စိုက်ပျိုးမွေးမြူရေးကို အလေးထား နိုင်ငံ့ GDP တိုးပွား

 

စိုက်ပျိုးမွေးမြူရေးကို အလေးထား နိုင်ငံ့ GDP တိုးပွား

 

    နိုင်ငံတစ်ခုရဲ့    ဖွံ့ဖြိုးတိုးတက်မှုကို  တိုင်းတာရာမှာ  GDP နဲ့ တိုင်းတာကြပါတယ်။ GDP ဆိုတာ Gross Domestic Product - GDP  ဖြစ်ပြီး   အဓိပ္ပာယ်က စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးဖြစ်ပါတယ်။ လူတိုင်းနားလည်လွယ်အောင်ပြောရမယ် ဆိုရင်တော့  နိုင်ငံတစ်ခုက ထုတ်လုပ်လိုက်တဲ့   ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေရဲ့ ငွေကြေးတန်ဖိုးပဲဖြစ်ပါတယ်။ ဒါကို နှစ်အလိုက်    သူတို့သတ်မှတ်ထားတဲ့  ကာလအပိုင်းအခြားတစ်ခုမှာ တိုင်းတာလေ့ရှိပါတယ်။

အဲဒီလိုတိုင်းတာတဲ့အခါမှာ  လယ်ယာကဏ္ဍကြီး (Agriculture Sector)၊ စက်မှု ကဏ္ဍကြီး (Industry Sector)နဲ့ ဝန်ဆောင်မှု ကဏ္ဍကြီး   (Services and Trade Sector) စတဲ့  ကဏ္ဍကြီးသုံးမျိုးနဲ့ တန်ဖိုးများကို စုဆောင်း တွက်ချက်တာဖြစ်ပါတယ်။    လယ်ယာကဏ္ဍကြီးတွေမှာတော့ လယ်ယာ၊ သားငါးနဲ့ သစ်တောကဏ္ဍတို့ ပါဝင်ပါတယ်။  စက်မှုကဏ္ဍကြီးမှာတော့  စွမ်းအင်၊  သတ္တုနှင့် တွင်းထွက်ပစ္စည်း၊ စက်မှုလက်မှု၊      လျှပ်စစ်ဓာတ်အား၊ ဆောက်လုပ်မှု ကဏ္ဍတို့ပါဝင်ပြီး ဝန်ဆောင်မှု ကဏ္ဍမှာတော့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေး၊ အခြားဝန်ဆောင်မှုနဲ့ ကုန်သွယ်မှုဆိုတဲ့ ကဏ္ဍတို့ပါဝင်ကြောင်း ပြည်သူများ သိရှိနိုင်စေဖို့   ဗဟုသုတအနေနဲ့လည်း မျှဝေပေးချင်ပါတယ်။

နိုင်ငံတစ်ခုရဲ့  GDP  တိုးတက်ခြင်း သို့မဟုတ် ဆုတ်ယုတ်ခြင်းသည် စားသုံးသူ၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရအသုံးစရိတ်နဲ့ ပို့ကုန်သွင်းကုန်  စသော အကြောင်းအရာများပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် ပို့ကုန်သွင်းကုန် (Exports and Imports)တို့ဟာ အဓိကပဲဖြစ်ပါတယ်။  နိုင်ငံခြားသို့တင်ပို့မှုများဟာ နိုင်ငံရဲ့ဝင်ငွေကို တိုးစေပြီး သွင်းကုန်များကတော့   နိုင်ငံရဲ့ လိုအပ်ချက်တွေကို ပြည်ပမှတင်သွင်းခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာက     နိုင်ငံရဲ့လိုအပ်ချက်တွေဖြစ်တဲ့ သွင်းကုန်တွေကို နိုင်ငံတွင်းမှာပဲ ထုတ်လုပ်နိုင်တယ်ဆိုရင် ပြည်ပက တင်သွင်းရတဲ့ သွင်းကုန်တွေ လျော့ကျလာမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံက ထုတ်ကုန်များ ပြည်ပသို့များများ တင်ပို့နိုင်တဲ့အခါ နိုင်ငံအတွင်းသို့ ငွေကြေးစီးဝင်မှု များလာမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်  ပို့ကုန်များပြီး သွင်းကုန်နည်းမယ်ဆိုရင် နိုင်ငံရဲ့ဝင်ငွေများပြီး ထွက်ငွေနည်းတဲ့ သဘောပဲဖြစ်ပါတယ်။

ဝင်ငွေများပြီး  ထွက်ငွေနည်းတဲ့အခါ နိုင်ငံတစ်ခုရဲ့ GDP ဟာ   တိုးတက်လာပါတယ်။ ဝင်ငွေနည်းပြီး ထွက်ငွေများလာရင်တော့   နိုင်ငံတစ်ခုရဲ့  GDP ဟာ လျော့နည်းလာမှာဖြစ်ပါတယ်။  ဒါဟာ GDP တိုးတက်တာ၊ လျော့နည်းတာကို ဘယ်လိုသိရှိနိုင်မလဲဆိုတာကို   လူတိုင်းသိနိုင်အောင် နားလည်အလွယ်ဆုံးနည်းနဲ့ ပြောပြပေးတာ ဖြစ်ပါတယ်။ 

