ဆီးချိုရောဂါနှင့် သွေးတိုးရောဂါဖြစ်ရခြင်း အကြောင်းရင်း
ဆီးချိုရောဂါ
ဆီးချိုရောဂါသည် အချိုဓာတ်များသော အစားအစာများကို လွန်ကဲစွာ စားသောက်သူများတွင်ဖြစ် တတ်သောရောဂါအဖြစ် ဖော်ပြထားသည်ကို တွေ့ရ သည်။
ဆီးချိုရောဂါသည် အသက်ကြီးမှဖြစ်သော ရောဂါ မျိုးမဟုတ်၊ ဆီးချိုမျိုးရိုးရှိသူများသည် သက်လတ်ပိုင်း အရွယ်ကပင် ဆီးချိုရောဂါ ခံစားလာရသည်ကို တွေ့ရ သည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ကံကြောင့် ဖြစ်သော ဆီးချိုရောဂါဟုဆိုရမည်ဖြစ်သည်။ ဆီးချို ရောဂါသည် ကူးစက်ရောဂါ မဟုတ်သော်လည်း မိသားစုဝင်တစ်ဦးဦးတွင် ဆီးချိုရောဂါရှိခဲ့လျှင် ငယ်စဉ်ကပင်သတိထားပြီး အချိုစားသော အလေ့အကျင့်ကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။
အသက်ကြီးမှဖြစ်သောရောဂါ၊ တစ်နည်းအားဖြင့် မျိုးရိုးလိုက်ခြင်း မဟုတ်ဘဲ မိမိ၏အနေအထိုင်၊ အစားအသောက်အမှားကြောင့်ဖြစ်သော ဆီးချိုရောဂါကို ဆီးချိုရောဂါ အမျိုးအစား(၂)အဖြစ် သတ်မှတ်သည်။ အချိုဓာတ်များသောအစာ၊ အဆီအအိမ့်များသောအစာ၊ အဆီနှင့်တွဲနေသောအသားကို စားသုံးမှုများသူများ တွင် ဆီးချိုရောဂါဖြစ်နိုင်သည်။ အချိန်ကြာမြင့်စွာရေခဲ ရိုက်ပြီးသိမ်းထားသော အသားများနှင့် ရေခဲသေတ္တာအတွင်း ကြာရှည်စွာထည့်ထားသော အစားအစာများကို စားသုံးမှုများခြင်းကြောင့်လည်း ဆီးချိုရောဂါဖြစ်နိုင်သည်။ ထမင်းစားပြီးတိုင်း အချိုရည်သောက်သုံးသူနှင့် မောပန်းသည့်အခါတိုင်း အချိုရည်သောက်သုံးလေ့ ရှိသူများတွင် ပို၍အဖြစ်များသည်။
ဆီးချိုရောဂါသည် သွေးတွင်းသကြားဓာတ်များပြီး ဖြစ်ရသောရောဂါဖြစ်သဖြင့် ဆီးမချိုခင်ကပင် သွေးက ချိုပြီးဖြစ်နေသည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါ ဟုခေါ်လျှင် ပို၍သင့်တော်မည်ဖြစ်သည်။
ဆီးချိုရောဂါသည် အအေးကြိုက်သူများတွင် ပို၍ ဖြစ်နိုင်သည်။ အပူပိုင်းဒေသတွင် နေထိုင်သူများထက် အအေးပိုင်းဒေသတွင် နေထိုင်သူများက ပို၍ ဆီးချိုရောဂါဖြစ်လေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။ နေရောင်ခြည်နှင့် နေ့စဉ်ထိတွေ့ အလုပ်လုပ်ကိုင်သူများထက် အလုံပိတ်အဲကွန်းခန်းများ၌ အလုပ်လုပ် ကိုင်သူများတွင် ဆီးချိုသွေးချိုရောဂါ ပို၍ဖြစ်နိုင်သည် ကို တွေ့ရသည်။
