မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့ နိုင်ပွဲရရှိ
ရန်ကုန် ဇူလိုင် ၂၁
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃) အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ခြေစွမ်းပိုင်းကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် မိနစ် ၆၀ တွင် ပယ်နယ်တီမှတစ်ဆင့် လမင်းထွေးက သွင်းယူပေးခဲ့ပြီး ဟံသာဝတီ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးကိုပွဲချိန် ၇၃ မိနစ်တွင် ကျော်မျိုးနိုင်က သွင်းယူပေးနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့ ကျောက်တိုင်အားကစားကွင်း၌ ဧရာဝတီယူနိုက်တက် အသင်းနှင့် မြဝတီအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ မြဝတီအက်ဖ်စီအသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး မြဝတီအက်ဖ်စီ အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၄၃ မိနစ်တွင် ကောင်းစည်သူက သွင်းယူပေးနိုင်ခဲ့သည်။
ဆက်လက်ပြီး ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဒဂုံပေါ့အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲချိန် ၁ မိနစ်တွင်ပင် မျိုးဆက်ပိုင်က ဒဂုံပေါ့အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန်မိနစ် ၄၀ တွင် ဟိန်းဖြိုးဝင်း၊ ပွဲချိန် ၄၉ မိနစ်နှင့် ၈၇ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်း၊ ပွဲချိန် ၆၂ မိနစ်တွင် မာ့ခ်ဆာကီတို့က ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၂ မိနစ်တွင် ကောင်းမြတ်ကျော်က ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့် အတွက် ရှမ်းယူနိုက်တက်အသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။