နိုင်ငံတစ်ခုရဲ့ GDP တိုးတက်လာတဲ့ အခါ အဲဒီနိုင်ငံရဲ့   စီးပွားရေးအား ကောင်းမွန်လာပြီး   အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာပါတယ်။ အလုပ်လက်မဲ့ အရေအတွက်ကို   လျှော့ချပေးနိုင်တဲ့အတွက်  ပြည်သူတစ်ဦးချင်းစီရဲ့ဝင်ငွေလည်း တိုးလာမှာဖြစ်တယ်။ ဝင်ငွေတိုးလာတဲ့အခါ  ပညာရေး၊ ကျန်းမာရေးစတဲ့ လူနေမှုအဆင့်အတန်းများကလည်း မြင့်တက်လာတယ်။  စီးပွားရေးကောင်းတဲ့ နိုင်ငံတစ်ခုမှာ      ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်းပြည်ပ  စီးပွားရေး လုပ်ငန်းတွေလည်း ဝင်ရောက်လာနိုင်တယ်။ နိုင်ငံတကာအလယ်မှာ စီးပွားရေး အားကောင်းမွန်တဲ့ နိုင်ငံအဖြစ်   မျက်နှာပန်းပွင့်လာတဲ့အခါ စီးပွားရေးနဲ့အတူ  ကာကွယ်ရေးအားနဲ့ နိုင်ငံရေးအားကိုပါ တိုးတက်ကောင်းမွန်အောင်   ယှဉ်တွဲတည်ဆောက်နိုင်မယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း ပိုမိုအဆင်ပြေလာပြီး    နိုင်ငံရဲ့အရေးပါ အရာရောက်မှုဟာ     ကမ္ဘာ့အလယ်မှာ နေရာတစ်နေရာ ရလာနိုင်တယ်။

ခြုံပြောရရင် GDP ကောင်းတဲ့   နိုင်ငံတစ်ခုဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေး အစစအရာရာမှာ  သာလွန်ကောင်းမွန်လာမှာဖြစ်ပါတယ်။

ဥပမာ-    မြန်မာနိုင်ငံမှာဆိုရင်လည်း  စက်သုံးဆီ၊ စားသုံးဆီနဲ့   ပတ်သက်ပြီး လိုအပ်ချက်တွေရှိနေတာကြောင့်  နှစ်စဉ်ပြည်ပကနေ တင်သွင်းနေရတာတွေ ရှိပါတယ်။ စက်သုံးဆီသုံးစွဲမှုမှာ ကိုယ်ပိုင်ယာဉ်များကို    မလိုအပ်ဘဲ မသုံးစွဲဘူး။ 

ခရီးသည်တင်ယာဉ်များကိုသာ အသုံးပြုမယ်ဆိုရင် စက်သုံးဆီလိုအပ်မှုကို လျှော့ချနိုင်မယ်၊ လေထုညစ်ညမ်းမှုကိုလည်း လျှော့ချနိုင်မယ်၊  နိုင်ငံအတွင်း ယာဉ်ကြောပိတ်ဆို့မှုများမှလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက လိုအပ်တဲ့စက်သုံးဆီကို အစားထိုး စက်သုံးဆီများဖြင့် ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် ကြက်ဆူပင်ကထွက်တဲ့ ဘိုင်အိုဒီဇယ်ကို သူ့နိုင်ငံမှာ  ၅ ရာခိုင်နှုန်းရောစပ်သုံးစွဲဖို့ မူဝါဒချမှတ်ထား ခြင်းဖြင့်   နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းနိုင်မှုကို  တစ်ဖက်တစ်လမ်းမှ   လျှော့ချထားတာတွေ့ရပါတယ်။  မြန်မာနိုင်ငံမှာလည်း ယခင်က ကြက်ဆူပင်ကနေ ဘိုင်အိုဒီဇယ်ကို ထုတ်လုပ်ဖို့ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြပေမယ့်  အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ပါဘူး။  ဒီလိုပဲစားသုံးဆီအနေနဲ့  ပြည်တွင်းမှာပဲ ဆီထွက်သီးနှံတွေကို ပန်းတိုင်အထွက်နှုန်းပြည့်ဝအောင်  ထုတ်လုပ်နိုင်မယ်ဆိုရင်  ပြည်တွင်းစားသုံးဆီ ဖူလုံမှုကိုဖြစ်စေပြီး ပြည်ပက တင်သွင်းနေရမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

