အာဇာနည်စိတ်ဓာတ်နှင့် ယနေ့လူငယ်များ၏တာဝန်

 

အာဇာနည်စိတ်ဓာတ်နှင့် ယနေ့လူငယ်များ၏တာဝန်

 

    လွန်ခဲ့သော အတိတ်ကာလ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျွန်ုပ်တို့၏ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ သို့သော် အာဇာနည် ခေါင်းဆောင်ကြီးများ ဖောက်လုပ်ခဲ့သော လမ်းကို ကျွန်ုပ်တို့ ဆက်လျှောက်ကာ လွတ်လပ်ရေးကြီးကို ရယူပိုင်ဆိုင်နိုင်ခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အာဇာနည်စိတ်ဓာတ်ဖြင့် ကြိုးပမ်းခဲ့မှုများသည် အစဉ်အဆက်သော မျိုးဆက်သစ်တို့  အတုယူလိုက်နာစရာဖြစ်သည်။ ဤနေရာတွင် အာဇာနည်စိတ်ဓာတ်ကို ယနေ့လူငယ်တို့ မှန်ကန်စွာ သိနားလည်ရန်လိုပေသည်။

မြန်မာအဘိဓာန်တွင် “အာဇာနည်” ကို “အကြောင်း ဟုတ်  မဟုတ်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည် နှလုံးရည်ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။   မြတ်စွာဘုရားရှင်က    ယောကျ်ား အာဇာနည်သည်  ကိုယ်ကျင့်သီလကောင်းမွန်ခြင်း၊ ဝီရိယကောင်းခြင်း၊ ဉာဏ်ပညာနှင့်ပြည့်စုံခြင်း စသည့် လက္ခဏာများနှင့်ပြည့်စုံရမည်ဟု   မိန့်တော်မူခဲ့သည်။   အာဇာနည်ခေါင်းဆောင်ကြီးများသည် အာဇာနည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ မြတ်စွာဘုရား၏ ဟောကြားချက်တို့နှင့်  ကိုက်ညီပြည့်စုံနေသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျင့်သီလ၊ လုံ့လဝီရိယနှင့်  ဉာဏ်ပညာတို့ကို လူငယ်တို့သိရှိ အတုယူသင့်ပေသည်။

