ရာသီဥတုကောင်းမွန်ဖို့ သစ်တောသစ်ပင်စိုက်ကြစို့

ရာသီဥတုကောင်းမွန်ဖို့ သစ်တောသစ်ပင်စိုက်ကြစို့

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်)

ယခုနှစ်မိုးရာသီတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာအသီးသီးတွင်လည်း ဒေသအလိုက် သင့်တော်သည့်အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးခြင်း၊ မြစ်၊ ချောင်းတစ်လျှောက် သစ်ပင်များ စိုက်ပျိုး ထိန်းသိမ်းခြင်း၊ ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ခြင်း စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်း သိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြမည်ဖြစ်သည်။ သို့မှသာ ရာသီဥတု လွန်ကဲစွာ ဖောက်ပြန်လာမှု၊ မြေထု၊ ရေထု၊ လေထုညစ်ညမ်းမှုနှုန်း မြင့်တက်လာမှု၊ ပတ်ဝန်းကျင် အရည်အသွေး ကျဆင်းလာမှုနှင့် သဲကန္တာရဖြစ်ထွန်းမှုစသော လူသားတို့အပေါ် ကျရောက်လာမည့် ဆိုးကျိုးများမှ ကာကွယ်နိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ကုလသမဂ္ဂစားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၏အစီရင်ခံစာအရ ကမ္ဘာ့သစ်တော ဖုံးလွှမ်းမှုသည် ကမ္ဘာ့မြေမျက်နှာပြင်၏သုံးပုံတစ်ပုံဖြစ်သည့် ဧက ၁၀ ဒသမ ၀၃ ဘီလီယံနီးပါးရှိကြောင်း သိရသည်။ သို့သော် ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင်ဧက ၁၉ ဒသမ ၂၇ သန်း၊ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၂ ဒသမ ၈၅ သန်းနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၁ ဒသမ ၆၁ သန်းလျော့နည်းကျဆင်းသွားကြောင်း လေ့လာသိရှိရသည်။ အာဆီယံ ဒေသ၏ သစ်တောဖုံးလွှမ်းမှုပမာဏအနေဖြင့် ဧက ၅၂၈ ဒသမ ၇၉ သန်းကျော်ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစုပေါင်းသစ်တောများ၏ ခြောက်ပုံတစ်ပုံခန့် ဧက ၉၂ ဒသမ ၉၁ သန်းပြုန်းတီးလျော့နည်းခဲ့သည်ကို လေ့လာသိရှိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင် သည့်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်။ သစ်တော ပြုန်းတီးမှု အနေဖြင့်ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်းပြုန်းတီးခဲ့ သော်လည်း၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်းနိုင်ခဲ့ ကြောင်းတွေ့ရှိရသည်။

စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေဖို့အတွက် နေရာဒေသနှင့်ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာ ရွေးချယ်မှု၊ စိုက်ပျိုးမည့်မြေနေရာကို စနစ်တကျမြေပြုပြင်ဆောင်ရွက်မှု၊ မြေအစိုဓာတ် လုံလောက်စွာ ရရှိမှု၊ စိုက်ပျိုးနည်းစနစ်မှန်ကန်မှုတို့သည် အဓိကကျသည်။ စိုက်ပျိုးပြီးနောက်ပိုင်းတွင်လည်း ရာသီ အလိုက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ မြေစိုဓာတ်ထိန်းသိမ်းခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိစေရန် ကာကွယ်ခြင်း စသည့် ပြုစုထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြမှသာ စိုက်သမျှအပင်များ ကောင်းမွန်စွာ ရှင်သန်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များ ကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့်နိုင်ငံများစာရင်းတွင် ပါဝင်နေသည်။ ထို့ကြောင့်အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့က ယခုနှစ် မိုးရာသီတွင် တစ်ရွာနှစ်ဧက စိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာ ထင်းစိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်းနှစ်သန်းကျော် (၂၀၉၂၈၄၇) ပင်ကို ကျေးရွာ ပေါင်း ၈၀၉ ရွာတွင်စိုက်ပျိုးသွားမည်ဖြစ်သည်။ လမ်းဘေးဝဲယာတွင်လည်း အရိပ်ရ လေကာပင်များ စိုက်ပျိုးသွားမည် ဖြစ်သည်။

ယခုအခါ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် ပဏာမလေ့လာဆန်းစစ်မှုများအရ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတောဧရိယာသည် ၂၀၂၀ ပြည့်နှစ်မှာ ဧက ၁ ဒသမ ၀၇ သန်း၊  နိုင်ငံဧရိယာ၏ သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိခဲ့သည်။ ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်း၊  နိုင်ငံဧရိယာ၏ သုည ဒသမ ၆၇ ရာခိုင်နှုန်းထိ တိုးတက်လာသည်ကို အားတက်ဖွယ်တွေ့ရှိရသည်။ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ခြင်း၏ အကျိုးရလဒ်များပင် ဖြစ်သည်။

“ပူနွေးကမ္ဘာတားဆီးရာ၊ ဖြေရှာတစ်ခု၊ တောပြုစု” ဟုဆိုသည့်အတိုင်း ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင် ရေးအတွက် သစ်တောများ၏ အရေးပါမှုကို သိရှိနားလည်ပြီး သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာ အသုံးချရေးလုပ်ငန်းများ တိုးချဲ့ခြင်းတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။  နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားရေရိက္ခာဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင် သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတု ပြန်လည်မျှတကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူသားတို့နေထိုင်သောကမ္ဘာမြေပြင်၊ မြန်မာတို့နေထိုင်သော မြန်မာ့မြေပြင်တို့သာယာလှပရေးနှင့် ရာသီဥတုကောင်းမွန်ရေးအတွက်သစ်ပင်သစ်တောများစိုက်ပျိုးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။

ဇွန် ၅ ရက် (၂၀၂၄) သတင်းစာများ

Dates: 
Thursday, July 18, 2024 - 10:20