၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအုပ်စုပွဲစဉ်တွင် မြန်မာအသင်းက အာရှထိပ်သီးဂျပန်အသင်းကိုရှုံးနိမ့်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအုပ်စုပွဲစဉ်တွင် မြန်မာအသင်းက အာရှထိပ်သီးဂျပန်အသင်းကိုရှုံးနိမ့်

ရန်ကုန်  ဇွန်  ၆

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ အုပ်စု(B)အုပ်စုပွဲစဉ်အဖြစ် ယနေ့ည ၆  နာရီ မိနစ် ၄ဝက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ မြန်မာအသင်းနှင့်ဂျပန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ငါးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် ဂိုးသမားနေရာတွင် ကျော်ဇင်ထက်၊ အခြားကစားသမားများအဖြစ် လတ်ဝေဖုန်း၊ စိုးမိုးကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ဥက္ကာနိုင်၊ မောင်မောင်လွင်၊ နေမိုးနိုင်၊ ဝေလင်းအောင်၊ ဇွဲထက်မင်း၊ သက်ဟိန်းစိုး အစရှိသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။

အဆိုပါပွဲစဉ်တွင် ပွဲချိန်အစပိုင်းတွင် မြန်မာအသင်းက ဂျပန်အသင်းကို အကောင်းဆုံး ပြန်လည်တုံ့ပြန် ကစားနိုင်ခဲ့သော်လည်း ပွဲချိန်ကြာလာသည်နှင့် အာရှထိပ်သီးဂျပန်အသင်းက ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၁၆ မိနစ်တွင် နာကာမူရာနှင့် ပွဲချိန် ၃၃ မိနစ်တွင် ရစ်ဆူဒွန်းတို့က ဂျပန်အသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူပြီး ပထမပိုင်းတွင် ဂျပန်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် မြန်မာအသင်းသည် ဟိန်းထက်အောင်၊ ဆွမ်လမန်၊ ဝင်းနိုင်ထွန်းတို့ကို လူစားလဲထည့်သွင်း အသုံးပြုခဲ့သော်လည်း ဂျပန်အသင်းကပင် ခြေစွမ်းပိုင်းအသာစီး ဖြင့် ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ကာ ၇၄ မိနစ်နှင့် ၈၃ မိနစ်တွင် ကိုကီအိုဂါ၀ါနှင့် ပွဲချိန် ၉၂ မိနစ်တွင် နာကာမူရာတို့က ဂျပန်အသင်းအတွက် ဦးဆောင်ဂိုးများဆက်လက်သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံး ချိန်တွင် ဂျပန်အသင်းက မြန်မာအသင်းကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအုပ်စု(B)အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇွန်လ ၁၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် လာအိုနိုင်ငံတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရ သည်။

စည်သူအောင်

Dates: 
Wednesday, July 17, 2024 - 11:33