ဘိုးဘေးဘီဘင် အစဉ်အဆက်က  အခိုင်အမာ ရပ်တည်ခဲ့သော ကျွန်ုပ်တို့မြန်မာနိုင်ငံကို နယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေး ဆုံးရှုံး၍ သူ့ကျွန်ဘဝတွင် ဖိနှိပ်အုပ်ချုပ်ခံခဲ့ရသည်။ သို့သော် မြန်မာတို့ကား သာကီနွယ်မျိုး၊   အာဇာနည်မျိုးဖြစ်သောကြောင့် နယ်ချဲ့တို့ကို   ဒူးထောက်အညံ့မခံဘဲ ပြန်လည်တွန်းလှန်ခဲ့ကြသည်။ “သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးမည်၊ မှတ်တော်တည်လော့” ဟုဆိုသည့်အတိုင်း အဖိနှိပ်အုပ်ချုပ်ခံကျွန်ဘဝမှ    လွတ်မြောက်ရေးအတွက် ရရာလက်နက်ကိုင်စွဲ၍  တိုက်ပွဲဝင်ခဲ့ကြသည်။  အထူးသဖြင့်  လူငယ်တို့သည် ဇာတိသွေး ဇာတိမာန် ထက်သန်ပြည့်ဝစွာဖြင့် နယ်ချဲ့ကိုတွန်းလှန်ခဲ့ကြသည်။ အဆင့်ဆင့် အဆက်ဆက် အသက်များ စတေးခဲ့ကြသည်။  ယင်းသမိုင်းဖြစ်ရပ်များသည် အာဇာနည်စိတ်ဓာတ်နှင့် တိုင်းပြည်အတွက် လူငယ်များကြိုးပမ်းခဲ့ပုံကို မီးမောင်းထိုးပြသကဲ့သို့ ရှိနေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ  ရဲဘော်သုံးကျိပ်ဝင်များသည် နယ်ချဲ့ကို မြန်မာ့မြေမှမောင်းထုတ်နိုင်ရန် ဂျပန်တွင်  စစ်ပညာ သင်ယူခဲ့ကြသည်။  ဗမာ့လွတ်မြောက်ရေး တပ်မတော်ကို   တိုင်းချစ်ပြည်ချစ် လူငယ်များနှင့် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုဗမာ့လွတ်လပ်ရေး တပ်မတော်သည်    လွတ်လပ်ရေးအတွက် နိုင်ငံရေးနည်းနာများနှင့် လူထုလှုပ်ရှားမှု အသွင်ဖြစ်အောင် တပ်လှန့်နှိုးဆော် ဆောင်ရွက်နိုင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် မိမိတို့၏အသက်သည် တိုင်းပြည်အတွက်၊  မိမိတို့၏ခန္ဓာသည် ပြည်သူ့အတွက်၊ မိမိတို့၏ ဘဝသည် လွတ်လပ်ရေးအတွက်ဟု ဆုံးဖြတ်ခံယူကာ မနားမနေ ကြိုးပမ်းဆောင်ရွက်ခဲ့ပေသည်။ ထို့ကြောင့်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နယ်ချဲ့တို့၏အရှိုက်ကို ထိစေမည့် ပင်လုံစာချုပ်ကို  အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ ထိုစာချုပ်သည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတို့၏ သွေးစည်းညီညွတ်မှုကို အထင်အရှား သက်သေပြနိုင်ခဲ့ပြီး  နယ်ချဲ့တို့အနေဖြင့်   မြန်မာနိုင်ငံအား လွတ်လပ်ရေး မပေး၍မရတော့သည့် အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ  ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးဗိမာန်ကြီးကို တည်ဆောက်ရန် အခိုင်အမာ အုတ်မြစ်ချနိုင်ခဲ့လေသည်။  တစ်နှစ်အတွင်း  လွတ်လပ်ရေးရရှိရန်   ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလန်သို့သွား၍ အင်္ဂလိပ်နန်းရင်းဝန် မစ္စတာအက်တလီနှင့် တွေ့ဆုံဆွေးနွေးပြီး အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့လေပြီဖြစ်သည်။ သို့သော် မြန်မာပြည်ကို လွတ်လပ်ရေးပေးရန် တွန့်တိုနေသော နယ်ချဲ့တို့သည် ပရိယာယ်အလီလီနှင့် ကြံစည်ယုတ်မာခဲ့ကြသည်။ မစားရသည့် အမဲ သဲနှင့်ပက်သည့် အကြံနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်ဆွဲခဲ့သည်။ သူတို့ခိုင်းစေသည့်အတိုင်း လုပ်ကိုင်မည့် နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစောကို မက်လုံးပေး၍   ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံစေခဲ့သည်။ ထို့ကြောင့် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်တို့ အတွင်းဝန်ရုံးတွင် အစည်းအဝေး လုပ်နေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်များက  ဝင်ရောက်ပစ်ခတ် လုပ်ကြံသတ်ဖြတ်သဖြင့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကျဆုံးခဲ့ကြရလေသည်။   အာဏာကို ဖြတ်လမ်းမှ လုယက်ရန် ကြံစည်ကြိုးစားခဲ့သော ဂဠုန်ဦးစောသည်လည်း ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခြင်း ခံရသည်။ မြန်မာပြည်ကား လွတ်လပ်ရေးပန်းတိုင်သို့ အရောက် ချီတက်နိုင်ခဲ့သည်။

ဖော်ပြခဲ့သော သမိုင်းဖြစ်ရပ်များကို   လေ့လာသုံးသပ်ကြည့်လျှင် နယ်ချဲ့တို့၏ ကောက်ကျစ်သော ဉာဏ်နီဉာဏ်နက်များ၊ မြှောက်ထိုးကော်ပင့်လုပ်မှုများ၊ မိမိလူမျိုးချင်း ရန်တိုက်ပေးမှုများကို တွေ့ရမည်ဖြစ်သည်။  နယ်ချဲ့တို့၏ လုပ်ရပ်များသည် ခေတ်စနစ်များ ပြောင်းလဲခဲ့စေကာမူ ယနေ့ခေတ်အခါတွင် အနောက်နိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှု၊  ကောက်ကျစ်မှု၊  တပည့်မွေးစေခိုင်းမှုများသည် အသွင်သဏ္ဌာန်ပုံစံသာ ကွဲပြားချင်ကွဲပြားမည်၊ အနှစ်သာရကမူ အတူတူပင်ဖြစ်သည်။

