COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီသီးနှံများကို တပ်မတော်ကဆက်လက်ဝယ်ယူ

နေပြည်တော်  ဒီဇင်ဘာ  ၁

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ   သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများ ပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့်  နယ်မြေခံတပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။

ထိုသို့ဝယ်ယူပေးလျက်ရှိရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ရေချမ်းစင်ကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကြယ်လဲပြားကျေးရွာတို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများမှ ရာသီသီးနှံများဖြစ်သည့် ခရမ်းချဉ်သီး ၃၀၀၀ ပိဿာနှင့် ဂေါ်ရခါးသီး ၈၀၀၀ လုံးတို့ကို တောင်သူများထံမှ တောင်သူများ ရောင်းချပေးနိုင်သည့် ဈေးဖြင့် မှာယူဝယ်ယူခဲ့ပြီး ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း  စားရေးအဆင်ပြေစေရန်အတွက် သက်သာသော ဈေးနှုန်းများဖြင့် ပြန်လည် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။