ယနေ့ခေတ် မြို့ပြလူနေမှုစနစ်တွင် အထပ်မြင့် တိုက်ခန်းများ၌ နေထိုင်သူများလာရာ တချို့အဆောက်အအုံများမှာ တစ်ခုနှင့်တစ်ခုကြားညပ်ပြီး နေရောင်ခြည် ကောင်းစွာမရရှိသည်ကို တွေ့ရသည်။ နေရောင်မဝင် သည့်အခန်းမျိုး၌ နေထိုင်ရပါက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်နိုင်သည်။ ဆီးချိုသွေးချိုရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းကို အစားအသောက်တစ်ခုတည်းတွင်သာ အာရုံစိုက်နေခြင်းထက် အနေအထိုင်၊ အဆောက်အအုံနှင့် လုပ်ငန်းခွင်နေရာကိုပါ ထည့်သွင်းစဉ်းစားပြီး ပြုပြင်သင့်သည်။
လမ်းလျှောက်နည်းခြင်းသည်လည်း ဆီးချိုသွေးချို ရောဂါဖြစ်ရခြင်း၏ အကြောင်းရင်း တစ်ခုဖြစ်သည်။ လူတိုင်း တစ်ရက်လျှင် အနည်းဆုံးနှစ်မိုင်ခန့် လမ်းလျှောက်သင့်သည်။ လမ်းလျှောက်သည့် အလေ့အထ နည်းသူများတွင် အသက်ကြီးလျှင် သွေးတွင်းအချို ဓာတ်များလာပြီး နောက်ဆက်တွဲရောဂါအဖြစ် ကျောက်ကပ်၊ နှလုံးနှင့် လေဖြတ်လေငန်းရောဂါများ ဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်မျိုးမျိုးပြုလုပ်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်သင့်သည်။
သွေးတိုးရောဂါ
သွေးတိုးရောဂါသည် အသက် ၄၀ ကျော်လာသူ အတော်များများတွင် ဖြစ်လေ့ရှိသည်။ သွေးတိုးရောဂါ ဟုဆိုသဖြင့် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသော သွေးလွှတ်ကြော၊ သွေးပြန်ကြောများမှ သွေးများတိုး ပွားလာခြင်းမဟုတ်ပါ။ ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးရောက်ရှိစေရန် နှလုံးမှ သွေးကိုညှစ်ပို့ရသည်။ ထိုသို့ ညှစ်ပို့ရသော သွေးဖိအားသည် ပုံမှန်မဟုတ်တော့ဘဲ ပုံမှန်ထက်ပို၍ တိုးလာခြင်း၊ သွေးပို့ညှစ်သည့်ဖိအား တိုးလာခြင်းကို သွေးတိုးရောဂါဟုခေါ်သည်။ အနောက် တိုင်းသွေးပေါင်ချိန်ကိရိယာတွင် ပြဒါးနှင့်တိုင်းသော ဖိအားအပေါ် ၁၄၀ မီလီမီတာ/ပြဒါးနှင့်အောက် ၉၀ မီလီမီတာ/ပြဒါးအထက်ကျော်လွန်သွားလျှင် သွေးတိုး ရောဂါဝင်လာပြီဟု သတ်မှတ်သည်။ ပုံမှန်လူတစ်ယောက်၏ နှလုံးမှညှစ်သော သွေးဖိအားမှာ အပေါ် ၁၂၀ မီလီမီတာ/ပြဒါးအောက် ၈၀ မီလီမီတာဟု သတ်မှတ်ထားသည်။ တစ်နည်းအားဖြင့် 120/ 80 mmHg သည် အကောင်းဆုံးဟုဆိုသည်။