ယနေ့လူငယ်တို့သည် သမိုင်းမှန်ကို သိရှိရန် လိုအပ်သကဲ့သို့ တိုင်းတစ်ပါး၏ သွေးထိုးလှုံ့ဆော်မှုပုံစံ အမျိုးမျိုးကို အသိပညာဉာဏ်ပါသော မျက်စိ၊ နား၊ ဦးနှောက်တို့နှင့် မြင်နိုင်ကြားနိုင် တွေးတောဆင်ခြင်နိုင်အောင် ကြိုးစားရမည်။ အချင်းချင်း မသင့်မမြတ်ဖြစ်၍  ပြည်တွင်းစစ်မီး မွှေးပေးရေးသည်   ခေတ်သစ်နယ်ချဲ့တို့၏ ပရိယာယ်ဖြစ်ကြောင်း သိသင့်ပေသည်။  လူငယ်များ အတွေးမှား အမြင်မှားနှင့် လုပ်ရပ်အမှားများ ကျူးလွန်လာအောင် အယောင်ပြ မက်လုံးများပေး၍ ဥပဒေကို ချိုးဖောက်ရန်  စေခိုင်းမှုများကို  ပညာဉာဏ်ဖြင့် ချင့်ချိန်သင့်ပေသည်။ သမိုင်းကြောင်းကိုနားမလည်၍ တွေးခေါ်ချင့်ချိန်နိုင်မှု အားနည်းသော လူငယ်အချို့ကို အမျိုးမျိုးစည်းရုံး သိမ်းသွင်းလျက် နိုင်ငံတော် ဥပဒေကို ပုန်ကန်ခြားနားစေကာ အာဇာနည်များဟု ကင်ပွန်းတပ်မြှောက်ပင့်ပေးမှုများသည် အတုအယောင်သာ ဖြစ်ကြောင်း သိနားလည်သင့်ကြပေသည်။ မိမိနိုင်ငံအတွက် မိမိလူမျိုးအတွက် ကြိုးပမ်းဆောင်ရွက်မည့် လူငယ်များသည် အသိမှန် အမြင်မှန်နှင့် ယှဉ်တွဲဆောင်ရွက်နိုင်မှသာ  တိုင်းပြည်နှင့်ပြည်သူတို့၏ အာဇာနည်များ ဖြစ်လာကြမည်မှာ ဧကန်ပင်။

လူငယ်များ၏ မူလစိတ်ရင်းသည် အမှန်တရားကို မြတ်နိုးသည်။ စူးစမ်း လိုစိတ်ပြင်းပြသည်။ စွန့်စားလိုစိတ်ဖြင့် မြူးကြွနေသည်။ ရဲရင့်သွက်လက် ထက်မြက်လျက်ရှိသည်။ လူငယ်များသည် အနာဂတ်နိုင်ငံတော် တာဝန်ကို နောင်တစ်ချိန်တွင် ပခုံးပြောင်းတာဝန်ယူမည့် သူများဖြစ်ရာ  နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးသည် ယနေ့လူငယ်များ၏ မျိုးချစ်စိတ်အပေါ်တွင် များစွာတည်မှီ နေပါသည်။မျိုးချစ်စိတ်ရှိသော လူငယ်များကသာ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေး၊ လွတ်လပ်ရေး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ပေသည်။

မကြာသေးမီက  ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြု၍ လူငယ်များကို နှစ်အကန့်အသတ်နှင့် စစ်မှုထမ်းရန် ခေါ်ယူပြီး သင်တန်းဖွင့်လှစ်ကာ စစ်ပညာများ သင်ကြားဆောင်ရွက် ပေးနေပြီဖြစ်သည်။ဤသို့ ဆောင်ရွက်ပေးခြင်းသည် လူငယ်များ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ခိုင်မာ၍ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အလေးထား  ဆောင်ရွက်တတ်စေရန်ဖြစ်ပါသည်။

လူငယ်များစစ်မှုထမ်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများမှာ များပြားလှသည်။ နိုင်ငံ့သားကောင်း တစ်ယောက်အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်သွားခြင်း၊ တပ်မတော်၏ မူဝါဒများကို နားလည်သွားပြီး တပ်မတော်သားများအပေါ် စာနာနားလည်နိုင်ခြင်း၊ လူနှင့် လူ့အဖွဲ့အစည်းကို  ခွဲခြားသိမြင်သွားခြင်း၊ ခေါင်းဆောင်မှုနှင့်အတူ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်းနှင့် စည်းကမ်းလိုက်နာတတ်ခြင်း စသောပညာရပ်များသည် လူငယ်ထုအတွင်း ကိုယ်ရည်ကိုယ်သွေးအဖြစ် ဖြစ်တည်သွားမည်ဖြစ်သည်။ထို့ပြင် တပ်မတော် ရှေးရှုသွားနေသော လမ်းကြောင်းကို သိသွားကြမည်။ တပ်မတော်သား တစ်ဦး၏ တန်ဖိုး၊ တပ်မတော်အဖွဲ့အစည်း၏ တန်ဖိုးတို့ကို သိရှိကာ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးပြေလည်သွားပြီး နောင်ဆယ်စုနှစ် တစ်ခုအတွင်း   တပ်မတော်နှင့် ပြည်သူတစ်သားတည်း ဖြစ်သွားပေလိမ့်မည်။ တကယ်တမ်းတွင်   ပြည်တွင်းပြည်ပ   ပယောဂများသည် ကောလာဟလများ ဖန်တီးပြီး ပြည်သူများကို စိုးရိမ်ထိတ်လန့်အောင် ခြောက်လှန့်ကာ အမှားအမှန် ခွဲခြားနိုင်စွမ်း မရှိသူများအပေါ် အခွင့်ကောင်းယူ အသုံးချနေခြင်းကို   မြင်အောင်ကြည့်တတ်ရန်လိုပါသည်။ ကောလာဟလကြောင့်ဟုဆိုရာ၌ အချို့က ပေါ်တာဆွဲခြင်းနှင့် ပြည်သူလူထုကိုခြောက်လှန့်နေကြသည်။