ပြည်သူများအနေနဲ့   ကိုယ့်နိုင်ငံရဲ့ စီးပွားရေး အခြေအနေအကြောင်းကိုလည်း သိရှိထားဖို့   လိုအပ်တဲ့အတွက်ကြောင့် စာရေးသူတို့နိုင်ငံရဲ့ GDP ဟာ အရှေ့တောင်အာရှ နိုင်ငံများမှာဆိုရင်    အဆင့်ဘယ်လောက်နဲ့ ရပ်တည်နေတယ်ဆိုတာကို ပြည်သူတွေသိအောင်   မျှဝေပေးသွားပါမယ်။ 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက်   မြန်မာနိုင်ငံရဲ့   GDP ဟာ  ၃ ဒသမ ၄  ရာခိုင်နှုန်းရှိပြီး  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ရဲ့ GDP ဟာခန့်မှန်း    ၃ ဒသမ ၅   ရာခိုင်နှုန်း   ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။  အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံဟာ  ပထမနေရာ မှာရပ်တည်နေပြီး  မြန်မာနိုင်ငံကတော့  သတ္တမနေရာနဲ့    လာအိုနိုင်ငံကတော့ ဒသမနေရာမှာ ရပ်တည်နေတာ    ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အောင်မြင်အောင် ထုတ်လုပ်နိုင်တဲ့  အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာမှာ    စားနပ်ရိက္ခာ လုံခြုံရေး  Food Security  ကို  များစွာ အထောက်အကူပြုနိုင်တဲ့  နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို    ဒေသထွက်ကုန်ကြမ်းများ အသုံးပြုပြီး  အရည်အသွေးမြှင့် ထုတ်လုပ်ကာ ဒေသတွင်းစီးပွားရေးကနေ တစ်နိုင်ငံလုံး စီးပွားရေးအထိ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရပါမယ်။ ဒါ့အပြင် စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အပြင် အဲဒီလိုအဓိက ထားနိုင်လောက်အောင်လည်း ရေခံမြေခံကောင်းများစွာကို ပိုင်ဆိုင်ပါတယ်။    ဒါ့ကြောင့် စိုက်ပျိုးရေးကို အခြေခံပြီး    နိုင်ငံ့ GDP တိုးတက်ဖို့အတွက်  ဦးတည်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အဓိကအားဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက်  ဆန်စပါးကို အထွက်နှုန်းတိုးအောင် စိုက်ပျိုးနိုင်ဖို့လည်း လိုအပ်ပါတယ်။    ခေတ်အဆက်ဆက်အစိုးရတို့ဟာ  စပါးအထွက်နှုန်း     တိုးတက်စေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ စာရေးသူတို့နိုင်ငံမှာ မိုးစပါး စိုက်ဧက  ၁၄ သန်းကျော်  ရှိပါတယ်။ မိုးစပါးတစ်ဧက  ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းဟာ တင်း ၁၀၀ ဖြစ်ပါတယ်။ ဒါပေမဲ့  ၂၀၂၃-၂၀၂၄ ခုနှစ် အထွက်နှုန်းမှာတော့ ပျမ်းမျှအထွက်နှုန်းဟာ၇၈ တင်းကျော်ပဲရှိပါတယ်။    ဒါဟာ ပန်းတိုင်ရည်မှန်းချက်ထက် ၂၂ တင်းခန့် လျော့နည်းခဲ့တာဖြစ်ပါတယ်။ တွက်ကြည့်လိုက်ရင် တစ်ဧကကို  ၂၂ တင်းနဲ့ ဧက ၁၄ သန်းအတွက် သန်း ၃၀၀ ကျော်လျော့နည်း ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ငွေနဲ့တန်ဖိုးသင့်လိုက်ရင်တော့ ငွေကျပ်ဘီလီယံ ၇၀၀၀ ခန့် လောက် လျော့နည်းခဲ့တာတွေ့ရပါတယ်။ စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်း၊    ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအား တိုးချဲ့ပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းတို့ဟာ    စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်စေတဲ့ နည်းလမ်းများဖြစ်ပါတယ်။  ဒီနည်းလမ်းသုံးမျိုးထဲကမှ  စာရေးသူတို့ နိုင်ငံဟာ ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း တိုးအောင် ဆောင်ရွက်တာနဲ့   သီးထပ်စွမ်းအား တိုးချဲ့တာကို    အဓိကထား ဆောင်ရွက်နေတာဖြစ်ပါတယ်။  ပန်းတိုင်ရည်မှန်းချက် ဆိုရာမှာလည်း မဖြစ်နိုင်တဲ့ ကိန်းဂဏန်းအရေအတွက်ကို ပေးထားတာမဟုတ်ဘဲ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံရဲ့ သီးနှံအထွက်နှုန်းများကို နှိုင်းယှဉ်သုတေသနပြုပြီး သေချာစနစ်တကျ နှိုင်းယှဉ်တွက်ချက်ပြီး  ပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးသီးနှံများကို   တစ်ဧကအထွက်နှုန်းများ တိုးတက်ပြီး ပန်းတိုင်အထွက်နှုန်း အတိုင်းပြည့်မီအောင် ဆောင်ရွက်ရမှာဖြစ်တဲ့အပြင် သီးထပ်စွမ်းအားများ   တိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ ငွေအရင်းအနှီး တတ်နိုင်သူများဟာလည်း စိုက်ပျိုးရေးကဏ္ဍကြီးမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံရဲ့စိုက်ပျိုးရေး ကဏ္ဍကြီးကလည်း တိုးတက်လာသလို   နိုင်ငံ့စီးပွား၊ ပြည်သူလူထုရဲ့   လူမှုစီးပွား ဘဝများစွာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ ဒီလိုစိုက်ပျိုးသီးနှံများ    ပန်းတိုင်အထွက်နှုန်း ပြည့်မီဖို့ဆိုရင် အဓိကလိုအပ်တာက  မိရိုးဖလာ စိုက်နည်းစနစ်တွေသာမကဘဲ  ခေတ်မီနည်းစနစ်များနဲ့အညီ    စိုက်ပျိုးနိုင်ဖို့လိုအပ်ပါတယ်။

