မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)တွင် ရတနာပုံအက်ဖ်စီ အသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဇူလိုင် ၂၀
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီကကြီးမှူး ကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ ရတနာပုံအက်ဖ်စီအသင်းနှင့် မဟာယူနိုက်တက် အသင်းတို့ ပြိုင်ဘက် အသင်းများကို နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ သစ္စာအားမာန် အသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ ကစားခဲ့ရာ ရတနာပုံအက်ဖ်စီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရတနာပုံအက်ဖ်စီ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၈ မိနစ်တွင် စိုးမင်းဦး၊ ပွဲချိန် ၃၁ မိနစ်တွင် Kalep တို့က သွင်းယူပေးခဲ့ပြီး သစ္စာအားမာန်အသင်း အတွက် သွင်းဂိုးကို ပွဲချိန် ၁၉ မိနစ်တွင် လှထွန်းက သွင်းယူပေးခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ရတနာပုံအက်ဖ်စီအသင်းမှ Kalepu က ရရှိခဲ့သည်။
အလားတူ ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ မဟာယူနိုက်တက် အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင် ရရှိခဲ့ပြီး မဟာယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် မိနစ်၂၀ နှင့် မိနစ် ၇၀ တို့တွင် ပက်ထရစ်၊ ပွဲချိန် ၂၈ မိနစ်နှင့် ၄၁ မိနစ်တို့တွင် အောင်လှိုင်ဝင်းတို့က သွင်းယူပေးနိုင်ခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်းအတွက် သွင်းဂိုး ကို ပွဲချိန် ၁၃ မိနစ်တွင် Mang Deih Pay က သွင်းယူပေးနိုင်ခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို မဟာယူနိုက်တက်အသင်းမှ အောင်လှိုင်ဝင်းက ရရှိခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ဇူလိုင်လ၂၁ ရက် (ယနေ့)ညနေ ၃နာရီတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် မြဝတီအက်ဖ်စီအသင်း၊ ညနေ ၄ နာရီတွင်ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဒဂုံပေါ့အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဆက်လက် ကစားမည်ဖြစ်ကြောင်း သိရသည်။