ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သောပညာရှာမှီးမှု

ယခုနှစ်သည် ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်နှင့် ကြုံကြိုက်သောနှစ်ဖြစ်ပေသည်။ တိတိကျကျဆိုရလျှင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့သည် ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်ခဲ့သောနေ့ဖြစ်သည်။ မြန်မာ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် မြန်မာတို့စစ်ပွဲရှုံး၍ ရခိုင်ဒေသနှင့်တနင်္သာရီဒေသများမှာ ဗြိတိသျှ လက်အောက်သို့ ဦးစွာကျရောက်သော ဒေသများဖြစ်သွားသည်။  ထိုဒေသများမှ မြန်မာတို့သည် ဗြိတိသျှတို့၏ ပညာရေးစနစ်နှင့် ထိတွေ့ခွင့်ရကြသည်။ ငွေကြေးတတ်နိုင်သူများသည် သင်္ဘောကြီးဖြင့် ကာလကတ္တားသို့ သွား၍ ဝတ်လုံအတတ် ခေါ် ဥပဒေပညာကိုသင်ယူကြသည်။

အောက်မြန်မာနိုင်ငံတစ်ခုလုံး ဗြိတိသျှလက်အောက်သို့ ရောက်ပြီးနောက်တွင် ရန်ကုန်သည် အချက်အချာ မြို့ကြီးဖြစ်သွားသည်။ ရန်ကုန်မှ ငွေကြေးတတ်နိုင်သူများသည်လည်း ဘိလပ် ခေါ် အင်္ဂလန်သို့သွား၍ ဝတ်လုံ အတတ်ကို သင်ယူကြပြန်သည်။ ဦးလတ်၏ ရွှေပြည်စိုးဝတ္ထုမှ “ဝတ်လုံတော်ရမောင်သောင်းဖေ”သည် ထိုလူတန်းစားကို ကိုယ်စားပြုသော ပညာတတ်လူငယ်တစ်ဦးဖြစ်သည်။ ရန်ကုန်တွင် ဂျပ်ဆင်ကောလိပ်နှင့် ရန်ကုန်ကောလိပ်ပေါ်လာပြီးနောက် ကောလိပ်ကျောင်းထွက် ခေတ်ပညာတတ်လူငယ်များ ပေါ်ပေါက် လာသည်။ ပညာထူးချွန်သဖြင့် ကာလကတ္တားတက္ကသိုလ်မှ MA ဘွဲ့ရယူသော ဆရာကြီးဦးဖေမောင်တင်ကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ်မျိုးပေါ်ပေါက်လာသည်။ မြန်မာလူမျိုးထဲက ပထမဆုံးပါမောက္ခအဖြစ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

တက္ကသိုလ်ပညာတတ်လူငယ်များက ကိုယ့်နိုင်ငံအရေးကို အလေးထားဆောင်ရွက်လာကြသည်။ ဦးဘဖေ၊ ဦးလှဖေ၊ ဦးထွန်းရှိန်စသည့် လူငယ်များ၏ ကြိုးစားမှုဖြင့်ပေါ်ပေါက်လာသော ဝိုင်အမ်ဘီအေမှ သူရိယ သတင်းစာ ပေါ်လာသည်။ မျက်စိပွင့်နားစွင့်လာသော မြန်မာလူငယ်တို့သည် ၁၉၂၀ ပြည့်နှစ် ရန်ကုန် တက္ကသိုလ်တည်ထောင်သည့်နှစ်မှာပင် ပထမတက္ကသိုလ်သပိတ်ပေါ်ပေါက်လာသည်။ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသားလူငယ်များက ဦးဆောင်ကြခြင်းဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော မှတ်တိုင်များဖြစ်သော အမျိုးသားကျောင်းများမှ အမျိုးသားကောလိပ်၊ ခေတ်စမ်းစာပေ လှုပ်ရှားမှု၊ တို့ဗမာအစည်းအရုံး၊ ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်၊ နဂါးနီစာပေလှုပ်ရှားမှု၊ တတိယ တက္ကသိုလ်ကျောင်းသားသပိတ်၊ ရေနံမြေအရေးတော်ပုံ၊ ရဲဘော်သုံးကျိပ်၊ ဖက်ဆစ်တော်လှန်ရေးလှုပ်ရှားမှု များ၊ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးကြိုးပမ်းမှုများအားလုံးမှာ ခေတ်ပညာတတ်တက္ကသိုလ်ကျောင်း သားများက ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။

တက္ကသိုလ်ကျောင်းသားများဖြစ်သော ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဘဟိန်း၊ ဗိုလ်လက်ျာ၊ ကိုလှရွှေ၊ သိန်းဖေမြင့်၊  ဗိုလ်ရန်နိုင်စသည့်ပုဂ္ဂိုလ်များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို သိမြင်နိုင်သည်။ တက္ကသိုလ် ကျောင်းသားဟူသောစကားတွင် ကျောင်းသားရော ကျောင်းသူပါ အကျုံးဝင်ပါသည်။ တက္ကသိုလ်ကျောင်းသား သည် တက္ကသိုလ်ပညာရပ်များကို သင်ယူဆည်းပူးနေသူများဖြစ်သည့်အတွက် အသိအမြင်ဉာဏ်ပညာမြင့်မား သည်။ မြင့်မားသည့်အသိအမြင်ကို ပိုင်ဆိုင်သူများဖြစ်သည့်အတွက် ဂုဏ်သိက္ခာမြင့်မားသည်။ တက္ကသိုလ် ကျောင်းသားတစ်ယောက်ဆိုသည်နှင့် မိမိတို့၏ လူမှုပတ်ဝန်းကျင်တွင် ဂုဏ်ယူအားကျဖွယ်ဖြစ်သည်။ လူကြီး မိဘများက မျှော်လင့်ချက်အများကြီးထားရှိသည်။ မိတ်ဆွေအပေါင်းအသင်းများ လေးစားအားကျသည်။ လူငယ်တိုင်းတက္ကသိုလ်ကျောင်းသား မဖြစ်ကြသည်မှာ ကြိုးစားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကွာခြားခြင်းကြောင့် ဖြစ်သည်။

တက္ကသိုလ်ဘွဲ့ရတစ်ယောက်ဖြစ်သွားသည်နှင့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ထိုက်တန်သော ဘွဲ့များ ချီးမြှင့်ခြင်းခံရသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ယူစဉ် ပါမောက္ခချုပ်၏ ရှေ့မှောက်မှာ “နေ့စဉ် နေ့တိုင်း နေထိုင်ပြုမူပြောဆိုမှု၌ တက္ကသိုလ်ဘွဲ့ရများနှင့် သင့်လျော်ထိုက်တန်စွာ နေထိုင်ပြောဆိုပါမည်။ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သောပညာရှာမှီးမှုကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ထိန်းသိမ်း ဆောင်ရွက်ပါမည်။ လုပ်သားပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးရေးအတွက် အစွမ်းရှိ သမျှ ထိန်းသိမ်းစောင့်ရှောက်ပါမည်” ဟု ကတိကဝတ်ပြုခဲ့ကြရသည်။ ထိုအတိုင်း လုပ်ငန်းနယ်ပယ် အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ ယနေ့တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည်လည်း နောင်တစ်နေ့တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပေရာ ပါမောက္ခချုပ်၏ ရှေ့မှောက်မှာ ထားရှိခဲ့သော ကတိစကားများအတိုင်း ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သော ပညာရှာမှီးသူများ ဖြစ်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။