းများကို ဆက်လက်ဆောင်ရွက်ကြရသည်။

မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့ လုပ်ငန်းသည်  ပတ်ဝန်းကျင်နှင့်  လူမှုစီးပွားရေး ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အတွက် သတ်မှတ်ထားသော လုပ်ငန်းစဉ်များကို တိကျစွာလိုက်နာလျက်ရှိပြီး တိုင်းပြည်အကျိုး တိုးတက်ဖွံ့ဖြိုးစေရန် တာဝန်ကိုယ်စီ ခွဲဝေယူပြီး ဆောင်ရွက်ကြရသည်။

ယနေ့ခေတ်ကာလတွင် ပြည်ပရေနံကုမ္ပဏီများနှင့်  အကျိုးတူပူးပေါင်း၍ လည်းကောင်း၊ ကုန်းတွင်းပိုင်းသာမက ပင်လယ်ရေအောက်များတွင် လည်းကောင်း ရှာဖွေလျက်ရှိကြ၍ နိုင်ငံအတွက် ပြည်ပဝင်ငွေများရရှိကာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ ဝင်ငွေရှာဖွေပေးလျက်ရှိသည်။

ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းတွင်  မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်းမှ   ကြီးကြပ်၍ ရေနံတူးဖော်ခြင်းလုပ်ငန်းများကို  ၁၉၇၂ ခုနှစ်မှ ယနေ့အချိန်အထိ ဆောင်ရွက်ခဲ့ရာတွင် တွင်းပေါင်းများစွာ တူးဖော်ခဲ့ပြီးဖြစ်သည်။

ယနေ့အချိန်အထိ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်များ  ပေါ်ပေါက်ခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတော်မှ ပြဋ္ဌာန်းခဲ့သော  ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်းသည်   ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ ရေမြေသဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုလျော့နည်းနိုင်သမျှ အနည်းဆုံးဖြစ်စေရန် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ထွက်ရှိလာသော ရေနံစိမ်းများမှ ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ လေယာဉ်ဆီ၊ ဖယောင်းတိုင်အပါအဝင် ရေနံထွက်ကုန်ပစ္စည်းများကို တွင်ကျယ်စွာ  အသုံးပြုလာကြ၍ ကမ္ဘာ့ရေနံစျေးကွက်တွင် အရေးပါလာခဲ့သည်။

ပြည်တွင်းအတွက် သဘာဝဓာတ်ငွေ့ ၇၀ ရာခိုင်နှုန်းခန့်ကိုလည်း  လျှပ်စစ်မီး သုံးစွဲမှုအတွက် အသုံးပြုလျက်ရှိသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည်  မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးအထိ အစဉ်မပျက် ဆက်လက်ရှာဖွေလျက်ရှိပြီး ယနေ့အချိန်အထိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထွက်ရှိမှုများ အောင်မြင်လျက်ရှိပေသည်။

မြန်မာနိုင်ငံအတွက်  အရေးပါလှသော  ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို  ဆက်လက်ထွက်ရှိစေရန် ပညာရှင်များနှင့် ရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ထွက်ရှိပြီး  ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို  အကျိုးရှိစွာ  ထိန်းသိမ်းအသုံးပြုကြပြီး အသစ်ထပ်မံထွက်ရှိမည့် နေရာများသို့လည်း အသိပညာရှင်အတွက် ပညာရှင်၊ ကာယဉာဏ လုပ်သားများနှင့် အထူးကြိုးစား ဆောင်ရွက်လျက်ရှိပြီး အသိပညာများ ပိုမိုတိုးတက်လာစေရန် ပြည်ပသို့   ပညာသင်များ စေလွှတ်ခြင်း၊ ပြည်တွင်းတွင်ပညာများ  ပြန်လည်ဖြန့်ဝေခြင်း၊ နိုင်ငံခြားကုမ္ပဏီများနှင့်  အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို အစဉ်မပျက် ရှာဖွေတူးဖော်လျက်ရှိသည်။

မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းသည် နိုင်ငံတော်အတွက် စက်သုံးဆီအမျိုးမျိုး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများစွာ ရရှိလျက်ရှိပြီး တိုင်းပြည်အကျိုးစီးပွား တိုးတက်မှုကို အထောက်အကူဖြစ်စေသော   စွမ်းအင်ကဏ္ဍတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး      ရေနံနှင့်သဘာဝဓာတ်ငွေ့မှ နိုင်ငံတော်ဂုဏ် မြှင့်တင်စေပြီး လူမှုရေး၊ စီးပွားရေးကို စွမ်းအင်ကဏ္ဍအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ပိုလျှံရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ ပိုမိုကျယ်ပြန့်လာစေပြီး ပြည်တွင်းအကျိုး စီးပွားသာမက ပြည်ပဝင်ငွေရရှိသည်အထိ စွမ်းအင်ဝန်ကြီးဌာနမှ တစ်ထောင့်တစ်နေရာ  အခန်းကဏ္ဍမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရှင်များ၊ ကာယဉာဏဝန်ထမ်းများမှ ထွက်ရှိနေသော ရေနံမြေများတွင် ထိန်းသိမ်းထုတ်လုပ်လျက်ရှိပြီး အသစ်ထွက်ရှိမည့် အလားအလာကောင်းသော နယ်မြေအသစ်များကိုလည်း စဉ်ဆက်မပြတ် ရှာဖွေလျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များဖြင့်  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရန် မိမိကျရာ တာဝန်များထမ်းဆောင်လျက် နိုင်ငံတော်အကျိုးအတွက် သယ်ပို့ဆောင်ရွက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး  ဖွံ့ဖြိုးရေး အတွက် ဓာတ်ငွေ့ပို့လွှတ်ခြင်း ၊ စက်သုံးဆီ ရရှိစေခြင်းဖြင့်    မြို့မှတောရွာများအထိ လူနေမှုဘဝ မြင့်မားလာစေရန် နိုင်ငံတော်အစိုးရမှ   စီစဉ်ဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ကဏ္ဍ   ပိုမိုတိုးတက်လာစေရန် မြန်မာ့ရေနံနှင့်   သဘာဝဓာတ်ငွေ့များ ဆက်လက်ထွက်ပေါ်လာပြီး   တိုင်းပြည်အကျိုးမျှော်ကိုး၍ တိုးတက်ထွန်းကားလာစေရန် ရေးသား တင်ပြလိုက်ရပါသည်။   ။