အာဆီယံ-တရုတ် 3×3 အသက် ၁၈ နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကက်ဘော အားကစားအဖွဲ့ ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိ
ရန်ကုန် ဇူလိုင် ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် မယ်လီပိုခရိုင်၌ ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် ASEN-CHINA YOUTH BASKE-TBALL TOURNAMENT AND CULTURAL EXCHANGE 3×3 အသက် ၁၈ နှစ်အောက် ဘတ်စကက်ဘော ပြိုင်ပွဲသို့ မြန်မာဘတ်စကက်ဘော အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယငွေတံဆိပ်ဆုနှင့် အကောင်းဆုံး ကစားသမားဆုရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အသင်းက ပထမရွှေတံဆိပ်၊ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့က ပူးတွဲဒုတိယငွေတံဆိပ်၊ ထိုင်းအသင်းက တတိယကြေးတံဆိပ်ရရှိခဲ့ကြပြီး မြန်မာအသင်းမှ စိုင်းအောင်အောင်က အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာတို့က အသင်းတစ်သင်းစီနှင့် အိမ်ရှင်တရုတ်အသင်းက ငါးသင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ မြန်မာဘတ်စကက်ဘော အားကစားအဖွဲ့တွင် မြန်မာနိုင်ငံဘတ်စကက် ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်၊ နည်းပြနှင့် အားကစားသမားငါးဦး စုစုပေါင်း ခုနစ်ဦးသွားရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြန်မာဘတ်စကက်ဘော အားကစားအဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်မှ အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။