မမေ့အပ်နိုင်သော ၁၉ ဇူလိုင်အာဇာနည်နေ့၌ ပြည်သူများပြောကြားသည့် အမှတ်တရ ရင်တွင်းစကားသံများ

 

မမေ့အပ်နိုင်သော ၁၉ ဇူလိုင်အာဇာနည်နေ့၌ ပြည်သူများပြောကြားသည့် အမှတ်တရ ရင်တွင်းစကားသံများ

 

အာဇာနည် ကို မြန်မာအဘိဓာန်တွင် အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသောသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့သည် အာဇာနည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်အညီ ကိုက်ညီပြည့်စုံနေပါသည်။ နိုင်ငံနှင့်လူမျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ နေ့မအား၊ ညမနားကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးကိုးဦးတို့ကို အစဉ်အဆက်သောမျိုးဆက်သစ်လူငယ်များ အားကျအတုယူ လိုက်နာနိုင်စေရန်နှင့် ပြည်သူတစ်ရပ်လုံး၏ရင်ထဲတွင် အမြဲအမှတ်တရရှိနေစေရန် အာဇာနည်နေ့အခမ်းအနား ကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၇၇) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) တို့သို့ လာရောက်ကြသည့်ပြည်သူများ၏ အမှတ်တရ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

အမျိုးသားပြတိုက် (ရန်ကုန်)

လက်ထောက်ညွှန်ကြားရေးမှူး

ဒေါ်သီသီသောင်း

ကျွန်မကတော့  အမျိုးသားပြတိုက် (ရန်ကုန်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းဖြစ်ပါတယ်။ (၇၇) နှစ် မြောက်အာဇာနည်နေ့မှာ    ဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ  အထူးခင်းကျင်း မှုနည်းလမ်းနှစ်ခုနဲ့ ခင်းကျင်းပြသထားပါတယ်။ တစ်ခုက ပုံမှန်ခင်းကျင်းနည်းစနစ် အတိုင်းပြတဲ့ခင်းကျင်းမှုနဲ့ နောက်တစ်ခုက ဒစ်ဂျစ်တယ်နည်းပညာနဲ့ ခင်းကျင်းထား တဲ့ပြကွက်ကို  ပြသထားပါတယ်။  နည်းပညာခင်းကျင်းမှုမှာဆိုရင် 3D Photograph   မှာ  ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေကို ထည့်သွင်းထားတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောနေတဲ့ အသံအတိုင်း   ကြားရမယ့်ပြကွက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒီနှစ်မှာ    ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အကြောင်း၊     ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိတွေကို အများပြည်သူသိရှိစေနိုင်ဖို့   ဉာဏ်စမ်းပဟေဠိတွေ မေးတယ်။ ဆုရရှိသူတွေကို ဆုချီးမြှင့်တယ်။ အထိမ်း အမှတ်ပြတိုက်ဆိုတာ  နိုင်ငံတစ်နိုင်ငံရဲ့ မျိုးချစ်စိတ်တွေ၊  အာဇာနည်စိတ်တွေ၊ သမိုင်းကြောင်းဆိုင်ရာကောင်းမွန်တဲ့ပုဂ္ဂိုလ် တစ်ဦးကို မှတ်မိစေဖို့အတွက် သူနေခဲ့တဲ့ အိမ်၊ အသုံးအဆောင်တွေကို ကျွန်မတို့က ပြတိုက်အနေနဲ့    ဖွင့်လှစ်ထားတာပါ။ ပြတိုက်ကို နံနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ အခမဲ့ကြည့်ရှုလေ့လာခွင့်ပြု ထားပါတယ်။  ပုံမှန်နေ့ဆိုရင်  အင်္ဂါနေ့ ကနေ တနင်္ဂနွေနေ့အထိ နေ့စဉ် နံနက် ၉  နာရီခွဲကနေ  ညနေ ၄  နာရီခွဲအထိ ပြသထားပါတယ်။   

ဒေါ်ငုကေခိုင် (အနော်မာ အနုပညာအဖွဲ့) ခေါင်းဆောင်

ဒီနှစ်ကတော့   နည်းနည်းထူးခြားပါတယ်။   ကျွန်မတို့   အတွင်းဝန်ရုံးပြုပြင်ထိန်းသိမ်းတာ Page-1 အနေနဲ့ပြီးစီးတာရယ်၊ ဒီနှစ်မှာ Page-2 လည်း ပြီးစီးသွားတဲ့အတွက် ပိုပြီးတော့ပြလို့ရတယ်။ အများ ပြည်သူတွေကိုလည်း   အဲဒီဘက်တွေကို ကြည့်ရှုလေ့လာခွင့်ပေးမှာပါ။ ပြင်ဆင်ထား မှုအနေနဲ့   အတွင်းဝန်ရုံးကို ဝင်လာရင် ပထမဆုံး   ပါလီမန်အဆောက်အအုံလွှတ်တော်ကို ပြသထားပါတယ်။ ပါလီမန် မှာဆို ပါလီမန်ရဲ့ အခင်းအကျင်းနဲ့ မှတ်တမ်းဓာတ်ပုံတွေကို ပြထားတယ်။ ပြီးရင် Tower-4  မှာဆိုရင်  ဝိတိုရိယခေတ်မှာ ပထမဆုံးဆောက်ခဲ့တဲ့  ဗိသုကာလက်ရာ တွေကို  တွေ့ရမှာဖြစ်ပြီး  ဗိုလ်ချုပ်တို့ အစည်းအဝေးခန်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။   အစည်းအဝေးခန်းမှာဆိုရင် ဗိုလ်ချုပ်တို့လုပ်ကြံခံရစဉ်က အသုံးပြုခဲ့တဲ့ စားပွဲကို    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြသထားပါတယ်။  ပြီးရင်  မှတ်တမ်းဓာတ်ပုံတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားစဉ်က အသုံးပြုခဲ့တဲ့အသုံးအဆောင် ပစ္စည်းတွေကို ပြသထားပါတယ်။

