“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”

“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး”

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို  နှစ်စဉ် ဇွန်လ ၅ ရက်နေ့မှာကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ဆုရရှိသူများ၏  တွေ့ဆုံ မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ရပါသည်-

ဒေါက်တာဆန်းဝင်း (ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး)

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို နှစ်စဉ် ဇွန်လ ၅ ရက် နေ့မှာကျင်းပတာဖြစ်ပါ တယ်။ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်တဲ့ပြဿနာထဲက အလေးပေးသင့်တဲ့အချက်တွေကို ဆောင်ပုဒ် တွေနဲ့အညီ အသက်သွင်းပြီး ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး   မြေယာပြန်လည်ပြုပြင်ပေး”  ဆောင်ပုဒ်နဲ့ ကျင်းပတာဖြစ်ပါတယ်။  မြေယာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းကို ဆောင်ပုဒ်နဲ့အညီဆောင်ရွက်တာဖြစ်ပါတယ်။  ဒါတွေကို မလုပ်ရင် အပင်တွေနဲ့ သတ္တဝါတွေကြီးထွားရှင်သန်မှုအလွန်ခက်ခဲတဲ့ သဲကန္တာရအဖြစ် ရောက်ရှိသွား မှာဖြစ်ပါတယ်။   ဒါတွေကို ပြည်သူလူထုအနေနဲ့   သိရှိနားလည်ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်လာစေဖို့ စတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာလည်း ဖြစ်ပါတယ်။ ပြည်သူတွေကလည်း  လက်ရှိတည်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ပေါက်ရောက်နေတဲ့အထူးသဖြင့် သစ်တော ဖုံးလွှမ်းမှု၊ သစ်ပင်ပေါက်ရောက်မှုတွေကို လက်ရှိအနေအထားထက် လျော့မသွားရအောင်  ထိန်းသိမ်း စောင့်ရှောက်ဖို့လိုပါတယ်။ နောက်ပြီး မြေပြင်မှာရှိတဲ့ မြေဆီလွှာတွေကိုလည်း   ပိုမိုတိုးတက်ကောင်းမွန် အောင်ပြန်လည် ပြုပြင်ထိန်းသိမ်းသင့်ပါတယ်။   အဲဒီအထဲမှာမှ သစ်ပင်စိုက်ပျိုးတာလည်းပါဝင်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍအနေနဲ့ ဓာတ်မြေသြဇာမသုံးဘဲနဲ့ သဘာဝမြေသြဇာသုံးစွဲခြင်း၊ စွန့်ပစ်အမှိုက် တွေကို လည်း  စနစ်တကျစီမံခန့်ခွဲပြီးတော့မှ စွန့်ပစ်ပေးဖို့  ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  ဦးစီးဌာနအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ပါတယ်။ ပထမအဆင့်အနေနဲ့ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကော်ပိုရေးရှင်းမှာ   ကျွန်တော်တို့ ဌာနက အဖွဲ့ဝင်အဖြစ်  ပါဝင်ဆောင်ရွက်ထားပါတယ်။ သဘောတူညီချက်နဲ့အညီ လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာန၊ ဦးစီးဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်ဆောင်ပါတယ်။ ပူးပေါင်းဆောင်ရွက်တာ၊ အသိပညာပေးတာ၊ အကောင်အထည် ဖော် ဆောင်ရွက်တာတွေစတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ပါတယ်။

