ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူ
နေပြည်တော် ဇူလိုင် ၁၈
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်းနှင့် အစားအသောက်နည်းခြင်းတို့ကို စတင်ခံစားခဲ့ရသည့်အတွက် အထူးကုပါရဂူကြီးများ ပါဝင်သော ဆေးကုသမှုအဖွဲ့ဖြင့် ပုံမှန်ဆေးကုသမှုခံယူခဲ့ပါသည်။ ကျန်းမာရေးစစ်ဆေး စမ်းသပ်ချက်များအရ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့် ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြော အားနည်း ရောဂါ တို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၁၅-၄-၂၀၂၄ ရက်မှ ၁၉-၄-၂၀၂၄ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre တွင်ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ စစ်ဆေးကုသမှုများခံယူခဲ့ပြီး ၂၇-၅-၂၀၂၄ ရက်မှ ၁၈-၆-၂၀၂၄ရက်အထိ အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀)တွင်ဆေးကုသမှုခံယူခဲ့ပါသည်။
ယင်းကာလအတွင်း ယာယီသမ္မတဦးမြင့်ဆွေ၏ ဝဲ၊ ယာမျက်စိများတွင် ဖြစ်ပွားလျက်ရှိသော အတွင်း တိမ်များကို ခွဲစိတ်ကုသခဲ့ရာ အမြင်အာရုံပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အာရုံကြော အားနည်း ရောဂါကို ဆက်လက်ခံစားနေရသဖြင့် ၁၈-၆-၂၀၂၄ရက်မှ ၃၀-၇-၂၀၂၄ ရက်အထိ ဆေးခွင့်ယူ၍ နေအိမ်တွင်အထူးဆေးကုသမှုအဖွဲ့၏ အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိပါသည်။ ၃၀-၆-၂၀၂၄ ရက်နှင့် ၁၄-၇-၂၀၂၄ ရက်တို့တွင်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် (၈)ဦးပါဝင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ရာ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှုမရှိသေးသောကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏စီမံဆောင်ရွက်ပေးမှုဖြင့် အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့