ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

      နှစ်စဉ် ပြန်လည်ပြည့်ဖြိုးနေသောရေကို တစ်နှစ်စော၍ အသုံးချနိုင် လျှင် တစ်နှစ်စော၍ အကျိုးရှိပါလိမ့်မည်။ နောက်ကျသွားသည့်အချိန်သည် အစားပြန်မရနိုင်တော့ပါ။ အားလုံးတွင် အချိန်သည် တန်ဖိုးအရှိဆုံး ဖြစ်သည်။

မိမိတို့သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ မြစ်ချောင်းများကတော့ နှစ်စဉ် သူ့တာဝန်ကို သူကျေအောင် ထမ်းနေပါလိမ့်မည်။ ကိုယ်မသုံးလျှင် ကိုယ့်ကိုလက်ပြနှုတ်ဆက်ပြီး ပင်လယ်ထဲသို့ ဆက်လက် ထွက်ခွာပါလိမ့်မည်။ ကိုယ်သုံးပါက ကိုယ့်ကိုကျေးဇူး ပြုပါလိမ့်မည်။

သဘာဝကြီးက  လူသားများအတွက်  “လိုတရ” ဆေးတော်ကြီးကို လက်ဆောင်ပေးထားပြီးဖြစ်သည်။ မိမိတို့နိုင်ငံကို မျက်နှာလိုက်၍ ပိုပိုမိုမို ပေးထားသည်။ မသုံးတတ်၍ မတိုးတက်ခြင်း၊ ဘေးအန္တရာယ်ကြုံခြင်းများ အတွက် သဘာဝကြီးကို အပြစ်ပုံချနေလျှင် သင့်လျော်ပါမည်လား။

သို့သော် သဘာဝကြီးလည်း ဤရာစုနှစ်တွင် ကျန်းမာရေးဖောက်ပြန် လာနေသည်။ သဘာဝကြီးကို ပြန်၍ဆေးဝါးကုသပေးရန်လည်း လိုသည်။ သူပေးသမျှ    ကိုယ်ကယူပြီး     သူ့ကိုပြန်ပြီး မစောင့်ရှောက်လျှင်လည်း သူ့ကျန်းမာရေးအရ မိမိတို့ကို အပြည့်အဝ ကူညီနိုင်မည်မဟုတ်ပေ။

သဘာဝကြီး၏ကျန်းမာရေးကို စောင့်ရှောက်ကြရန်မှာ လူသားတိုင်းတွင် တာဝန်ရှိနေသည်။ ဝေဒနာများ စွဲကပ်လာနေသော  သဘာဝကြီးကို မိမိတို့ ပြိုင်တူကုစားပေးနိုင်ပါမှ မိမိတို့ကမ္ဘာကြီးလည်း သက်တမ်းရှည် ပါလိမ့်မည်။

မကျန်းမမာဖြစ်လာနေသော သဘာဝကြီးကို စောင့်ရှောက်ရန်မှာ သူ့အကြောင်းကို နားလည်ရန်လိုသည်။ သူခံစားနေရသော ရောဂါ၏ဇာစ်မြစ်ကို နားလည်ရန်လိုသည်။ နားလည်မှလည်း မည်သည့်ဆေးဖြင့် ကုသလျှင် ပျောက်မည်ကို ဆုံးဖြတ်နိုင်မည်။

နောက်ပိုင်းအခန်းများတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရေချိုရရှိရေး ဆက်စပ်မှုကို ထပ်မံဖော်ပြပါမည်။

အခန်း(၂၁)

စစ်တောင်းမြစ်ဖျားမှ ပေါင်းလောင်းမြစ်ကို အသုံးချခြင်း

    မြန်မာနိုင်ငံတွင် အထင်ကရမြစ်ကြီး လေးစင်းရှိသည်။ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းတို့ဖြစ်သည်။ ဤမြစ်များထဲမှ စစ်တောင်း မြစ်ဝှမ်း ရေအရင်းအမြစ် အကြောင်း လေ့လာကြည့်ပါမည်။

ပဲခူးရိုးမမြောက်ဖျားသည်   အမြင့်ပေ  ၁၂၅၀ မှ  ၁၆၅၀ ခန့်နှင့် အလယ်ပိုင်းတွင် ပေ ၂၅၀၀ ခန့်မြင့်သော တောင်တန်းများဖြစ်လာသည်။

