တရားမဝင် သစ်မျိုးစုံ၊ ငွေစက္ကူများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ ငွေစက္ကူများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင် ၁၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရ ခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ် (၁  ဒသမ  ၈၁၄)တန်၊ အခြားသစ် (၁ ဒသမ ၁၄၀)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၁၀၂)ကိုဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၁၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Sodium Cyanide ကီလိုဂရမ် (၅၂၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၅၀၀၀၀)နှင့် ငွေစက္ကူရောရာ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၈၉၂၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ    ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာအနီး၌လိုင်စင်မဲ့ Toyota Passo မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ်  ၃၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၁၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌  တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသော တရုတ်နိုင်ငံထုတ်စားသောက်ကုန်ပစ္စည်းများဖြစ်သည့်  Imitation Prophyra တံဆိပ်ပါ ပင်လယ်စာဖာ (၃၆၀) ၊ Cherry Blassom With Fish Roe တံဆိပ်ပါ ပင်လယ်စာ (၃၄၀)ဖာ အပါအဝင် စားသောက်ကုန် ပစ္စည်း(၁၀)မျိုး   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၁၉၂၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင်လ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၃၄၁)တန်၊ သစ်မာ (၂ ဒသမ ၀၄၂)တန်၊  အခြားသစ်(၂ ဒသမ ၃၅၈) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၃၉၆၃)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ်၊ သပြေကန် စားသောက်ဆိုင်အနီး၌  လိုင်စင်မဲ့  Toyota Crown မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) ကို  ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၂၂၃၉၆၃) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ (၈)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၂၂၁၃၀၆၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။                   

 (သတင်းစဉ်)

Dates: 
Friday, July 19, 2024 - 08:43