Description: C:\Users\dsitd\Desktop\18-7-2024\187122.JPG

နိုင်ငံတော်အကြီးအကဲ အမှာစကား ပြောကြားတိုင်း ပြောနေကျ စကားစုလေး ကိုလည်းမှတ်သားမိပါတယ်။ အဓိကလည်း ကျသလို စနစ်တကျအသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်။ မျိုးကောင်းမွန်မှု ရှိစေရေးအတွက်   မျိုးကောင်းမျိုးသန့် ရရှိအောင် ဖန်တီးပေးနိုင်ရေး၊   မြေအရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေးနဲ့ ခေတ်မီသင့်လျော်တဲ့ သွင်းအားစုမြေသြဇာတွေကို ရရှိအောင်ဖန်တီးပေးရေး၊ စိုက်ပျိုးရေနဲ့ အောင်ရေကို ဖူလုံစွာ ဖန်တီးပေးနိုင်ရေး၊ စိုက်နည်းစနစ်တွေ  မှန်ကန်မှုရှိစေရေးနဲ့  ခေတ်မီနည်းစနစ်တွေကို အသုံးပြုနိုင်ရေးဆိုတဲ့ မျိုး၊ မြေ၊ ရေ၊ နည်း ဆိုတဲ့အချက်လေးချက်ဖြစ်ပါတယ်။

ဒီလေးချက်နဲ့အညီ ဆောင်ရွက်နိုင်ဖို့က  နိုင်ငံတော်အစိုးရရဲ့ ကဏ္ဍစုံကနေ  ပံ့ပိုးမှုတွေ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသူတွေရဲ့   အားကြိုးမာန်တက် လိုက်ပါလုပ်ဆောင်နိုင်စွမ်းတွေ၊ ခေတ်မီသွင်းအားစုတွေကို တင်သွင်း ပို့ဆောင်ပေးမယ့် ကုမ္ပဏီများရဲ့ စုပေါင်းစွမ်းအားပေါ်မှာ အများကြီးမူတည်ပါတယ်။ စိုက်ပျိုးရေးမှာ အဓိကလိုအပ်တဲ့ ဓာတ်မြေသြဇာကိုလည်း နိုင်ငံတော်အဆင့်    စီမံကိန်းများဖြင့် ဆောင်ရွက်ပေးမယ်ဆိုရင် တောင်သူတွေအနေနဲ့ အများကြီးအဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။   ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါတယ်ဆိုတဲ့ စကားအတိုင်း    စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို ခေတ်မီနည်းစနစ် တွေ၊ ခေတ်မီသွင်းအားစုတွေနဲ့ ပေါင်းစပ်ပြီး   ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်၊ ထိုကတစ်ဆင့် ပန်းတိုင်အထွက်နှုန်းကျော်လွန်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ စာရေးသူပြောပြခဲ့တာမြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးရေး   အမျိုးအစားဖြစ်တဲ့ စပါးကိုမူတည်ပြီး ပြောပြခဲ့တာပါ။ ဒါ့အပြင် အခြားအဓိက စိုက်ပျိုးထုတ်ကုန်များဖြစ်တဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ နေကြာ၊ ပန်းနှမ်း စတဲ့ဆီထွက်သီးနှံတွေကိုလည်း ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ပြီး နိုင်ငံ့  GDP  တိုးတက်စေဖို့အတွက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

