အီတလီစီးရီးအေတန်းတက် အသင်းဖြစ်သည့် ကိုမိုအသင်းက နည်းပြသစ်အဖြစ် နည်းပြဖာဖရီဂတ်စ်ကို ခန့်အပ်ကြောင်း ကြေညာ
အီတလီစီးရီးအေတန်းတက် အသင်းဖြစ်သည့် ကိုမို အသင်းက နည်းပြဖာဖရီဂတ်စ်ကို လေးနှစ်စာချုပ်ဖြင့် ခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃၇ နှစ်အရွယ် နည်းပြဖာဖရီဂတ်စ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အာဆင်နယ် အသင်း၊ ဘာစီလိုနာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ တွင် အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ခဲ့ကာ ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက ကိုမိုအသင်း၌ နောက်ဆုံးကစားခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူခဲ့သည်။
နည်းပြဖာဖရီဂတ်စ်သည် ကိုမိုအသင်းနှင့်အတူ ကစားသမားဘဝမှ အနားယူပြီးနောက် ကိုမိုအသင်း ရှယ်ယာများကို ဝယ်ယူခဲ့၍ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာပြီး ပရော်ဖက်ရှင်နယ်နည်းပြ ဘဝကိုလည်း ကိုမိုအသင်း နည်းပြအဖွဲ့ဝင်အဖြစ် ပြီးခဲ့သည့် ဘောလုံးရာသီ က စတင်ခဲ့ခြင်းဖြစ်သည်။
ကိုမိုအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက စီးရီးဘီပြိုင်ပွဲတွင် အမှတ်ပေးဇယား အဆင့်(၂)နေရာ ၌ ရပ်တည်ခဲ့ပြီးနောက် အီတလီစီးရီးအေ ပြိုင်ပွဲသို့ တန်းတက်နိုင်ခဲ့သည့်အတွက် လက်ရှိတွင် နည်းပြဖာဖရီဂတ်စ်ကို ခန့်အပ်ခဲ့သည့်အပြင် ထိပ်တန်းကစားသမားများကိုလည်း ခေါ်ယူအင်အား ဖြည့်တင်းလျက် ရှိကြောင်း သိရသည်။