လာမည့်ဘောလုံးရာသီတွင် ဘာစီလိုနာအသင်း လူငယ်တိုက်စစ်ကစားသမားယာမယ် ကျောနံပါတ် (၁၉) ဂျာစီကို ဝတ်ဆင်ကစားမည်
ဘာစီလိုနာအသင်း အဓိကလူငယ် တိုက်စစ်ကစားသမား ယာမယ်သည် လာမည့်ဘောလုံးရာသီတွင် ကျောနံပါတ် (၁၉) ဂျာစီကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။
အသက် ၁၇ နှစ်အရွယ် ယာမယ်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဘာစီလိုနာအသင်းနှင့်အတူ ပြိုင်ပွဲစုံတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ပြီးနောက် အသင်း၌ အရေးပါသည့် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သကဲ့သို့ ပြီးခဲ့သည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း စပိန်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ကာ စပိန်အသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ရာတွင် အရေးပါသော ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။
ဘာစီလိုနာအသင်းတွင် မက်ဆီလူငယ်ကစားသမား ဘဝစတင်ချိန်က ကျောနံပါတ်(၁၉)ကို စတင်ဝတ်ဆင် ကစားခဲ့ပြီး နောက်ပိုင်းမှသာ ကျောနံပါတ်(၁၀)ကို ပြောင်းလဲဝတ်ဆင်ခြင်းဖြစ်ကာ ယခုအခါ ယာမယ်သည် လာမည့် ဘောလုံးရာသီမှစတင်ကာ မက်ဆီလူငယ်ကစားသမားဘဝက ၀တ်ဆင်ခဲ့သည့် ကျောနံပါတ် (၁၉) ကို ပြောင်းလဲဝတ်ဆင်မည် ဖြစ်သည်။
ယာမယ်သည် ဘာစီလိုနာအသင်းတွင် အသင်းနှင့် ပွဲဦးထွက်ဘောလုံးရာသီဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီက ကျောနံပါတ်(၄၁)ကို ဝတ်ဆင်ကစား ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက ကျောနံပါတ် (၂၇) ကို ဝတ်ဆင် ကစားခဲ့ခြင်းဖြစ်ကာ လာမည့်ဘောလုံးရာသီတွင် ကျောနံပါတ် (၁၉) ကို ဝတ်ဆင် ကစားမည် ဖြစ်သည်။
ဘာစီလိုနာအသင်းတွင် ပြီးခဲ့သည့်ဘောလုံးရာသီက ကျောနံပါတ်(၁၉)ကို ဖာရန်တောရက်စ်က ဝတ် ဆင်ကစားခဲ့ပြီး လာမည့် ဘောလုံးရာသီတွင် ဖာရန်တောရက်စ်က ကျောနံပါတ်(၇) ကို ပြောင်းလဲဝတ်ဆင် မည်ဖြစ်ကြောင်း သိရသည်။
Ref;The Athletic