နောက်တစ်ခုကတော့ မွေးမြူရေးဖြစ်ပါတယ်။ မွေးမြူရေးဆိုရာမှာလည်း စီးပွားဖြစ် မွေးမြူရေးကို စာရေးသူမဆိုလိုသေးပါဘူး။ တစ်နိုင်တစ်ပိုင် မွေးမြူရေးစနစ်ကို အရင်ဆုံးပြောချင်ပါတယ်။ စာရေးသူတို့နိုင်ငံရဲ့ အဓိကစားသုံးတဲ့ အသားတွေကတော့ ကြက်၊ ဝက်၊ ဆိတ်၊ အမဲ၊ ငါးတို့ပဲဖြစ်ပါတယ်။    ဒီလိုအသားငါးတွေ စားသုံးရာမှာ ပြည်ပကဝင်တဲ့  အသားတိုးမျိုးစိတ်တွေရှိသလို  မြန်မာနိုင်ငံရဲ့ ဒေသထွက်မျိုးစိတ်တွေလည်း ရှိပါတယ်။ အဲဒီဒေသမျိုးစိတ်တွေကို    တစ်နိုင်တစ်ပိုင် မွေးမြူရာမှာ ယခင်က မိရိုးဖလာမွေးမြူနေကျအတိုင်း လွှတ်ကျောင်းစနစ်အစား  နည်းပညာပိုင်းဆိုင်ရာ အကူအညီရယူပြီး   ကိုယ့်ဒေသ မျိုးစိတ်တွေနဲ့ပဲ စီးပွားဖြစ်မွေးမြူလို့ ရပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေထဲက ကြက်ကိုအိမ်မွေး တိရစ္ဆာန်အဖြစ် စတင်မွေးမြူတဲ့ နိုင်ငံတွေထဲမှာ အစောဆုံးနိုင်ငံ တစ်ခုဖြစ်တယ်လို့ ကြက်မွေးမြူကုသရေး စာအုပ် နှစ်အုပ် လောက်မှာ ဖတ်ခဲ့ရဖူးပါတယ်။ အရင်ဆုံးဒေသကြက်အကြောင်း စပြောလိုပါတယ်။ ဥပမာ- အိမ်တိုင်းအလွယ်တကူ လုပ်နိုင်သော ဒေသကြက်မွေးမြူရေး လုပ်ငန်းကနေ ဝင်ငွေရရှိမယ့်   အသေးစားစီးပွားရေး လုပ်ငန်းအဖြစ် ပြောင်းလဲနိုင်တာမျိုး ဖြစ်ပါတယ်။ ဒေသကြက်လေးတစ်အုပ် မွေးထားတာ၊ မနက်ကျအိမ်ခြံဝိုင်းထဲ လွှတ်ပေးထား၊ သူတို့ဘာသာ   အစာရှာစား၊   ညဘက်ရောက်လာရင် အိပ်တန်းတက်မယ့်အချိန်ရောက်ရင် ပြန်သိမ်း၊ အရွယ်လေးတွေရပြီး အလေးချိန်လေးတွေ    စီးလာပြီဆိုရင် ရောင်းစား၊   ဒီလိုပဲလုပ်နေမယ့် အစားဒေသကြက်ကို   စနစ်တကျဘယ်လိုမွေးမလဲဆိုတဲ့ နည်းစနစ်ကို လေ့လာရမှာဖြစ်ပါတယ်။  တစ်နိုင်ကြက်ခြံလေးတွေ  ဆောက်ပြီး ကြက်တွေစားဖို့ ဖြည့်စွက်စာအနေနဲ့  စပါး၊ ဆန်၊  ဆန်ကွဲထမင်းတို့အပြင် ရောစပ်အစာတွေကို ဖွဲနု၊ ဆန်ကွဲတို့နဲ့ရောကာ   အစာခွက်လေးနဲ့ကျွေးဖို့ လိုပါတယ်။ ဒါ့အပြင် ကြက်တွေဖြစ်တတ်တဲ့ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျ  ရောဂါတွေမဖြစ်ဖို့ ကာကွယ်ဆေးတွေလည်း ထိုးရမှာဖြစ်ပါတယ်။  ဒီလိုစနစ်တကျနဲ့မွေးရင်  ရောင်းချချိန်ထိ ကြက်တစ်အုပ်လုံး သို့မဟုတ် တစ်ကောင်တလေ စသည်ဖြင့် အလေအလွင့်မရှိတော့ဘဲ ဝင်ငွေတိုးနိုင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းခေတ်စား နေတဲ့ ကြက်မည်းမွေးမြူရေး အကြောင်းလည်း အနည်းငယ်ပြောပြလိုပါတယ်။ သူက ဥစား မဟုတ်ဘဲ အသားစားဖို့အတွက် မွေးမြူရတာဖြစ်ပါတယ်။ ကြက်မည်းအသားဟာစျေးကွက်မှာ သာမန်ကြက်တွေထက်ရှားပြီး   တန်ဖိုးလည်းမြင့်ပါတယ်။

