အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့်ဗီယက်နမ် တစ်ဂိုးစီသရေကျ

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနှင့်ဗီယက်နမ် တစ်ဂိုးစီသရေကျ

ရန်ကုန်  ဇူလိုင်  ၁၈

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ)ပထမနေ့ကို ဇူလိုင်လ ၁၈ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်း သရေကျခဲ့သည်။

အုပ်စု(ခ)ပထမနေ့တွင် မြန်မာနှင့်ဗီယက်နမ်အသင်း တစ်ဂိုးစီသရေကျခဲ့ပြီး သြစတြေးလျအသင်းက လာအိုအသင်းကို ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ဦးဆောင်ဂိုး စတင်ရရှိခဲ့သော် လည်း ချေပဂိုးပြန်ပေးခဲ့ရသဖြင့် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

မြန်မာအသင်းသည် စွမ်းထက်၊ မင်းမော်ဦး၊  ဝင်းပြည့်မောင်၊  ရှိုင်းဝဏ္ဏအောင်၊ ခန့်ဇင်ဟိန်း စသည့် ကစားသမားများဖြင့်  ပွဲထွက်လာပြီး  ပွဲစကတည်းက အပြန်အလှန်ကစားနိုင်ခဲ့သည်။  မြန်မာအသင်း သည် ပထမပိုင်းကတည်းက ဂိုးရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း  အသုံးမချနိုင်ခဲ့ဘဲ ၅၉   မိနစ်တွင် ဂိုးစတင်ရရှိခဲ့သည်။ ထောင့်ကန်ဘောမှ ပြန်လျှံကျလာသောဘောလုံးကို ဖြိုးပြည့်စုံက   ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။   ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင်   ဗီယက်နမ်အသင်းက ချေပဂိုးရရန် ကြိုးပမ်းလာပြီး ၇၄ မိနစ်တွင် ကွမ်ယုက အဝေးကန်ချက်ဖြင့် ဂိုးပြန်သွင်းခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇူလိုင်လ ၂၁ ရက်တွင် လာအိုအသင်းနှင့် ကစားရမည် ဖြစ်သည်။

ရဲရင့်လွင်

ဓာတ်ပုံ- MFF

Dates: 
Friday, July 19, 2024 - 08:38