ဦးကိုကိုမောင်

ကျွန်တော်ကတော့ လှည်းကူးမြို့နယ်ကနေ  လာရောက်တာပါ။  အာဇာနည် ခေါင်းဆောင်ကြီးတွေ    ကျဆုံးခဲ့တဲ့ အတွင်းဝန်ရုံးကို လာရောက်လေ့လာတဲ့ အခါမှာ စိတ်မကောင်းစရာတွေဖြစ်ရသလို သိမှတ်စရာတွေ၊ ဗဟုသုတတွေကိုလည်း တွေ့ရပါတယ်။ သိမ်ဖြူလမ်းက စဝင်လိုက် တာနဲ့ ဗိုလ်ချုပ်တို့ တိုင်းပြည်တိုးတက်ရေး အတွက်    ဆောင်ရွက်ခဲ့တဲ့    ပါလီမန်အဆောက်အအုံကို   စတင်လေ့လာရပါတယ်။ ပါလီမန် အဆောက်အအုံ ထဲမှာဆိုရင် အောင်ဆန်းအက်တလီစာချုပ်၊ နုအက်တလီစာချုပ် စတာတွေအပြင် အာဇာနည် ခေါင်းဆောင်ကြီး တွေရဲ့ မှတ်တမ်းဓာတ်ပုံ တွေကို လေ့လာတွေ့ရှိရပါတယ်။ ပြီးရင်တော့    ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ အစည်းအဝေးခန်းကို  တွေ့ရှိရပါတယ်။  အရင်ကျောင်းသားဘဝက သိခဲ့ရတာတွေထက် အခုက အများကြီးပိုပြီး သိခွင့်ရခဲ့တယ်။ အခုလိုပြသထားတဲ့အတွက်    မျိုးဆက်သစ်လူငယ်တွေ အနေနဲ့    အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့မှုတွေကို သိရှိလေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်အေးအေး

အာဇာနည်နေ့မှာ   မိသားစုနဲ့အတူ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ အတွင်းဝန်ရုံးကို     လာရောက် ကြည့်ရှုလေ့လာတာပါ။ ကလေးတွေကို အာဇာနည် ခေါင်းဆောင်ကြီးတွေ    ဘယ်လိုကျဆုံးသွားတာ သိစေချင်တယ်။ ကျောင်းမှာသင်ပေမယ့် ဒီမှာပြထားတာတွေလောက် သူတို့သိပ်မသိနိုင်ဘူး။ ခေါင်းဆောင်ကြီးတွေ သုံးခဲ့တဲ့ပစ္စည်းတွေက ဘယ်လိုရှိတယ်ဆိုတာကအစ သူတို့သိနိုင်တယ်။ အခုကျွန်မ တို့လေ့လာတဲ့အခါ     တိုင်းပြုပြည်ပြုလွှတ်တော်၊ အာဇာနည်ခေါင်းဆောင်ကြီး တွေကိုလုပ်ကြံဖို့ တက်လာ ကြတဲ့လှေကား၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသုံးပြုခဲ့တဲ့ အစည်းအဝေးခန်း၊ ကျဆုံးခဲ့စဉ်က  မှတ်တမ်းဓာတ်ပုံတွေကို လေ့လာရတယ်။ အရင်မသိခဲ့တဲ့ အရာတွေကို   သိရှိရတဲ့အတွက်  အခုလိုစီစဉ် ပြသပေးထားတဲ့သူ တွေကို ကျေးဇူးတင်ပါတယ်။

ဒေါ်မိုးသီတာဦး

ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကနေ အာဇာနည်ဗိမာန် ကို လာရောက်ဂါရဝပြုတာပါ။ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ    အာဇာနည်ခေါင်းဆောင်ကြီးတွေကို  အမြဲအမှတ်ရနေပါတယ်။ အာဇာနည်နေ့ ရောက်ပြီဆိုရင် ကျွန်မအလိုလို မျက်ရည်ဝဲမိပါတယ်။ ဒါကြောင့် အခုလိုလာရောက်ပြီး ဂါရဝပြုတာပါ။   အနာဂတ်မျိုးဆက်သစ်လူငယ် တွေလည်း  အာဇာနည်ခေါင်းဆောင်ကြီး တွေရဲ့စိတ်ထားကို လေးစားအတုယူပြီး  တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နိုင် တဲ့လူငယ်တွေဖြစ်စေချင်ပါတယ်။

ဦးမျိုးခိုင်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့ကနေလာရောက်ပြီး ဂါရဝပြုတာ ပါ။ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားမိပါတယ်။ နောင်လာနောက်သား လူငယ်တွေ အနေနဲ့ ပညာတွေအများကြီး တတ်ဖို့လိုတယ်၊   ပညာတွေအများကြီး တတ်မှ နိုင်ငံတော်ကို တိုးတက်အောင် ဆောင်ရွက်နိုင်မယ်။ ဒီနေ့အခမ်းအနားက ပြီးပြည့်စုံပါတယ်။ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊     အတွင်းဝန်ရုံးနဲ့ အာဇာနည်ဗိမာန်သုံးနေရာစလုံး  ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ကျင်းပပေး တဲ့အတွက်    အနယ်နယ်အရပ်ရပ်က  ပြည်သူတွေလည်း လာရောက်ခွင့်ရတယ်၊ တာဝန်ရှိသူတွေကိုလည်း  ကျေးဇူးတင် ပါတယ်။ 

သတင်းအဖွဲ့(ရန်ကုန်)

Dates: 
Saturday, July 20, 2024 - 09:52