ကြက်မည်းတွေဟာ စီးပွားဖြစ်မွေးမြူရတဲ့  အသားတိုးကြက်တွေလောက် ကြီးထွားနှုန်းမမြန်သလို   ဥစားကြက်တွေလိုလည်း ဥနှုန်းမကောင်းပါဘူး။ ကြက်မည်းတွေကို အသားတိုးကြက်လို၊ ဥစားကြက်လိုမျိုး ကြီးထွားနှုန်းကောင်းဖို့ ဦးစားမပေးဘဲ  အရောင်အသွေး မည်းနက်ဖို့ ဦးစားပေးရတာ ဖြစ်တဲ့အတွက် အများအပြား မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် စျေးကွက်အတွင်းမှာ ရှားပါးပြီး တန်ဖိုးလည်းရှိတဲ့ ကြက်မည်းကို တစ်နိုင်တစ်ပိုင် စနစ်တကျမွေးမြူနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကြက်မည်းလိုမျိုးပဲ ဒေသကြက်ကို နည်းစနစ်တကျမွေးမြူမယ် ဆိုရင်  အရည်အသွေး ကောင်းမွန်တဲ့ဒေသ ကြက်တွေကို   ထုတ်လုပ်ရောင်းချနိုင်ပြီး ဝင်ငွေတိုးမှာဖြစ်ပါတယ်။  စာရေးသူတို့ နိုင်ငံမှာ ဒေသထွက်ဖြစ်တဲ့ မိတ္ထီလာဒေသက လက်ပံပြားကြက်ကြော်ဆိုရင် အရမ်းနာမည်ကြီးပါတယ်။     ဒီလိုနာမည်ကြီး ဒေသထွက်မွေးမြူရေးက ရတဲ့  ထုတ်ကုန်တစ်ခုကို    ခေတ်မီနည်းပညာနဲ့သာ ပေါင်းစပ်ပေးလိုက်မယ်ဆိုရင် စာရေးသူတို့ရဲ့    လက်ပံပြားကြက်ကြော်ဟာလည်း KFC တို့၊  Lotteria  ကြက်ကြော်တို့နဲ့  ရင်ပေါင်တန်းနိုင်တဲ့    ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်ပါတယ်။  ဒါ့အပြင် ကြက်ဥ၊ ဘဲဥဟာလည်း  အာဟာရလည်း ပြည့်ဝတဲ့အပြင် အရောင်းသွက် စားသောက်ကုန်တစ်ခုလည်းဖြစ်တဲ့အတွက် ကြက်ကောင်ရေများများ မွေးမြူနိုင်လေလေ နေ့စဉ်ဝင်ငွေများများ ရရှိလေဖြစ်ပါတယ်။ ဥစားကြက်ကဥတဲ့ ကြက်ဥထက် ဒေသကြက်ကဥတဲ့ ကြက်ဥကိုစျေးကြီးပေးပြီး အော်ဂဲနစ်အစားအစာအဖြစ်   တန်ဖိုးထားဝယ်ယူ စားသုံးနေတာကိုလည်း တွေ့ရှိရပါတယ်။

ဒီလိုပါပဲ   ဒေသဝက်ဆိုရင်လည်း တစ်နိုင်တစ်ပိုင် မွေးမြူရာမှာ  စားကြွင်းစားကျန်ကျွေးပြီး  လွှတ်ကျောင်းနေမယ့်အစား စိုက်ပျိုးရေးကရရှိတဲ့ တိရစ္ဆာန်စာတွေဖြစ်တဲ့  ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်တို့နဲ့ သေချာကျွေးမွေးမယ်၊ သေချာခြံခတ်မွေးမယ်ဆိုရင် ကျန်းမာသန်စွမ်းပြီး အသားအလေးချိန်တိုးတဲ့ ဒေသဝက်ကိုမွေးမြူနိုင်မှာဖြစ်ပါတယ်။ ထို့အတူပါပဲ ဒေသနွားကို မွေးမြူရာမှာလည်း  လွှတ်ကျောင်းမယ်၊ အချိန်တန်   ပြန်သိမ်းမယ်ဆိုတာထက် ကောက်ရိုးကို ယူရီးယားနဲ့ ပြုပြင်ကျွေးမွေးမယ်၊ နေဗီယာမြက်လိုမျိုး မွေးမြူရေးကို အထောက်အကူဖြစ်စေတဲ့ မြက်မျိုးတွေ စိုက်ပြီး ကျွေးမွေးမယ်ဆိုရင်  နို့ထွက်နှုန်းပိုမိုများမယ်၊  မျိုးအောင်နှုန်းလည်းမြင့်မယ်၊ ကြီးထွားနှုန်းကောင်းမယ်၊ ရောဂါဒဏ်ခံနိုင်ရည်ရှိလာမယ်။ ဒါဟာဒေသမျိုးစိတ်တွေ ကိစ္စနဲ့နည်းပညာနဲ့ ပေါင်းစပ်ကာ စီးပွားဖြစ်မွေးမြူနိုင်ရေး နည်းကို  အကျဉ်းချုံး ပြောပြတာပဲရှိပါသေးတယ်။ ဆိုလိုချင်တာက နည်းပညာရယ်၊ ပြည်တွင်းထွက် စိုက်ပျိုးရေး ထုတ်ကုန်ကရရှိတဲ့   တိရစ္ဆာန်အစာ တွေနဲ့ရယ်    ပေါင်းစပ်လိုက်မယ်ဆိုရင် မွေးမြူရေးမှာပါ ကုန်ကျစရိတ် သက်သာစွာနဲ့   စီးပွားဖြစ်ထွန်းစေနိုင်ကြောင်းကို ထောက်ပြလိုတာဖြစ်ပါတယ်။

Description: C:\Users\dsitd\Desktop\18-7-2024\187123.JPG    

ဒါတွေကတော့ တစ်နိုင်တစ်ပိုင် မွေးမြူရေးတွေကို ခေတ်မီနည်းပညာနဲ့ ပေါင်းစပ်ပြီး  အသေးစားစီးပွားရေး လုပ်ငန်းအနေနဲ့ ဆောင်ရွက်နိုင်တဲ့ အကြောင်းကို   ပြောပြခဲ့တာပါ။   ကိုယ်တတ်နိုင်ရင် တတ်နိုင်သလို တစ်နိုင်တစ်ပိုင်မှ  လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့အထိ မွေးမြူရေး လုပ်ငန်းတွေကိုလည်း အောင်မြင်စွာ   ဆောင်ရွက်နိုင်ပါတယ်။