တောင်ပိုင်းသို့ရောက်လေ နိမ့်ဆင်းသွားလေဖြစ်ပြီး တိုက်ကြီး၊ ပဲခူးမြို့များလွန်သော်  မြေပြန့်ကဲ့သို့  ပြောင်းလဲသွားသည်။   ဤပဲခူးရိုးမကြီး၏ အရှေ့ဘက်ခြမ်းမှ မြစ်ဖျားခံခဲ့သော မြစ်လက်တက်များနှင့် ရှမ်းကုန်းပြင် မြင့်တောင်ခြမ်းမှ စီးဆင်းလာသော မြစ်လက်တက်များသည် စစ်တောင်း မြစ်အဖြစ် ပေါင်းစည်းသွားသည်။ ပဲခူးမြစ်သည် သီးခြားမြစ်အဖြစ် စီးဆင်းသည်။

အရှေ့ဘက်ခြမ်းတွင် ရှမ်းကုန်းပြင်မြင့်မှ စတင်မြစ်ဖျားခံလာသော ပေါင်းလောင်းမြစ်နှင့် အနောက်ဘက်မှ မြစ်ဖျားခံလာသော ဆင်သေချောင်း၊ ငလိုက်ချောင်း၊ ယုံးဘင်ချောင်းတို့သည် စစ်တောင်းမြစ်၏အစ ရေအရင်းအမြစ်များဖြစ်သည်။

စစ်တောင်းမြစ်ဝှမ်း ရေအရင်းအမြစ်အားလုံးကို အသုံးချ၍ နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ၁၉၅၃ ခုနှစ်တွင် အမေရိကန်  အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Knappen- Tippetts- Abbett အဖွဲ့က ' Economic and Engineering Survey of Burma'' ဟူသော အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။

ဆက်လက်၍  ၁၉၆၄  ခုနှစ်တွင်  ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme-UNDP)ကလည်း “စစ်တောင်းမြစ်ဝှမ်း ရေအရင်းအမြစ် ဖွံ့ဖြိုးမှုစီမံကိန်း”( Sittaung Valley Water Resources Development))ဟူသော ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြန်သည်။     အဆိုပါ အစီရင်ခံစာတွင်လည်း ပေါင်းလောင်းမြစ်ပေါ်တွင် ဘက်စုံအသုံးချနိုင်သည့်  ရေအသုံးချမှုအစီအစဉ်များ ဆောင်ရွက်ရန် ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။

၁၉၇၅ ခုနှစ်တွင် အဆိုပါအစီရင်ခံစာများအပေါ် အခြေခံ၍ မိမိတို့ နိုင်ငံနှင့် UNDP တို့သည် ဤမြစ်ပေါ်တွင် ဘက်စုံသုံးရေ အသုံးချမှု စီမံကိန်းများ ဖြစ်ထွန်းလာစေရေး ကျွမ်းကျင်မှုအထောက်အပံ့ပေးရေး သဘောတူညီမှုတစ်ခု ရရှိခဲ့သည်။

ဤအစီအစဉ်ကို ကမ္ဘာ့ဘဏ်အုပ်စုမှ International Bank for Reconstruction and Development (IBRD) ဆိုသည့် ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အဖွဲ့က ကူညီမည်ဖြစ်သည်။ ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၃ ရက်တွင် 'Programme of Pre-investment and Investment Assistance" ဟူသော ခေါင်းစဉ်ဖြင့်  ဆိုင်ရာ သုံးဖွဲ့တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤအစီအစဉ်အရ   ၁၉၇၆ ခုနှစ်  အောက်တိုဘာလ   ၁၂ ရက်တွင် ဂျပန်နိုင်ငံမှ New Japan Engineering Consultants Inc. (NEWJEC) အဖွဲ့အား မြန်မာနိုင်ငံအတွက်  ဓာတ်အားထုတ်လုပ်မှု၊ ပို့လွှတ်မှုဖွံ့ဖြိုးရေး ၁၅ နှစ်စာ စီမံချက်ရေးဆွဲရန် တာဝန်ပေးခဲ့သည်။ စီမံကိန်းအမည် အပြည့်အစုံမှာ ''Burma Umbrella Project Power Development Survey''ဟူ၍ဖြစ်သည်။ ဤစီမံချက်တွင် ပေါင်းလောင်း မြစ်ကို တန်ဖိုးအမြင့်ဆုံး အသုံးချရန်ကိစ္စသည် ထိပ်ဆုံးမှပါဝင်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဇွန်လတွင် အစီရင်ခံစာ တင်သွင်းနိုင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရနှင့် နော်ဝေနိုင်ငံအစိုးရတို့ သဘောတူစာချုပ်အရ နော်ဝေနိုင်ငံမှ Norconsult A.S အတိုင်ပင်ခံအဖွဲ့ကို တစ်ဘက်ပါခေါင်းစဉ်ပါ လုပ်ငန်းများ ဆောင်ရွက်ရန် ငှားရမ်းခဲ့သည်။

