ပြင်သစ်အသင်းကစားသမားများကို လူမျိုးရေးခွဲခြားမှုများပြုလုပ်ခဲ့သည့်အတွက် အန်ဇိုဖာနန်ဒက်အပြင် အာဂျင်တီးနားအသင်းပါ အရေးယူခံရဖွယ်ရှိနေ
ဗျူနိုအေးရိစ်၊ ဘောလုံး
ပြင်သစ်အသင်းကစားသမားများကို လူမျိုးရေးခွဲခြားသည့်သီချင်းဖြင့် အောင်ပွဲခံမှုပြုလုပ်ခဲ့သည့်အတွက် အန်ဇိုဖာနန်ဒက်အပြင် အာဂျင်တီးနားအသင်းပါ အရေးယူခံရဖွယ်ရှိနေကြောင်း သိရသည်။
၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းသည် ချန်ပီယံဆု ဆွတ်ခူးနိုင်ပြီးနောက် အောင်ပွဲခံမှုပြုလုပ်ရာတွင် အာဂျင်တီးနားအသင်း ကစားသမားများက ပြင်သစ်အသင်းကစားသမားများ ကို လူမျိုးရေးခွဲခြားသည့် သီချင်းများ သီဆိုအောင်ပွဲခံခဲ့သည့်ဗီဒီယိုဖိုင်ကို အာဂျင်တီးနားအသင်းနှင့် ချယ်လ်ဆီး အသင်း ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်က ၎င်း၏ အင်စတာဂရမ်အကောင့်တွင် တင်ခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်အသင်း ကစားသမားများကို အာဂျင်တီးနား အသင်းကစားသမားများက လူမျိုးရေးခွဲခြားသည့် သီချင်းဖြင့် လှောင်ပြောင်ခဲ့သည့်ဗီဒီယိုဖိုင်သည် အွန်လိုင်းစာမျက်နှာ၌ ပျံ့နှံ့ခဲ့ပြီးနောက် အန်ဇိုဖာနန်ဒက် က အဆိုပါဗီဒီယိုဖိုင်ကို ပြန်လည်ဖျက်ခဲ့သော်လည်း ပြင်သစ်အသင်းကစားသမားများက သိရှိခဲ့ကြသည်။
အန်ဇိုဖာနန်ဒက်၏ လုပ်ရပ်အတွက် ချယ်လ်ဆီးအသင်းက “ချယ်လ်ဆီးအသင်းအနေဖြင့် လူမျိုးရေး ခွဲခြားမှုနှင့်သက်ဆိုင်သည့် မည်သည့်အပြုအမူမျိုးကိုမဆို လုံးဝလက်ခံမည်မဟုတ်ပါ။ ကျွန်တော်တို့ သည် ကွဲပြားခြားနားသောဓလေ့နှင့် လူမျိုးစုများကို လက်ကမ်းကြိုဆိုသော ကလပ်အသင်းဖြစ်ပါသည်။ ကျွန်တော်တို့ကစားသမားထံမှ တောင်းပန်စာထုတ်ပြန်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုဝမ်းမြောက်မိပါ သည်။ ကလပ်အသင်းဘက်မှ အသင်းတွင်း စည်းကမ်းပိုင်းဆိုင်ရာနည်းလမ်းများကို ပို့ချထားပြီးဖြစ် ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ပြင်သစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လူမျိုးရေးခွဲခြားမှုများ ပြုလုပ်ခဲ့သည့် အာဂျင်တီးနား အသင်းကို အရေးယူပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ထံ တောင်းဆိုမှုပြုလုပ်ထားကြောင်း သိရ သည်။
Ref;Sky News