ကစားသမားသစ် အမ်ဘတ်ပီနှင့် ရီးယဲလ်မက်ဒရစ်အသင်း ပရိသတ်များ မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ ၊ ပရိသတ်ဦးရေ စံချိန်တင် လာရောက်အားပေး
ရီးယဲလ်မက်ဒရစ်အသင်းက အသင်းပရိသတ်များ နှင့် ကစားသမားသစ် အမ်ဘတ်ပီတို့ မိတ်ဆက်ပွဲအခမ်း အနားကို ကျင်းပရာ ပရိသတ်ဦးရေ စံချိန်တင်များပြား ခဲ့ပြီး ပရိသတ် ၈၀၀၀၀ ကျော် လာရောက်အားပေး ခဲ့ကြကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ် အမ်ဘတ်ပီသည် ပြီးခဲ့သည့် ဘောလုံးရာသီအကုန်က ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲပြီးနောက် ရီးယဲလ်မက်ဒရစ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေး ဖြင့် ပြောင်းရွှေ့ကစားခဲ့ခြင်း ဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် အမ်ဘတ်ပီကိုခေါ်ယူရန် အစောပိုင်းနှစ်များကတည်းက ကြိုးပမ်းခဲ့ပြီး အမ်ဘတ်ပီကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ် အသင်းသို့ အစောပိုင်း နှစ်များကတည်းက ပြောင်းရွှေ့ ကစားရန် ကြိုးပမ်းခဲ့သော်လည်း ပီအက်စ်ဂျီအသင်းက ကမ်းလှမ်းမှုများကို ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့ မဖြစ်မြောက်ဘဲ ယခုနှစ်အပြောင်းအရွှေ့ ကာလမှသာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင် ခဲ့ခြင်းဖြစ်သည်။
အမ်ဘတ်ပီက အသင်းပရိသတ်များနှင့် မိတ်ဆက်ပွဲ အခမ်းအနားတွင် “ကျွန်တော့်ကို တခြားအသင်းတွေက ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ ကျွန်တော်တခြား ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့ပါတယ်။ ရီးယဲလ် မက်ဒရစ်အသင်း တစ်သင်းတည်းသာ ကျွန်တော် ရွေးချယ်ထားတဲ့ ရွေးချယ်မှုပါ။ အခုလိုဖြစ်လာလိမ့်မယ်လို့ အစောကတည်းက အပြည့်အဝ ယုံကြည်ထားပြီး သားပါ။ ကျွန်တော် အစောပိုင်းကတည်းက ရီးယဲလ် မက်ဒရစ်အသင်းကို လာမယ်လို့ ကတိပေးထားခဲ့တာပါ။ အခုတော့ ဒီအသင်းကို ကျွန်တော့်ကတိအတိုင်း အမှန်တကယ် ရောက်ရှိခဲ့ပါပြီ။ အားပေးတဲ့အသင်း ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”ဟုပြောသည်။
အမ်ဘတ်ပီ၏မိတ်ဆက်ပွဲသည် ၂၀၀၉ ခုနှစ်က စီရော်နယ်ဒို၏ မိတ်ဆက်ပွဲကဲ့သို့ ပရိသတ်စံချိန်တင် လာရောက်ပြီး ပရိသတ် ၈၀၀၀၀ ကျော် လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။