မွေးမြူရေးမှထွက်ရှိတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေကို နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။  ဒါဆို   မွေးမြူရေးကနေလည်း ပြည်ပဝင်ငွေများ ရရှိလာနိုင်မှာဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံအနေနဲ့    GDP  တိုးတက်ဖို့အတွက် ရေခံမြေခံကောင်းများနဲ့ လူသားအရင်းအမြစ်များကို  အသုံးချပြီး Quick Winဖြစ်တဲ့  လယ်ယာကဏ္ဍကို အခြေခံပြီး သူနဲ့ဆက်စပ်နေတဲ့ ကဏ္ဍကြီးတွေဖြစ်တဲ့ စက်မှုလုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း  တိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။

ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုတဲ့ စကားလိုပါပဲ။    တစ်ခုနဲ့တစ်ခုဟာ ဆက်စပ် ဖြစ်တည်နေကြတာဖြစ်ပါတယ်။  စိုက်ပျိုးမွေးမြူရေးဘက်မှာ  အောင်မြင်လာပြီဆိုရင် စိုက်ပျိုးမွေးမြူရေးက ရတဲ့ကုန်ကြမ်းတွေကို အခြေခံပြီး ထုတ်လုပ်နေတဲ့ စက်မှုလုပ်ငန်းတွေလည်း  တိုးတက်လာမှာဖြစ်ပါတယ်။   စိုက်ပျိုးရေးက ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို  ခေတ်မီစက်ရုံကြီးတွေ တည်ဆောက်ပြီး အရည်အသွေးပြည့်မီတဲ့ စားသောက်ကုန်တွေ   ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။  ကုန်ကြမ်းကို နိုင်ငံခြားက မတင်သွင်းရခြင်း၊ မိမိနိုင်ငံတွင်းကပဲ အလုံအလောက်ရရှိခြင်း၊  သယ်ယူ ပို့ဆောင်စရိတ်     သက်သာခြင်းဆိုတဲ့ အချက်သုံးချက်နဲ့တင်ကိုပဲ   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို စရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မှာဖြစ်ပြီး  ပြည်တွင်းလိုအပ်ချက်များ   ပြည့်မီလာမယ့်အပြင်  ပြည်ပပို့ကုန်ကိုပါ    တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုစိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းများ (Agro Based Industry) ကို တန်ဖိုးမြင့်ကုန်ချောပစ္စည်း ရရှိလာသည်အထိ အရည်အသွေးပြည့်မီအောင် ခေတ်မီနည်းစနစ်များနဲ့ပေါင်းစပ်ပြီး ပြည်တွင်း သာမက ပြည်ပအထိတင်ပို့ရောင်းချနိုင်ရေး အထိပါ ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းကောင်းတွေ ထုတ်လုပ်နိုင်ပြီဆိုရင် ဒီကုန်ပစ္စည်းတွေကို သယ်ယူခြင်း၊ ရောင်းချခြင်း၊ ငွေပေးချေခြင်း၊ နိုင်ငံအတွက် အကျိုးရှိစေမယ့်   ကဏ္ဍစုံမှာ အကျိုးရှိရှိ ကောင်းမွန်စွာ အသုံးချနိုင်ခြင်းဆိုတဲ့ ဝန်ဆောင်မှု ကဏ္ဍတွေဟာလည်း ကောင်းမွန်တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်က ပြောမယ်ဆိုရင် စက်မှုလုပ်ငန်းတွေ တိုးတက်လာပြီဆိုရင်  ခရီးသွားလုပ်ငန်း စတဲ့ဝန်ဆောင်မှု လုပ်ငန်းများပါဆက်စပ်ပြီး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ လယ်ယာကဏ္ဍကောင်းရင် စက်မှုကဏ္ဍကောင်းမယ်။ စက်မှုကဏ္ဍကောင်းရင် ဝန်ဆောင်မှုကဏ္ဍလည်း ကောင်းလာမှာ ဖြစ်ပါတယ်။ ဒီကဏ္ဍသုံးရပ်ဟာ ဆက်စပ်မှု ရှိတဲ့အတွက် တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲကမှ  အခြေခံအကျဆုံးဖြစ်တဲ့  လယ်ယာကဏ္ဍကြီးကို အောင်မြင်တိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင်  စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးတို့ဟာလည်း    အောင်မြင်တိုးတက်လာပြီး နိုင်ငံရဲ့  GDP   ဟာလည်း တိုးတက်လာမှာဖြစ်ပါတယ်။  