အထူးသဖြင့်   ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ    ရာသီဥတုလျှော့ချရေး၊    ရာသီ ဥတု ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေး  လုပ်ငန်းတွေရှိပါတယ်။   ဒီလိုမျိုးဖွံ့ဖြိုးမှုစီမံကိန်း   လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထည့်သွင်း ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အကြံပေးတိုက်တွန်းလုပ်ဆောင်မှုတွေ၊ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပါ တယ်။ ကျွန်တော်တို့နေထိုင်တဲ့  စကြဝဠာကြီးမှာ တစ်ခုတည်းသော ဂြိုဟ်ကမ္ဘာဖြစ်ပါတယ်။ တခြား ဂြိုဟ် မှာ လူသားတွေ၊   သတ္တဝါတွေနေထိုင်လို့မရပါဘူး။ ဒါကြောင့်   လက်ရှိနေထိုင်တဲ့ မိမိတို့ကမ္ဘာကို ကြီးထွားရှင်သန်ရာကမ္ဘာကို တန်ဖိုးထားပြီးတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းစေတဲ့ အချက်များကို မလုပ်ဆောင်ဖို့နဲ့၊  ဆောင်ရွက်နေတဲ့လူရှိရင်လည်း ၀ိုင်းဝန်းပြီးအသိပညာပေးပြီး ညှိနှိုင်း ဆွေးနွေးကြပါ။  တစ်ဦးချင်းအနေနဲ့စပြီး   ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ   ပူးပေါင်း ဆောင်ရွက် ပေးကြပါလို့  ပြောချင်ပါတယ်။

ဒေါ်မြင့်ဌေး (မွန်ပြည်နယ် ပေါင်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းအုပ်)

၂၀၂၄  ခုနှစ်မှာ သန့်ရှင်းစိမ်းလန်းစိုပြည်သော ကျောင်းဖြစ်ဖို့အတွက် ပညာရေးဌာနက ကျွန်မတို့ ကျောင်းကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ၀ါသနာပါတဲ့ အတွက်ကြောင့် လည်း ပါဝင်ဖြစ်ပါတယ်။   ကျွန်မတို့ ကျောင်းမှာရှိတဲ့ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူ တွေလည်း ပါဝင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနရဲ့ လမ်းညွှန်မှုအောက်မှာ ကျောင်းသား၊ ကျောင်းသူတွေ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်အောင် ကျောင်းမှာ လေ့ကျင့် ပေးတယ်။ ကျောင်းမှတစ်ဆင့် မိမိတို့နေထိုင်တဲ့ အိမ်၊ ရပ်ရွာတွေမှာ ထိန်းသိမ်းတတ်အောင်လည်း လေ့ကျင့် သွန်သင်ပေးပါတယ်။ ရပ်မိရပ်ဖတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေ၊ ကျောင်းသား မိဘတွေ လည်း ပူးပေါင်းဆောင်ရွက်ပါတယ်။   သစ်တောဌာနကလည်း သစ်ပင်တွေကို  လာပေးပြီးကူညီပါတယ်။ ကျွန်မတို့ကလည်း ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့စုပေါင်းပြီး သစ်ပင်စိုက်ပျိုးခြင်းတွေ၊ ပတ်ဝန်းကျင်သန့်ရှင်းစိမ်းလန်းစိုပြည်အောင်လည်း   လုပ်ဆောင်ပါတယ်။

နောက်ပြီး   စွန့်ပစ်ပစ္စည်းတွေကို  မိဘအကျိုးတော်ဆောင်တွေရဲ့ ကူညီမှုနဲ့ အုန်းမှုတ်ခွက်လုပ်ငန်းတွေ၊ စွန့်ပစ် ပစ္စည်းတွေနဲ့ ခြေသုတ်ဖုံ၊ တံမြက်စည်းတွေကို ကလေးတွေကိုသင်ပေးတယ်။ ကျောင်းမှာ ကလေးတွေက စွန့်ပစ်ပစ္စည်းတွေနဲ့ တတ်ကျွမ်းအောင်လုပ်တတ်ပြီး စွန့်ပစ်ပစ္စည်းတွေနဲ့ လူသုံးကုန် ပစ္စည်းတွေလည်း လုပ်တတ်လာကြပါတယ်။ ကျွန်မတို့ကျောင်းက ၂၀၂၄ ခုနှစ်မှာ အမျိုးသားပထမ အဆင့်သန့်ရှင်းရေး စိမ်းလန်းစိုပြည်သော အကောင်းဆုံး ကျောင်းဆုအနေနဲ့ရရှိခဲ့ပါတယ်။ ကျွန်မတို့ ကျောင်းလိုမျိုး မြန်မာနိုင်ငံတစ်ဝန်းမှာပေါ်ပေါက်လာပြီး ကျောင်းသား၊ ကျောင်းသူတွေကတစ်ဆင့် ရပ်ရွာ၊ ကျေးရွာ၊ မြို့နယ်တွေမှာ ပတ်ဝန်းကျင်သန့်ရှင်း စိမ်းလန်းစိုပြည်ဖို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက် ကြပါလို့ ပြောချင်ပါတယ်။