မြန်မာတိုင်းရင်းဆေးပညာတွင်လည်း သွေးစမ်းပညာရှိသည်။ လက်မဆစ်အရင်း လက်ကောက်ဝတ် အခြေတွင်ရှိသော သွေးကြောသည် နှလုံးမှထွက်လာသော ပင်မသွေးကြောကြီးနှင့် ဆက်လျက်ရှိသည်။ ထိုသွေးကြောတွင် သွေးတိုးပုံမှန် အနေအထားအမျိုးမျိုးကို လေ့လာရာတွင် သွေးလုံးကြီးသော သွေးတိုး၊ သွေးလုံးငယ်သောသွေးတိုး၊ အလယ်အလတ်သွေးတိုး ဟူ၍ သုံးမျိုးတွေ့ရသည်။ ထိုသုံးမျိုးတွင် ပူ၍သွေးလုံးကြီးသော သွေးတိုးသည် မကောင်းပေ။ အေး၍ သွေးတိုးရောဂါရင့်လာလျှင် လက်ကောက်ဝတ် တွင် ဆောင့်တိုးပြီး မြွေကဲ့သို့တိုးသော သွေးတိုး၊ ဖားကဲ့သို့ခုန်သော သွေးတိုး၊ ပုစွန်ဆိတ်ကဲ့သို့ခုန်၍ တိုးသောသွေးတိုးများသည် သွေးစမ်းပညာရပ်တွင် မကောင်းသော သွေးတိုးများဖြစ်သည်။
သွေးတိုးဝေဒနာ ခံစားနေရသူ၏ လက္ခဏာမှာ မျက်နှာမကြည်လင်ခြင်း၊ ခေါင်းအုံခေါင်းခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ နားထင်နှင့် မျက်ခုံးအကြောများတင်း၍ ကိုက်ခြင်း၊ အိပ်ချင်ခြင်း၊ သမ်းဝေခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အမြင်အာရုံမကြည်လင်ခြင်း ဝေဒနာများ ခံစားရတတ်သည်။ အလွန်သွေးတိုးနေလျှင် မျက်စိထောင့်မှ သွေးကြောလေးများ နီရဲနေသည်ကို တွေ့ရသည်။ သွေးဖိအား အလွန်အမင်းတိုးခြင်းကြောင့် မျက်စိသွေးကြောငယ်လေးများ ပေါက်ခြင်း၊ ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ် ခြင်းအထိ ဖြစ်နိုင်သည်။
သွေးတိုးရောဂါ ဖြစ်ပွားမှုမှကာကွယ်ရန်
(၁) စိတ်သောကများကို အတတ်နိုင်ဆုံး လျှော့ချပါ။
(၂) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
(၃) အငန်ကို လျှော့၍စားသုံးပါ။
(၄) အသားနှင့်အသီးအနှံကို မျှတစွာစားသုံးပါ။
(၅) လမ်းလျှောက်ခြင်း သို့မဟုတ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို နေ့စဉ်ပြုလုပ်ပါ။
(၆) အလွန်ပြင်းထန်သော အားကစားမလုပ်ပါနှင့်။
(၇) ဝမ်းမချုပ်အောင် အစဉ်ဂရုပြုပါ။ ဝမ်းနုတ်ဆေးကို စွဲ၍စားသုံးခြင်း မပြုဘဲ သဘာဝအတိုင်း ဝမ်းမှန်အောင်ပြုလုပ်ပါ။ အသီးအနှံများများစားခြင်း၊ အိပ်ရာဝင် ရေအဝသောက်ခြင်းဖြင့် ဝမ်းမှန်စေနိုင်သည်။
(၈) အအေးဓာတ်များသော နေရာများတွင် အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။
(၉) အရက်သေစာသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
(၁၀) ဆေးလိပ်ငွေ့၊ ခြင်ဆေး၊ ဓာတ်ဆီ၊ ဒီဇယ် ဆီလောင်ကျွမ်းရာမှ ထွက်သော အငွေ့များရှူရှိုက်ခြင်းကို ရှောင်ကြဉ်ပါ။
(၁၁) အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ အရောင်ဆိုးဆေး၊ ဓာတုပစ္စည်းသုံးစွဲသော အစာများကို ရှောင်ကြဉ်ပါ။
(၁၂) နေရောင်ခြည်နှင့် လေကောင်းလေသန့်ရ သောနေရာတွင် နေထိုင်နိုင်လျှင် အကောင်း ဆုံးဖြစ်ပါသည်။