ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ကမ္ဘာ့နိုင်ငံအသီးသီးသည် ရေချိုအတွက်၊ ရေဘေးကာကွယ်ရေးအတွက် မြင့်မားသော တာတမံ ကြီးများ  တည်ဆောက်ထားကြသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးတမံကြီး ၁၀ ခုကို မည်သည့်နိုင်ငံများက တည် ဆောက်အသုံးပြုနေကြသည်ကို ဖော်ပြလိုပါသည်။

ကမ္ဘာ့အမြင့်ဆုံးတမံကြီး ၁၀ ခုနှင့် ပိုင်ဆိုင်သည့်နိုင်ငံများ (၂၀၁၉ ခုနှစ်)

စဉ်     တမံအမည်   ပေ (မီတာ)   နိုင်ငံ

၁။      Jinping-1              ၁၀၀၀(၃၀၅)          တရုတ်

၂။       Nurek                    ၉၈၄ (၃၀၀)           တာဂျစ်ကစ္စတန်

၃။      Xiaowan                ၉၅၈(၂၉၂)              တရုတ်

၄။      Xiluodu                 ၉၃၆(၂၈၅)              တရုတ်

၅။      Grande Dixence    ၉၃၅(၂၈၅)              ဆွစ်ဇာလန်

၆။      Enguri                   ၈၉၀(၂၇၁)             ဂျော်ဂျီယာ

၇။      Yusufeli                ၈၈၆(၂၇၀)             တူကီယဲ

၈။      Nuozhadu            ၈၅၈(၂၆၁)              တရုတ်

၉။      Chicoasen            ၈၅၇(၂၆၁)              မက္ကဆီကို

၁၀။    Tehri                    ၈၅၅(၂၆၀)             အိန္ဒိယ

မြန်မာနိုင်ငံရှိ မန္တလေးတောင်၏အမြင့်မှာ ၇၈၇ ပေ (မီတာ ၂၄၀) သာရှိသည့်အတွက် ဤတမံအားလုံးသည် မန္တလေးတောင်ထက်ပင် ပေ ရာဂဏန်းပို၍မြင့်သောတမံများဖြစ်သည်ကို တွေ့ရသည်။

တမံကြီးများတည်ဆောက်ရခြင်း၏ရည်ရွယ်ချက်မှာ စားရေရိက္ခာနှင့် သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးရေး၊ ရေကြီး ရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့ကို ကာကွယ်ရန် ရည်ရွယ်ချက်မျိုးစုံ ဖြင့် တည်ဆောက်ကြခြင်းဖြစ်သည်။

လူသားတို့၏ အခြေခံလိုအပ်ချက်အားလုံးတွင် ရေသည် အဓိကအလို အပ်ဆုံးအရာဖြစ်၍ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ကြီးများ ကိုယ်တိုင် တာတမံ ကြီးများဖွင့်လှစ်ရာတွင် တက်ရောက်ခဲ့သည့် သာဓကများ လည်းရှိသည်။ တာတမံကြီးများနှင့် ယင်းတာတမံကြောင့်ဖြစ်ပေါ်လာသော ရေကန်ကြီးများကိုပင် သမ္မတကြီးများနှင့် ခေါင်းဆောင်ကြီးများ၏ အမည်များပေး၍ ဂုဏ်ပြုထားသည်ကို အထူးသဖြင့် အမေရိကန် ပြည်ထောင်စုတွင် တွေ့ကြရသည်။

နိုင်ငံအချို့သည် ရေသယံဇာတရှားပါး၍ ဆင်းရဲနေကြသည်။ အချို့ မှာ ရေသယံဇာတပေါသော်လည်း အကျိုးရှိရှိ မသုံးစွဲနိုင်ကြ၍ ဖွံ့ဖြိုးမှုရှိ သင့်သလောက် မဖွံ့ဖြိုးကြပေ။ ရေသယံဇာတ ရှားပါးသည့် နိုင်ငံများကိုလည်း နည်းလမ်းရှာ၍ ပံ့ပိုးကူညီပေးကြရန်လိုအပ်သလို ရေပေါများပြီး အသုံးမချနိုင် သေးသော ဖွံ့ဖြိုးဆဲနိုင်ငံများကိုလည်း နည်းပညာ၊ ငွေကြေး များ ပံ့ပိုးကူညီပြီး ဆင်းရဲမှုမှ ဆွဲတင် သင့်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံအများစုသည် ၎င်းတို့ပိုင်ဆိုင်ထားသည့် ရေအရင်းအမြစ်ကို ၎င်းတို့နိုင်ငံဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတစ်ခု တည်းမှာပင် မည်မျှသုံးစွဲပြီးဖြစ်နေသည်ကို ဖော်ပြပါမည်။

နိုင်ငံအလိုက် ပြန်လည်ပြည့်ဖြိုးမြဲရေချိုကိုသုံး၍ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲပြီးစီးမှုအချိုးများ

ဤဇယားကိုလေ့လာကြည့်လျှင် ကမ္ဘာ့နံပါတ်တစ် အမေရိကန်၊ ဘရာဇီး၊ နော်ဝေ၊ တရုတ်၊ ကနေဒါ စသည့်ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများသည် ၎င်းတို့ပိုင်ဆိုင်သည့် နှစ်စဉ်ပြန်လည်ပြည့်ဖြိုးမြဲရေ၏ ရာခိုင်နှုန်းအများစုကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီးဖြစ်နေသည်ကို တွေ့ရသည်။ ပြန်လည်ပြည့်ဖြိုးမြဲ ရေသည် သူ့သဘာဝအတိုင်း နှစ်စဉ်စီးဆင်းစေမည်သာဖြစ် ပါသည်။ သဘာဝကြီးကတော့ မိမိတို့ကို ကံကောင်းခြင်းလက်ဆောင်များ ပေးအပ်နေသည်။ သုံးစွဲသည့်အခါ အတတ်နိုင်ဆုံး ဘေးထွက်ဆိုးကျိုး နည်းစေရေး ဂရုပြုဆောင်ရွက်မည်ဆိုလျှင် မိမိတို့နိုင်ငံရှိ မိုးခေါင်နေသော ဒေသများ၊ ရေကြီးနေသော ဒေသများ၊ နွေရာသီတွင် မြစ်ချောင်းများရေတိမ် လွန်း၍ ရေကြောင်းသွားလာရေး ခက်ခဲနေသော အခြေအနေများမှ သိသာ စွာလျော့ပါးသွားမည်၊  လျှပ်စစ်ဓာတ်အား  စျေးသက်သာစွာရရှိမည်ကို နမူနာ နိုင်ငံများက သက်သေပြလျက်ရှိသည်။ 

ဆက်လက်ဖော်ပြပါမည်။