ဦးပြည့်ဖြိုးငြိမ်း ( ကလော)

မြို့နယ်အုပ်ချုပ်ရေးမှူး

ကျွန်တော်တို့ ကလောမြို့နယ်က ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အကောင်းဆုံးမြို့ အနေနဲ့ဆုရရှိတာ ဖြစ်ပါတယ်။  ဒီဆုကိုရရှိတာက ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူ တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဓိကက ပတ်ဝန်းကျင်တစ်ခုလုံးကို စီမံခန့်ခွဲပြီးတော့ စိမ်းလန်းတဲ့ မြို့ဖြစ်အောင်  စီမံခန့်ခွဲခဲ့ပါတယ်။ ပထမဆုံးအကြိမ်   ရရှိခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့မြို့က ခရီးသွား မြို့ဖြစ်တဲ့ အတွက်ကြောင့် လူသိလည်းများပါတယ်။ ဒီဆုကိုရရှိတဲ့အတွက် ဒေသခံတွေရဲ့ ကိုယ်စား ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကို စိမ်းလန်းအောင် ကျွန်တော်တို့  တည်ဆောက်မှရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်သာယာလှပစိမ်းလန်းဖို့ အခုချိန်ကစပြီး ၀ိုင်းဝန်းပြီး သစ်ပင်တွေ စိုက်ပျိုးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ မြို့လိုမျိုးဖြစ်အောင် အားလုံး၀ိုင်းဝန်း ကူညီပါဝင်ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။

ဦးအောင်ရွှေ (မကွေးတိုင်းဒေသကြီးမကွေးမြို့နယ် သံဖိုရွာသစ်ကျေးရွာ(ရွာခွဲတာဝန်ခံ))

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျေးရွာသန့်ရှင်းသာယာ လှပတဲ့ဆုကို ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက အပူပိုင်းဒေသ ဖြစ်ပါတယ်။ သစ်ပင်ခုတ်လှဲမှု၊ ထင်းသုံးစွဲမှုတွေများတဲ့အတွက် အပူရှိန်ကမြင့်မားလာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ကျေးရွာလူထုနဲ့ ပူးပေါင်းပြီး ထင်းစိုက်ခင်းတွေ၊ သဘာဝသစ်တောစိုက်ခင်းတွေကို ထူထောင် စိုက်ပျိုးခဲ့ပါတယ်။ နောက်ပြီး ထင်းအစားထိုးလောင်စာသုံးစွဲဖို့အတွက် Biograph    နည်းပညာတွေကို သုံးစွဲခဲ့ပါတယ်။ မြေဆီလွှာထိန်းသိမ်းရေးအနေနဲ့ အော်ဂဲနစ်မြေဆီအမျိုးအစား သဘာဝ မြေသြဇာသုံးစွဲ ဖို့အတွက်လည်း  ဌာနဆိုင်ရာပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုမျိုးဆု ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့လို ကျေးရွာတိုင်း၊ ကျေးရွာတိုင်း  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အရေးကြီးပါတယ်။ အပူပိုင်းဒေသတွေက သဘာဝပတ်ဝန်းကျင် သစ်တောထိန်းသိမ်းဖို့ ပိုပြီးလိုအပ်ပါတယ်။ အားလုံးပဲ  သစ်တော၊   သစ်ပင်တွေကိုထိန်းသိမ်းရင်းနဲ့  ကမ္ဘာမြေကို ပူးပေါင်း ပါဝင် စောင့်ရှောက်ပါလို့ ပြောချင်ပါတယ်။

