(၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် အာဇာနည ်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရ ရင်တွင်းစကားသံများ
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက် တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် နေ့မအား၊ ညမနား ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့၏ နိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့မှုများကို ပြည်သူတစ်ရပ်လုံး၏ရင်ထဲတွင် အမြဲအမှတ်တရ ရှိနေစေရန်နှင့် အနာဂတ် မျိုးဆက်သစ်လူငယ်များ အားကျအတုယူလိုက်နာနိုင်စေရန် အာဇာနည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရဝပြုကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။
နန့်ဇင်မိုးခိုင်
(မန်းဘခိုင်၏မိသားစုဝင်)
မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး တွေ လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သလို လူငယ်တွေအနေနဲ့လည်း မြန်မာနိုင်ငံကို တိုးတက် အောင်မြင်အောင် ကြိုးစားလုပ်ဆောင်စေလိုပါတယ်။ နိုင်ငံလွတ်လပ်ရေးရရှိအောင် လုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလို မလွယ်ကူတာကို လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးထဲမှာ အဘိုးလည်း ပါဝင်တဲ့အတွက် အဘိုးကိုယ်စား ဂုဏ်ယူမိပါတယ်။ အဘိုးရဲ့မြေးဖြစ်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။
ဒေါ်မြင့်မြင့်ခိုင်
(မန်းဘခိုင်၏မိသားစုဝင်)
ကျွန်မဖခင်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အသက်ပေးလှူသွားခဲ့ပါတယ်။ ကျွန်မတို့ သားသမီးတွေ အနေနဲ့လည်း မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ စွမ်းဆောင်နိုင်သမျှ နိုင်ငံ့ဝန်ထမ်းအဖြစ်နဲ့ ထမ်းဆောင်ခဲ့ပြီးပါပြီ။ ကျွန်မအဖေတို့ မျှော်မှန်းခဲ့တဲ့၊ ကျွန်မတို့ကိုယ်တိုင်မျှော်မှန်း တဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် နိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့ ရှေ့ဆက်ပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။
ဦးလှကြည်
(ဦးရာဇတ်၏မိသားစုဝင်)
အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်လာရောက်ဂါရဝပြုပါတယ်။ အာဇာနည်နေ့အကြောင်းကို ဆရာ၊ ဆရာမတွေ နားလည်သိရှိဖို့လိုပါတယ်။ ပြီးရင် လူငယ်တွေကို တစ်ဆင့်ပြန်ပြီးတော့ ပြောပြနိုင်ရမယ်။ ဆရာ၊ ဆရာမတွေနားလည်သိရှိမှ ကျောင်းသား၊ ကျောင်းသူတွေကို ပြန်ပြောပြနိုင်မယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လူငယ်တွေအနေနဲ့ အတုယူသင့်ပါတယ်။ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတာ လူငယ်တွေသိဖို့လိုပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ နိုင်ငံအတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့မှုတွေကို အတုယူလိုက်နာပြီး လုပ်ဆောင်ကြစေလိုပါတယ်။
ဦးရဲမြင့်အောင်
(သခင်မြ၏မိသားစုဝင်)
အာဇာနည်နေ့ရောက်တာနဲ့ သတိတရ လာရောက်ဂါရဝပြုတာဖြစ်ပါတယ်။ ဒီလိုနေ့ရောက်ပြီဆိုရင် မိသားစုဝင်တစ်ယောက်အနေနဲ့ သတိရလွမ်းဆွတ်ရပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေက စည်းစည်းလုံးလုံးနဲ့ အခက်အခဲတွေကြားက လွတ်လပ်ရေးရအောင် ကြိုးစားခဲ့ကြတယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းမကွဲစေချင်ဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေထဲမှာလည်း တိုင်းရင်းသားတွေ အများကြီးပါတယ်။ လွတ်လပ်ရေးရအောင် လူမျိုးတစ်မျိုးတည်းက လုပ်ရမှာမဟုတ်ဘူး။ တိုင်းပြည်ကိုချစ်တဲ့လူမျိုးအားလုံး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေအားလုံး စည်းလုံးတဲ့စိတ်ဓာတ်နဲ့ ဘယ်လိုလုပ်ဆောင်သွားကြတယ်ဆိုတာကို အတုယူစေချင်ပါတယ်။
စဝ်ကိုင်ဖ (မိုင်းပွန်စော်ဘွားကြီး
စဝ်စံထွန်း၏မိသားစုဝင်)
အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ်ခမ်းခမ်းနားနားနဲ့ မမေ့မလျော့ကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့လည်း ကျန်းမာရေးမကောင်းတဲ့ကြားက ကြိုးစားပြီး လာတက်ရောက်ဖြစ်တာပါ။ အာဇာနည်နေ့မှာ ချမှတ်ထားတဲ့လမ်းစဉ်အတိုင်း ပြည်ထောင်စုကြီး အဓွန့်ရှည်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဦးသန့်ဇင်ချို
