အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ သရေရလဒ်ထွက်ပေါ်
ရန်ကုန် ဇူလိုင် ၂၁
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိနေသည့် အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာယူ-၁၉ အသင်းနှင့် လာအိုယူ-၁၉ အသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီသရေ ရလဒ်ကြောင့် မြန်မာယူ-၁၉ အသင်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေအနိုင်ရလဒ်ရရှိမှသာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာယူ-၁၉ အသင်းက ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ရန် မဖြစ်မနေအနိုင်ရလဒ် လိုအပ်နေသည့်အတွက် စောကျော်ခန့်နို၊ ခန့်ဇင်ဟိန်း၊ စောလင်းထက်ပိုင်၊ Samuel Ngai Kee ၊ စွမ်းထက်၊ မင်းမော်ဦး၊ ဝင်းပြည့်မောင်၊ ရှိုင်းဝဏ္ဏအောင်၊ ဇော်မျိုးထွန်း၊ ထွန်းထွန်းသိန်း၊ ဖြိုးပြည့်စုံအစရှိသည့် အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။
အဆိုပါပွဲစဉ်တွင် မြန်မာယူ-၁၉ အသင်းက ပွဲစကတည်းက ခြေစွမ်းပိုင်းအသာစီးဖြင့် လာအိုယူ-၁၉ အသင်းကို ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၄၁ မိနစ်တွင် ရှိုင်းဝဏ္ဏအောင်က မြန်မာယူ-၁၉ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းတွင် မြန်မာယူ-၁၉ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယပိုင်းတွင် မြန်မာယူ-၁၉ အသင်းက ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း မသေချာမှုများကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ တန်ပြန်တိုက်စစ်မှတစ်ဆင့် ပွဲချိန် ၈၂ မိနစ်တွင် လာအိုအသင်းက ချေပဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည်။
အခြားပွဲစဉ်တွင် သြစတြေးလျ ယူ-၁၉အသင်းက ဗီယက်နမ် ယူ-၁၉ အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အုပ်စုနှစ်ပွဲကစားပြီးချိန်တွင် သြစတြေးလျယူ-၁၉ အသင်းက ရမှတ်ခြောက်မှတ်ဖြင့် အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ရန်သေချာခဲ့ပြီး မြန်မာယူ-၁၉ အသင်းက ရမှတ်နှစ်မှတ်ဖြင့် အုပ်စု ဒုတိယ၊ ဗီယက်နမ်ယူ-၁၉ အသင်းက ရမှတ်တစ်မှတ်ဖြင့် အုပ်စုတတိယနှင့် လာအိုယူ-၁၉ အသင်းက ရမှတ်တစ်မှတ်ဖြင့် အုပ်စုအောက်ဆုံးတွင် ရပ်တည်နေသည့်အတွက် မြန်မာ ယူ-၁၉ အသင်းအတွက် အုပ်စု နောက်ဆုံးပွဲစဉ်ဖြစ်သည့် သြစတြေးလျအသင်းနှင့် ပွဲစဉ်တွင် မဖြစ်မနေ အနိုင်ရရှိမှသာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။