မနေခြည်လင်း(တက္ကသိုလ်ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲ ပထမဆု)

ကျွန်မက တက္ကသိုလ်ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်း၊ ဌာနရဲ့ဂုဏ်ကို ဆောင်ချင်တဲ့စိတ်နဲ့ ပထမဆုံး ရည်ရွယ်ချက်နဲ့ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။ ဆောင်းပါးပြိုင်ဖို့အတွက် စာအုပ်တွေအများကြီး ဖတ်ခဲ့ရတယ်။ အွန်လိုင်းကနေ အသိပညာရှင်တွေရဲ့ ဗဟုသုတတွေလည်း ဖတ်ရတယ်။ ရတနာပုံတက္ကသိုလ်   နိုင်ငံတကာဆက်ဆံရေးပညာဌာနရဲ့ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ လမ်းညွှန်မှုလည်းပါလို့ ဒီလိုမျိုးဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပြည်သူတွေကိုအသိပေးချင်တာက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေအပြင်  တစ်ဦးချင်းတစ် ယောက်ချင်း လိုက်နာဆောင်ရွက်ကြပြီး ပတ်ဝန်းကျင်လှပအောင် ဆောင်ရွက်သင့် တယ်လို့အကြံပြုချင်ပါတယ်ရှင့်။ နောင်လာ နောက်သားတွေ အနေနဲ့ နိုင်ငံတော်အကြီး အကဲတွေ၊ ရှေ့ကအစ်ကိုအစ်မတွေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်တွေ အတိုင်းပဲ လိုက်ပါလုပ်ဆောင်ကြပါလို့ အကြံပြုပြောကြားလိုပါတယ်။ ဒီလိုမျိုး နိုင်ငံတော်အဆင့်အခမ်းအနားမှာ ရတနာပုံတက္ကသိုလ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့မှ ဆောင်းပါး ပထမဆုရရှိခဲ့တဲ့အတွက် အထူးပဲဝမ်းသာဂုဏ်ယူမိပါတယ်။

မနန်းရတီ(စာစီစာကုံးပထမဆု)

ကျွန်မကတော့ Grade-12 မှာပညာသင်ကြားနေတဲ့  မနန်းရတီဖြစ်ပါတယ်။ ဒီလိုမျိုးအခမ်းအနားကို TV မှာမြင်ဖူးပါတယ်။  အရမ်းသဘောကျတယ်။ ဒီနှစ်မှာ ကျွန်မတို့ကျောင်းက ဝင်ပြိုင်ခွင့်ရတော့ ကျောင်းက ဆရာမတွေရဲ့ လမ်းညွှန်မှုနဲ့ ကျွန်မ စာစီစာကုံးနဲ့ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။  စာစီစာကုံးထဲမှာ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တာတွေ၊ သဘာဝတရားတွေပျက်စီးနေတာတွေ၊ အဲဒါတွေကို   ဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်။ နောက်ပြီးနိုင်ငံတော်အစိုးရက   ဘယ်လိုကူညီပြုပြင်ပေးနေတာတွေကို   ရေးသားခဲ့ပါတယ်။ ကျွန်မရရှိခဲ့တဲ့ဆုအမျိုးအစားက စာစီစာကုံးပထမဆုပါ။ ဒီဆုကိုရရှိဖို့ ကျွန်မရဲ့ မြန်မာစာဆရာမကနေ ဂိုက်လိုင်းပေးတယ်။ နောက်ပြီး ကျန်တဲ့ဗဟုသုတတွေကိုလည်း    ရှာဖွေဖတ်ရှု ရပါတယ်။ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစိမ်းလန်းစိုပြည်ဖို့ တစ်ဦးတစ်ယောက်ကနေစပြီး  အားလုံး ပူးပေါင်းပါဝင်မယ်ဆို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်လာမယ်လို့မြင်ပါတယ်။  ကျေးဇူးတင်ပါတယ်။   ။

လဲ့ရည်အောင်

Dates: 
Tuesday, July 16, 2024 - 15:32