မြန်မာလက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပတ်စ်တိုးတို့ ပူးတွဲသရေဖြင့်သာ အဆုံးသတ်
ရန်ကုန် ဇူလိုင် ၂၁
CANAL PLUS မှစီစဉ်ကျင်းပသည့် TGL# 7 THE GREAT LETHWEI လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရုံပိတ်စနစ်ဖြင့် ရန်ကုန်မြို့၌ ကျင်းပရာ ယင်းပြိုင်ပွဲ၏ ခေါင်တွဲဆိုင်းဖြစ်သည့် မစ်ဒယ်ဝိတ်တန်းတွင် မြန်မာ့လက်ဝှေ့ကျော် ကျော်စွာဝင်း(မြန်မာ)နှင့် MMA ဖိုက်တာ ဘရတ်ပတ်စ်တိုး(အမေရိကန်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပူးတွဲသရေဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ဝှေ့ကျော် ကျော်စွာဝင်းသည် အသက် ၂၂ နှစ်၊ အရပ် ၅ ပေ ၇ လက်မ၊ အလေးချိန် ၇၁ kg ရှိသူဖြစ်ပြီး သူ၏ပြိုင််ပွဲတစ်လျှောက်၌ ၃၈ ပွဲနိုင်၊ ၃၇ ပွဲသရေ၊ ရှုံးပွဲမရှိသူတစ်ဦးဖြစ်သည်။ ထို့အတူ ကျော်စွာဝင်း၏ ပြိုင်ဘက်ကစားသမား ဘရတ်ပတ်စ်တိုးသည် အသက် ၂၉ နှစ်၊ အရပ် ၅ ပေ ၁၀ လက်မ၊ အလေးချိန် ၇၄ kg ရှိပြီး MMA ပြိုင်ပွဲတွင် လေးပွဲနိုင်၊ သုံးပွဲရှုံးထားသူဖြစ်သည်။
ကျော်စွာဝင်းသည် ပွဲစသည်နှင့် ပြိုင်ဘက်ကို ဖိအားပေးကစားခဲ့သည်။ ဘရတ်ပတ်စ်တိုးက သူ့ထက်အရပ်မြင့်ပြီး ခြေတံလက်တံရှည်သူဖြစ်၍ ထင်တိုင်းတိုးမပေါက်သည့်အပြင် ထောက်လက်သီးနှင့်အမြင့်ကန်ချက်များကလည်း ကျော်စွာဝင်းကို အဟန့်အတားဖြစ်ခဲ့သည်။ ဘရတ်ပတ်စ်တိုးသည် မြန်မာ့ ရိုးရာလက်ဝှေ့ကို ပထမဆုံးထိုးသတ်သည့် ပွဲဆိုသော်လည်း MMA ရော မွေထိုင်းပါ တတ်ကျွမ်းသည့်အတွက် ဒူး၊ တံတောင်၊ ခေါင်း၊ ခြေအစုံဖြင့် သတ်လုံးသတ်ကွက်စုံစွာ ဝါရင့့််သမ္ဘာရင့်တစ်ယောက်သဖွယ် ယှဉ်ပြိုင်သွားသည်။ ငါးချီပြည့်သည်အထိ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးသတ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ပူးတွဲသရေဖြင့်သာ အဆုံးသတ်ခဲ့ကြသည်။
ဒုတိယခေါင်တွဲဆိုင်းဖြစ်သည့် ဝယ်လ်တာဝိတ်တန်း ရန်နိုင်ထွန်းနှင့်နီရန်(ထိုင်း)တို့ ပွဲစဉ်တွင် နီရန်ကခြေတံလက်တံရှည်ပြီး မွေထိုင်းသမားပီပီ ခြေကန်ချက်ကောင်းကောင်းဖြင့် ပထမအချီ၊ ဒုတိယအချီတို့တွင် ရန်နိုင်ထွန်းကို အကောင်းဆုံးဟန့်တား ကစားနိုင်ခဲ့သော်လည်း တတိယအချီတွင် ရန်နိုင်ထွန်း၏ ဘယ်ဝိုက်လက်သီးထိမှန်ပြီး နီရန်လဲကျကာ အနားတောင်းခဲ့ရသည်။ ဆက်လက်ယှဉ်ပြိုင်သော်လည်း တတိယအချီ ၁ မိနစ် ၅၁ စက္ကန့်တွင် ထပ်မံအထိုးခံရ၍ ရန်နိုင်ထွန်းက အလဲထိုးဖြင့် အနိုင်ရရှိသွားသည်။
ထို့အတူ လိုက်ဝိတ်တန်း အောင်ထက်ဟိန်းနှင့် သွေးလင်းထက်တို့ပွဲတွင် စတုတ္ထအချီ ၁ မိနစ် ၅၂ စက္ကန့်အရောက်၌ သွေးလင်းထက်က အလဲထိုးဖြင့်အနိုင်ရရှိသည်။ ကျန်ပွဲစဉ်များဖြစ်သည့် လိုက်ဝိတ်တန်းတွင် ထူးစေးဝါးနှင့် ကျားရိုင်း၊ အာဖရိကနှင့်မဟာ
သွေး၊ ