အလားအလာကောင်းသော ဆီမုန်ညင်း

အလားအလာကောင်းသော ဆီမုန်ညင်း

ကမ္ဘာတစ်ဝန်းတွင် လူတို့နေ့စဉ်စားသုံးရန် စားသုံးဆီအတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ဆီအုန်းတို့ကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြပါတယ်။ ဆီထွက်သီးနှံအလိုက် ဆီပါဝင်မှုနှုန်းများမှာ မြေပဲတွင် ၄၀-၅၄ ရာခိုင်နှုန်း၊ နှမ်းတွင် ၄၈-၅၅ ရာခိုင်နှုန်း၊ နေကြာတွင် ၄၈-၅၃ ရာခိုင်နှုန်း၊ ပဲပုပ်တွင်  ၈ ဒသမ ၁-၂၇ ဒသမ ၉ ရာခိုင်နှုန်း၊ ဆီမုန်ညင်းတွင် ၄၀-၄၅ ရာခိုင်နှုန်း၊ ပန်းနှမ်းတွင် ၃၇-၄၇ ရာခိုင်နှုန်း၊ ဆီအုန်းတွင် ၄၅-၅၅ ရာခိုင်နှုန်းရှိကြပြီး ဆီထွက် သီးနှံမျိုးကွဲနှင့်  မျိုးရိုးဗီဇကိုလိုက်၍  ဆီပါဝင်မှုနှုန်းများမှာ ကွဲပြားမှုရှိနိုင်ပါတယ်။

ဆီထွက်သီးနှံများထဲတွင် ဆီမုန်ညင်းသည် ကမ္ဘာတစ်ဝန်းတွင် ဒုတိယစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဆီထွက်သီးနှံဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်မှုစုစုပေါင်း၏ ၁၂ ရာခိုင်နှုန်း စိုက်ပျိုး ထုတ်လုပ် လျက် ရှိပါတယ်။ ဆီမုန်ညင်းသည် လွန်ခဲ့သော ဆယ်စုနှစ်ကစတင်၍ စိုက်ပျိုးထုတ်လုပ်မှု၊ စိုက်ဧကနှင့် အထွက်နှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆီမုန်ညင်းစေ့၏ အရည်အသွေး အထူးသဖြင့် ဆီပါဝင်မှုမှာ တိုးတက်လာခဲ့ပါတယ်။ ဆီမုန်ညင်း၏ မူရင်းဒေသမှာ မြေထဲပင်လယ်ဒေသဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် (ဘီစီ-၄၀၀၀) ခန့် မှစတင်စိုက်ပျိုးခဲ့ကြပြီး ထိုမှတစ်ဆင့် တရုတ်နှင့် ဂျပန်နိုင်ငံတို့ကို လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်မှစတင် ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ဆီမုန်ညင်း စိုက်ပျိုးထုတ် လုပ်သည့် နိုင်ငံပေါင်း  ၆၆  နိုင်ငံရှိသည့်အနက် ၃၃ နိုင်ငံမှာ ဥရောပနိုင်ငံများဖြစ်ပြီး အာရှမှ ၁၅ နိုင်ငံ၊ အမေရိကတိုက်မှ ကိုးနိုင်ငံ၊ အာဖရိကတိုက်မှ ခြောက်နိုင်ငံနှင့် ကျွန်းနိုင်ငံ နှစ်နိုင်ငံတွင် စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါတယ်။ ၂၀၂၃-၂၀၂၄ ခုနှစ် စစ်တမ်းများအရ ဆီမုန်ညင်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံများမှာ ကနေဒါ၊  တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင် ဆီမုန်ညင်းကို ဆီထွက်သီးနှံစိုက်ပျိုးဧရိယာ စုစုပေါင်း၏ ၁  ဒသမ ၁၂  ရာခိုင်နှုန်းနှင့်  တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ ၁၃ ဒသမ ၀၄ တင်းနှုန်း စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဆီမုန်ညင်းကို တိုင်းဒေသ ကြီး/ပြည်နယ်ကိုးခုတွင် စုစုပေါင်း  ၉၃၅၈၁ ဧက လျာထား ဆောင်ရွက်လျက်ရှိရာ အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည့် ဒေသများမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ဖြစ်ကြပါတယ်။ ဆီမုန်ညင်းစိုက်ပျိုး ထုတ်လုပ်မှုအလားအလာ ကောင်းမွန်စေရန် အတွက် အထွက်နှုန်းမြင့်မား တိုးတက်လာစေရေး၊ အရည်အသွေးတိုးတက် ကောင်းမွန်စေရေးနှင့် စျေးကွက် ရရှိရေး အလေးပေးဆောင်ရွက်ရန် လိုအပ်လာပါတယ်။

အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင်

ဆီမုန်ညင်းစိုက်ပျိုးသည့် တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးရရှိရေး၊ မစိုက်ပျိုးမီ ထယ်ရေးထွန်ရေး ညက်အောင် ကောင်းမွန်စွာ ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်း၊ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးခြင်း၊ သီးနှံပင် ရေလိုအပ်ချိန်တွင် ရေပေးသွင်း နိုင်ရေး၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း နည်းပညာများ ကို စဉ်ဆက်မပြတ် မျှဝေရန်မှာ စိုက်ပျိုးရေးပညာရှင်များ အားလုံး၏ တာဝန်ဖြစ်ပါတယ်။ ဆီမုန်ညင်း သည် အပူပိုင်းနှင့် သမပိုင်းဒေသမှာ ပေါက်ရောက်ဖြစ် ထွန်းတဲ့ ဆီထွက်သီးနှံပင် အမျိုးအစားဖြစ်ခြင်း၊  အပူချိန်အားဖြင့်  မပူလွန်း၊ မအေးလွန်းသည့် အခြေအနေ၊   နေ့အပူချိန်  ၂၅ ဒီဂရီစင်တီဂရိတ်၊ ၇၇ ဒီဂရီ ဖာရင်ဟိုက်အောက်တွင် အပင်ကောင်းစွာ ဖြစ်ထွန်းနိုင်ပြီး အပင်ကြီးထွားမှု အဆင့်ဆင့်မှာ နှင်းခါးကျသည့် ဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ မြန်မာနိုင်ငံ တွင်  ဆောင်းရာသီ၌ အဓိက စိုက်ပျိုးခြင်း၊ မြေချဉ်ငန်ကိန်း ၅ ဒသမ ၅-၈ ဒသမ ၅ အတွင်း စိုက်ပျိုးဖြစ် ထွန်းနိုင်ခြင်း၊ ပန်းပွင့်ချိန်၊ အသီးဖြစ်ထွန်းချိန်များမှာ ရေအစိုဓာတ် ကောင်းစွာမရပါက အထွက်နှုန်း လျော့နည်းနိုင်သည့်အတွက် ရေပေးသွင်းသင့်ခြင်း၊ ပန်းပွင့်ချိန်မှာ အစိုဓာတ်လုံလောက်စွာရှိပြီး လိုအပ်ပါ ကယူရီးယား ၂၈ ပေါင်ထည့်သွင်းပေးခြင်း၊  ဆီမုန်ညင်း စိုက်ခင်းပတ်လည်တွင် ပျားပုံးများထားရှိခြင်း၊ ရင့်မှည့်ချိန်တွင် ပင်စည်နှင့် အသီးများ အဝါရောင်ဖြစ်ပေါ်လာပြီး အစေ့များ အနက်ရောင် ဖြစ်ထွန်း လာပါက အစေ့အတွင်း အစိုဓာတ် ၁၅ ရာခိုင်နှုန်းရှိခြင်း၊ ဆီမုန်ညင်းအသီး၊ အစေ့တွေဟာ ရင့်မှည့်မှု မြန်ဆန်တဲ့အတွက် သင့်လျော်သည့် ရိတ်သိမ်းချိန်ကို တစ်ပတ်ထက် ပိုမကြာသင့်ခြင်း၊ ပတ်ဝန်းကျင် အခြေအနေနှင့် မျိုးရိုးဗီဇအပေါ် မူတည်၍ သက်တမ်း ၁၁၀-၁၅၀ အတွင်းရင့်မှည့်နိုင်ခြင်း၊ အလေအလွင့် နည်းအောင် နံနက်ပိုင်းနှင့် ညနေပိုင်းတွင် စနစ်တကျ ရိတ်သိမ်းခြင်း၊ သိုလှောင်သိမ်းဆည်းရာတွင် အစိုဓာတ် ၈ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ခြင်း နည်းပညာများကို တောင်သူများ မျက်မြင် ကိုယ်တွေ့ယုံကြည်မှုရှိ၍ လိုက်နာ ဆောင်ရွက်နိုင်အောင် စည်းရုံးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှလည်း ဆီမုန်ညင်းစိုက်ပျိုးသည့်အခါ “မိုးလာပေါက်၊ ချိုးလာ ကောက်” ဆိုသည့် လူပျင်းစိုက်ပျိုး နည်းကို မကျင့်သုံးဘဲ ကိုယ်ထူကိုယ်ထလုံ့လစိုက်ထုတ် ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ဆီမုန်ညင်းအရည်အသွေး တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင်