စဉ်းစားကြည့်လျှင် သိနိုင်သည်။ ယနေ့ခေတ်သည် ပေါ်တာခေတ်မဟုတ်တော့။  ရပ်ကျေးငယ်စာရင်းနှင့် တိုက်ပြီး ဆင့်ခေါ်သည့်အခါ သတင်းမပို့လျှင် ဥပဒေအရသာ  အရေးယူနိုင်သည့်  အခြေအနေတွင် မည်သူမျှ အလုပ်ရှုပ်ခံပြီး  ပေါ်တာဆွဲမနေပါ။

စင်စစ်မှာ  ညဉ့်အချိန်မတော်သော် လည်းကောင်း၊ ကန့်သတ်နေရာများတွင်သော် လည်းကောင်း  မသင်္ကာပါက ခိုး၊ဆိုး၊ လု၊ နှိုက်၊ ဖောက်ခွဲဖျက်ဆီးရေးသမားများကို တားဆီးရန်  ဆွဲယူဖမ်းဆီး စစ်ဆေးမှုသာဖြစ်သည်။ ပေါ်တာဆွဲခြင်းကို ကောလာဟလဖြန့်၍ ဧည့်စာရင်းစစ်ဆေးမှုကို နှောင့်နှေးကြန့်ကြာစေရန် ၀ါဒဖြန့်ပြုမူကြခြင်းကို သဘောပေါက်ရန်လိုပါသည်။

အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန်နှင့် နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးစော်ကားသည့် လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။  ထိုလုပ်ရပ်များကို တားဆီးဖြိုဖျက်ရန် နိုင်ငံသားလူငယ်တိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်  တာဝန်ရှိသည်။  ထိုတာဝန်ကို ကျေပွန်ရန် တိုင်းပြည်အတွင်းရှိ လူငယ်စွမ်းအားစုများ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် တစ်ခုတည်းသော နည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ် (National Service) ပင်ဖြစ်သည်။ ထိုအမျိုးသား စစ်မှုထမ်းစနစ်ဖြင့်  နိုင်ငံတော်လုံခြုံရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဟန်ချက်ညီညီနှင့် ရေရှည်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် လူငယ်နိုင်ငံသားတိုင်းသည်  ပြည်တွင်းပြည်ပ အဖျက်သမားများ၏ အန္တရာယ်ကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်ကို အားဖြည့်ကူညီသည့် ပြည်သူ့စစ်မှုထမ်းခြင်းကို ပါဝင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့သားကောင်းတို့၏ တာဝန်ကို ကျေပွန်ကြရပေမည်။

နိုင်ငံတစ်ခုကို အုတ်များ ကျောက်များဖြင့် မတည်ဆောက်နိုင်ပါ။  နိုင်ငံသားများ၏ မျိုးချစ်စိတ်ဖြင့်သာ တည်ဆောက်နိုင်သည်။  မျိုးချစ်စိတ် မရှိသူသည် နိုင်ငံ၏ အမှိုက်သရိုက်ပင်ဖြစ်ပါသည်။  ထို “အမှိုက်မှစ၍ ပြာသာဒ်မီးလောင်” နိုင်ပါသည်။ မျိုးချစ်စိတ်ရှိသူသည် နိုင်ငံတော်အတွက် မြတ်လှသော အမြုတေရတနာပင်ဖြစ်ပါသည်။  သို့ဖြစ်ရာ လူငယ်များသည် အမေကျော် ဒွေးတော်မလွမ်းဘဲ နိုင်ငံတော် လွတ်လပ်ရေး၊ ယဉ်ကျေးမှုနှင့် အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ်ရန် အာဇာနည်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သူများဖြစ်အောင် ကြိုးပမ်း သွားရမည်ဖြစ်ပေသည်။   ။