နှမ်းတစ်စေ့တည်းနဲ့တော့ ဆီမဖြစ်ပါဘူး၊ ဒီလိုပဲရေတစ်စက်နဲ့လည်း ရေမပြည့်ပါဘူး။ ဒါပေမဲ့ နှမ်းစေ့တွေ အများကြီးပါဝင်လာရင် ဆီဖြစ်သလို ရေစက်တွေအများကြီး စုပေါင်းလိုက်ရင်လည်း ရေပြည့်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံ့ GDP    တိုးတက်ဖို့ဆိုရင် နိုင်ငံသားတစ်ဦးချင်းရဲ့  GDP  တိုးတက်ဖို့လိုတဲ့အတွက်  အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်တဲ့သူတိုင်း အလုပ်လုပ်ကြဖို့ လိုအပ်ပါတယ်။    တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် အခြေကျပြီးဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍကို အခြေခံပြီး   ဒေသအလိုက်   ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးကို ဆောင်ရွက် ပြီး  ဒေသခံများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာတဲ့အခါ  လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ပြည်သူတစ်ဦးချင်းရဲ့  ဝင်ငွေများ တိုးတက်လာပြီး    တစ်နည်းအားဖြင့် ပြည်သူတစ်ဦးချင်းစီရဲ့ GDP တိုးတက်လာပြီး   လူမှုစီးပွားဘဝများ တိုးတက်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ မူဝါဒကလည်း  ပြည်တွင်းစီးပွားရေးကို  အားပေးခြင်းနဲ့ ကုန်ထုတ်လုပ်မှုကို အားပေးခြင်းပင် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာ ရှိတဲ့အတွက်ပြည်ပကို အားကိုးခြင်းထက် ပြည်တွင်းအားဖြင့် အကျိုးရှိထိရောက်တဲ့  လုပ်ငန်းများကို   အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးနဲ့  ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြခြင်းထက် စျေးရောင်းချသူပိုများနေတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုကို ပိုမိုဆောင်ရွက်နိုင်မယ်ဆိုရင် ဒါဟာနိုင်ငံအတွက် ဝင်ငွေပိုမို တိုးတက်လာမှာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုဆိုရာမှာလည်း ကုန်ကြမ်း၊ သွင်းအားစု၊  အရင်းအနှီးနဲ့ လုပ်အားတို့ဟာ အဓိက လိုအပ်ချက်တွေဖြစ်ပါတယ်။ ကုန်ကြမ်းရှိမှ   ပစ္စည်းထုတ်လုပ်နိုင်မှာဖြစ်သလို သွင်းအားစုများနဲ့ ငွေကြေးအရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများရှိမှလည်း   လုပ်ငန်းလည်ပတ်နိုင်မှာဖြစ်ပါတယ်။ ကုန်ကြမ်းရရှိရန် သေချာတဲ့စိုက်ပျိုးရေး ကဏ္ဍကိုအခြေခံတဲ့  တန်ဖိုးရှိ၊ တန်ဖိုးမြင့်ပစ္စည်းများကို ထုတ်လုပ်ပြီး  မြို့ပြနှင့်ကျေးလက် ကွာဟမှု၊  ဒေသတစ်ခုနဲ့တစ်ခုကွာဟမှု ကျဉ်းမြောင်းအောင်  ပြုလုပ်ပေးရမှာဖြစ်ပါတယ်။   ဒါမှလည်း ပြည်သူတစ်ဦးချင်းစီရဲ့ ဝင်ငွေတိုးတက်လာမှာဖြစ်ပါတယ်။    ပြည်သူတွေ ဝင်ငွေတိုးရင် နိုင်ငံရဲ့ဝင်ငွေလည်းတိုးမယ်။ နိုင်ငံ့ဝင်ငွေတိုးရင်    နိုင်ငံ့ GDP လည်း  တိုးတက်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့    ပြောရမယ်ဆိုရင် စာရေးသူတို့နိုင်ငံမှာရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်မှာ နေထိုင်ကြပြီး အဲဒီကျေးလက်နေပြည်သူများမှာ လယ်ယာ၊ သားငါးနဲ့ သစ်တောကဏ္ဍကို ဆောင်ရွက်နေသူတွေဟာ ၄၁ ရာခိုင်နှုန်းခန့်ရှိပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆိုတာဟာလည်း  သေချာတဲ့ကုန်ထုတ်လုပ်ငန်းတစ်ခုဖြစ်တဲ့အပြင် စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်ဖို့   ရေခံမြေခံကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ စာရေးသူတို့နိုင်ငံမှာ    စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံပြီး  သူနဲ့ဆက်စပ်နေတဲ့  စက်မှုကဏ္ဍကြီးနဲ့ ဝန်ဆောင်မှုကဏ္ဍကြီးတို့ကိုလည်း တိုးတက်အောင်ယှဉ်တွဲ ဆောင်ရွက်ရပါမယ်။ ကိုယ့်နိုင်ငံတွင်း စားရေရိက္ခာ ဖူလုံမှုမှသည် ကမ္ဘာ့စားနပ်ရိက္ခာ လုံခြုံရေးကိုပါ အာမခံနိုင်တဲ့ စိုက်ပျိုးထုတ်လုပ်ရေး စွမ်းအားရှိတဲ့နိုင်ငံ(Agriculture Power Country)  အဖြစ်ရပ်တည်နိုင်ပြီး နိုင်ငံ့ GDP ကိုတိုးမြင့်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။  ။

ကိုးကား

- Central Bank of  Myanmar

-  Quarterly Financial Statistics   Bulletin     (2023   Volume       III)