ဆီမုန်ညင်း၏ဆီတွင် Erucic Acid  ပါဝင်မှုမှာ ၂  ရာခိုင်နှုန်းအောက်နှင့်  Glucosinolates  ပါဝင်မှုမှာ ဆီမုန်ညင်း ကြိတ်ဖတ်တစ်ဂရမ်တွင် 30 µmol သာ ပါဝင်မှသာ ကျန်းမာရေးနှင့် ညီညွတ်မည့် စားသုံးဆီ ရရှိမှာ ဖြစ်ပါတယ်။ ဒေသမျိုးရင်း ဆီမုန်ညင်းမျိုးများတွင် အဆိပ်အတောက်ဖြစ်စေနိုင်သည့် Erucic Acid ၂၂-၆၀ ရာခိုင်နှုန်းနှင့် Glucosinolates 80 µmol /ဂရမ် ထိ ပါဝင်မှုရှိနေတတ်ခြင်းကြောင့်  ဆီမုန်ညင်း၏ ဆီအရည်အသွေးကို အဟန့်အတားဖြစ်စေပါတယ်။ မြန်မာနိုင်ငံမှ ဆီမုန်ညင်းဆီ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရန် မိမိတို့ဒေသတွင် စိုက်ပျိုးထုတ်လုပ်နေသည့် မျိုးများ၏ Erucic Acid နှင့်  Glucosinolates ပါဝင်မှုများကို လေ့လာတိုင်းတာသုံးသပ်ရန် လိုအပ်ပါ တယ်။ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရရှိရေးအတွက် မိမိတို့ဒေသရှိ ဆီမုန်ညင်းမျိုးများ၏ အရည်အသွေးပြည့်မီရေးအတွက် Decision Maker များ၏ လမ်းညွှန်မှုဖြင့် မျိုးစပ်မျိုးမွေးမြူသူများ၊ စိုက်ပျိုးရေး အထူးပြု ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တိုးချဲ့ပညာပေးရေး ဝန်ထမ်းများနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူ များ ပူးပေါင်းပါဝင်သော (Farmer  Participatory  Plant  Breeding) နည်းလမ်းဖြင့် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အလားအလာကောင်းသော ဆီမုန်ညင်းစျေးကွက်