(ဒီးဒုတ်ဦးဘချို၏မိသားစုဝင်)
လွတ်လပ်ရေးအတွက် ဦးဆောင်ဦးရွက် ပြီး အသက်ပေးသွားကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် ကျွန်တော် တို့မိသားစုဝင်တွေအနေနဲ့ နှစ်စဉ် ဂုဏ်ယူစွာနဲ့ပဲ မပျက်မကွက် ဒီအခမ်းအနားကို တက်ရောက်ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာ အစစအရာရာ တိုးတက်လာပါတယ်။ နယ်ပယ်ပေါင်းစုံကနေ၊ အဘက်ဘက်ကနေ ဖွံ့ဖြိုးပြီး နည်းပညာတွေပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေအနေနဲ့ နောက်ကျမကျန်စေဘဲ ခေတ်နဲ့ ရင်ပေါင်တန်းနိုင်ဖို့ ကြိုးစားနေကြတာကို လည်းတွေ့ရပါတယ်။ မျိုးဆက်သစ်လူငယ် တွေအနေနဲ့ တိုင်းပြည်တိုးတက်အောင် မျိုးချစ်စိတ်ကိုအခြေခံပြီး လုပ်ဆောင်ကြရင် နိုင်ငံက မလွဲမသွေတိုးတက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒေါက်တာမင်းမြင့်
(ဦးအုန်းမောင်၏မိသားစုဝင်)
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို နောင်လာနောက်သားတွေ အတုယူသင့်တယ်ဆိုတာ ပြောချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် တခြားနိုင်ငံက ခေါင်းဆောင်ကြီးတွေနဲ့ လုံးဝမတူပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ထူးခြားချက်က လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတယ်။စိတ်ထားမြင့်မြတ်တယ်။ အသက်ငယ်ငယ်နဲ့ သတ္တိကောင်းတယ်။ ပညာလည်းအရမ်း တော်တယ်။ ရဲဘော်သုံးကျိပ်ကိုဦးဆောင် ပြီးတော့ ဂျပန်နိုင်ငံမှာ စစ်ပညာသင်တယ်။ အဲဒီကပြန်လာပြီးတော့ ဂျပန်ကိုပြန်တိုက် ခဲ့တယ်။ အင်္ဂလိပ်ကလည်း လွတ်လပ်ရေး ကိုမပေးဘဲ အချိန်ဆွဲခဲ့တယ်။ ဗိုလ်ချုပ် အောင်ဆန်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သူဦးဆောင်ပြီးတော့ ဝန်ကြီးချုပ်အက်တလီကို သူကိုယ်တိုင်တွေ့ပြီး ဆွေးနွေးတော့ အောင်မြင်သွားတယ်။
အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။ ဇူလိုင်လ ၁၉ ရက်မှာ မမျှော်လင့်ဘဲ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီး ကျဆုံးခဲ့တယ်။ နိုင်ငံနဲ့ လူမျိုးအတွက် များစွာဆုံးရှုံးနစ်နာခဲ့ရတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်တွေအတိုင်း ကြိုးစားဆောင်ရွက်ကြစေလိုပါတယ်။ လူငယ်တွေအနေနဲ့ စာများများဖတ်ပါ၊ ပညာရှာမှီးပါ၊ စည်းလုံးညီညွတ်ကြပါလို့ပြောချင်ပါတယ်။
ဦးအောင်ကိုကို
(ရဲဘော်ကိုထွေး၏မိသားစုဝင်)
အာဇာနည်နေ့ရောက်ပြီဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ် သတိရပါတယ်။ ဗိုလ်ချုပ်တို့မကျဆုံးခင်က ချမှတ်ထားတဲ့ တာဝန်ကြီးသုံးရပ်ရှိတယ်။ ပထမတာဝန်က နိုင်ငံတော်လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာရရှိရေးတာဝန်ဖြစ်တယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့ကြတယ်။ ဒုတိယတာဝန်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတာဝန် ဖြစ်တယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံမှာ တောင်တန်းမြေပြန့် မခွဲခြားဘဲ တပေါင်းတစည်းတည်း လွတ်လပ်ရေးရခဲ့တယ်။ တတိယတာဝန်က
တော့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ တာဝန်ပါ။ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ကတော့ သူတို့ လွတ်လပ်ရေးမရသေးတဲ့အတွက်ကြောင့် မူဝါဒတွေချမှတ်ပြီး ထမ်းဆောင်ခဲ့ရတယ်။ ဒီတာဝန်ကြီးသုံးရပ်မှာ အခြေခံအကျဆုံးက တိုင်းရင်းသား စည်းလုံးညီညွတ်မှုရရှိရေးပဲ။ ဒီလိုလုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် တောင်တန်းမြေပြန့် တပေါင်းတစည်းတည်း လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသား အချင်းချင်း သွေးကွဲမှုတွေ ရှိလာခဲ့တယ်။ နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာခဲ့တယ်။ ဒါကြောင့် ပြည်သူအားလုံးနိုင်ငံအတွက် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင် သွားကြပါလို့ ပြောချင်ပါတယ်။
သတင်းအဖွဲ့(ရန်ကုန်)