မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်းက ရှမ်းယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

 

မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်းက ရှမ်းယူနိုက်တက် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

 

ရန်ကုန်  ဇူလိုင်  ၁၇

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲ ပွဲစဉ်(၈)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့  စလင်းအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီအသင်းတို့ ကစားခဲ့ရာ ဧရာဝတီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ခြေစွမ်းပိုင်း  ကွာခြားမှုမရှိခဲ့ဘဲ   အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၃၈ မိနစ်တွင်  မေသင်္ကြန်မိုးက ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဧရာဝတီအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် ရှမ်းယူနိုက်တက်အသင်းက ချေပဂိုးအတွက် ပြန်လည်ဖိအားပေးမှုများကြောင့် ဧရာဝတီအသင်း အခက်တွေ့ခဲ့ရပြီး ပွဲချိန် ၆၆ မိနစ်တွင် ယုယနိုင်က ရှမ်းယူနိုက်တက် အသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၇၈ မိနစ်တွင် နန့်ရှင်းသန့်ဖြူဇင်ဖြိုးက  ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုး  ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ဧရာဝတီအသင်းက   ရှမ်းယူနိုက်တက်အသင်းကို  ၂ ဂိုး၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီအသင်း တိုက်စစ်မှူး  စန်းသော်သော်က ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၈)အဖြစ် ဇူလိုင်လ ၁၈ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့  ပဒုမ္မာအားကစားကွင်း၌ ISPE  အသင်းနှင့် မြဝတီအသင်း၊ YUSC အားကစားကွင်း၌  ရန်ကုန်ယူနိုက်တက် အသင်းနှင့်  YREO အသင်းတို့  ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Thursday, July 18, 2024 - 11:35