ဆီမုန်ညင်း၏ စျေးကွက်ဝယ်လိုအားကို ပိုမိုတိုးတက် လာစေသည့် အဓိကအချက်များမှာ စားသုံးသူများ ၏ကျန်းမာရေးအသိပညာတိုး တက်လာခြင်းကြောင့် အစားအစာ စားသောက်မှုပုံစံသည် အသား စားသုံးမှုမှ ဟင်းသီးဟင်းရွက်များကို ပြောင်းလဲ အသုံးပြု စားသုံးလာကြခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသည့် အစားအစာများကို ရွေးချယ် စားသုံးလာကြခြင်း၊ ဆီမုန်ညင်းဆီသည်   သွေးတွင်းရှိ မကောင်းသောအဆီ (LDL cholesterols) ကိုလျော့ကျစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော ကောင်းသောအဆီ (HDL  cholesterols) ကို မြှင့်တင်ပေးနိုင်ခြင်း၊ ဆီမုန်ညင်းစေ့တွင် အာဟာရဓာတ် ပါဝင်မှုအနေဖြင့် ဆီပါဝင်မှု  ၄၀-၄၅ ရာခိုင်နှုန်းနှင့် Protein  ၃၈-၄၁ ရာခိုင်နှုန်းပါဝင်ခြင်း၊ ဆီမုန်ညင်း ကြိတ်ဖတ်တွင် Protein ၃၅-၄၀ ရာခိုင်နှုန်း၊ Carbohydrates ၁၄-၁၅ ရာခိုင်နှုန်း၊ Fibre ၁၀-၁၂ရာခိုင်နှုန်း၊ Ash ၄-၆ ရာခိုင်နှုန်း၊ Minerals and Vitamins  ၁ ဒသမ ၀-၁ ဒသမ ၅ ရာခိုင်နှုန်း၊ Glucosinolates ၂-၃ ရာခိုင်နှုန်း၊  Tannin ၁ ဒသမ ၆- ၃ ဒသမ ၁ ရာခိုင်နှုန်း၊  Sinapin ၁-၁ ဒသမ ၅ ရာခိုင်နှုန်း၊ Phytic acid  ၃၆ ရာခိုင်နှုန်းပါဝင်မှုရှိကြောင်းသိရှိရပြီး တိရစ္ဆာန်အစာအဖြစ် အသုံးပြုမှုများရှိလာပါတယ်။ ဆီမုန်ညင်း မှ ထုတ်လုပ်သည့်ဆီကို ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ အာရုံကြောအားနည်းခြင်းနှင့် ခေါင်းကိုက်၊ ဒူးနာ၊ ခါးနာခြင်း၊ ခြေထောက်များဖောရောင်ခြင်း စသည်တို့ကို သက်သာပျောက်ကင်းစေနိုင်သည့် အတွက် တိုင်းရင်းဆေးဝါးများ အဖြစ်လည်းကောင်း၊ စက်ရုံများတွင် စက်မှုကုန်ကြမ်းထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုမှု ပိုမိုများပြားလာခြင်းတို့ကြောင့် နိုင်ငံအများမှ ပိုမိုဝယ်လိုအားကောင်း လာကြပါတယ်။ 

၂၀၂၁ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း ကမ္ဘာ့ဆီမုန်ညင်းစျေးကွက်သည် ၅ ရာခိုင်နှုန်း တိုးတက်လာနိုင် သည်ဟု ပညာရှင်များက သုံးသပ်ထားကြပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆီမုန်ညင်းကို မလေးရှား နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပါတယ်။ ဆီမုန်ညင်းစျေးကွက် ဝယ်လိုအားကောင်းမွန်ပြီး စျေးကွက် ခိုင်မာမှု ပိုမိုအားကောင်းလာစေရေးအတွက် မိမိတို့စိုက်ပျိုး ထုတ်လုပ်သည့် ဆီမုန်ညင်းဆီ၏ အရည် အသွေးကို အဓိကထားကောင်းမွန်အောင် ဆောင်ရွက်ကြရမှာ  ဖြစ်ပါတယ်။

ဆီထွက်သီးနှံဆီမုန်ညင်းကို အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး စျေးကွက်ဝင် ဆီထွက် သီးနှံဖြစ်အောင် ဆောင်ရွက်ခြင်း၊ စားသုံးဆီကို ပိုမိုထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း၊ အထွက်နှုန်း ပိုမိုတိုးတက်ရရှိအောင် ဆောင်ရွက်ခြင်းနှင့် ဆီမုန်ညင်းအရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းတို့ကို ယခုထက်ပိုမို၍ ၀ိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ဆီမုန်ညင်း ဝယ်လိုအားစျေးကွက်  ပိုမိုခိုင်မာတောင့်တင်းလာမှာ ဖြစ်ပါတယ်။ ဆီထွက်သီးနှံ ဆီမုန်ညင်းမှ ဝင်ငွေပိုမို တိုးတက်ရရှိစေနိုင်သည့်အတွက်အလားအလာကောင်းသော ဆီမုန်ညင်းကို ပိုမိုတိုးတက် စိုက်ပျိုး ထုတ်လုပ်သင့်ပါကြောင်း  ရေးသားတိုက်တွန်းအပ်ပါတယ်။  ။

မျိုးနွယ်

Dates: 
Wednesday, July 17, 2024 - 10:45