''Detailed Engineering and Design Study of Paunglaung Hydroelectric Project and the Power System Planning and Operations Review Under Nyaunggyat Dam Multipurpose Project" ဟူ၍ဖြစ်သည်။ အဆိုပါလုပ်ငန်းတွင် ပါဝင်သော Nyaunggyat Dam (ညောင်ကြပ်တမံ)ဆိုသည်မှာ ကင်းတားတမံ၏ မူလအမည်ဖြစ် သည်။ စီမံကိန်းကို မူလက “ညောင်ကြပ်”အမည်ဖြင့် စတင်ခဲ့ပြီး နောင်တွင် “ကင်းတား”ဟူ၍ အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။ Norconsult A.S သည် ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ လေ့လာတွက်ချက်မှုများ ဆောင်ရွက်ခဲ့ရာ ၁၉၈၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။

ပေါင်းလောင်းမြစ်ကို အလျားလိုက် သုံးပိုင်းပိုင်း၍ လေ့လာခဲ့ရာ မြစ်ဖျားမှ ၂၉ ဒသမ ၄ မိုင် (ကီလိုမီတာ ၅၀ ) ထိ မြစ်ကြမ်းပြင် လျှောစောက် ၁/၁၀၀ ဖြင့်လည်းကောင်း၊  ဒုတိယ ၅၄ ဒသမ ၂ မိုင်( ၈၈ ကီလိုမီတာ) တွင် လျှောစောက် ၁/၅၂၀ ဖြင့်လည်းကောင်း၊ မြစ်အောက်ပိုင်း ၂၅ ဒသမ ၄ မိုင်(၄၀ ကီလိုမီတာ) တွင် လျှောစောက် ၁/၂၉၀ ဖြင့်လည်း ကောင်း စီးဆင်းနေသည်။ မြစ်တစ်လျှောက် ရေတံခွန်ရေကျ ကြီးကြီးမားမား မရှိပါ။ ကိန်းဂဏန်းများအရ ပေါင်းလောင်းမြစ်ဖျားသည် မတ်စောက် သည်။ အလယ်ပိုင်းသည် ပြေပြစ်သည်။ အောက်ပိုင်းသည် အသင့် အတင့်လျှောစောက်ဖြစ်သည်ကို တွေ့ရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၂၃၅၀(၇၁၆ မီတာ) မှ စတင်မြစ်ဖျားခံခဲ့သည်။ မြစ်၏  ဒုတိယပိုင်းအစတွင် အမြင့် ပေ ၁၃၀၀ (၃၉၆ မီတာ) ဖြစ်လာသည်။  တတိယပိုင်း (မြစ်အောက်ဆုံးအပိုင်း) စတင်ချိန်တွင် အမြင့်ပေ ၇၅၀ (၂၂၈ မီတာ) ဖြစ်လာသည်။ ခေါမနှင့်ကျည်တောင်ရွာအနီး အရောက်တွင် ၂၅၅ ပေ (၇၇ မီတာ) အမြင့်သာ ကျန်တော့သည်။

မြစ်အလျား စုစုပေါင်းသည် ၁၀၉ မိုင် (၁၇၀ ကီလိုမီတာ)ခန့်ရှည်လျား ပြီး ရေဖမ်းဧရိယာ (Catchment Area) စုစုပေါင်းမှာ ၁၈၆၁ စတုရန်းမိုင် (၄၈၂၁ စတုရန်းကီလိုမီတာ) ကျယ်ပြန့်သည်။ နှစ်စဉ် ပျမ်းမျှရေစီးနှုန်း သည် ၁၅၇ ကုဗမီတာ/စက္ကန့်( ၅၅၂၀ ကုဗပေ/စက္ကန့်)ဖြစ်သည်။

   ဆက်လက်ဖော်ပြပါမည်။