လားရှိုးမြို့၌ အသောက ကျောက်တိုင်ပုံစံတူ လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရန်တိုင်းအောင် စေတီတော်မြတ် နဂါးရုံဘုရားပရိဝုဏ် ရင်ပြင်တော်၌ သြဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် သီရိဓမ္မာသောက မင်းကြီး၏    အသောက ကျောက်တိုင်ပုံစံတူ လှူဒါန်းပွဲ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာကြသူများက နဂါးရုံဘုရားရှေ့၌ ဖယောင်းတိုင်မီး ၁ဝ၈ တိုင်အား ထွန်းညှိပူဇော်ပြီး အသောကကျောက်တိုင် ပုံစံတူအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ပြီး ဆရာတော် သံဃာတော်များနှင့် အလှူရှင်များက အသောကကျောက်တိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်သြဝါဒါစရိယ မဟာဂန္ထဝါစကပဏ္ဍိတ မဟာဗောဓာရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒထံမှ တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြကာ အလှူရှင်များက ဆရာတော်သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဇမ္ဗူအေးစေတီတပ်ဦး ကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တဥတ္တမထံမှ အနုမောဒနာတရားများ နာယူကြကြောင်း သိရသည်။