မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံစတားအသင်းက ISPE အသင်းကို အနိုင်ရရှိ
ရန်ကုန် ဇူလိုင် ၁၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဒဂုံစတားအသင်းနှင့် ISPE အသင်းတို့ကစားခဲ့ရာ ဒဂုံစတားအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်းလုံးခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ် ရှိခဲ့ကာ ပွဲချိန် မိနစ် ၂၀ တွင် ခိုင်ရဲဝင်းက ISPE အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၂၈ မိနစ်တွင် ဆွမ်လမန်က ဒဂုံစတားအသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင်လည်း နှစ်သင်းလုံးတိုက်စစ်မြှင့်ပြီး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၆၃ မိနစ်တွင် အောင်ကျော်နိုင်က ဒဂုံစတားအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် ISPE အသင်းက ချေပဂိုးနှင့်အနိုင်ဂိုးများအတွက် ပြန်လည်ဖိအားပေးမှုများ ပြုလုပ်ခဲ့သော်လည်း ဒဂုံစတားအသင်းက အနိုင်ရလဒ်ကို ထိန်းချုပ် ကစားနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဒဂုံစတားအသင်းက ISPE အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ဇူလိုင်လ ၂၀ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရတနာပုံအက်ဖ်စီအသင်း၊ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ဆက်လက် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်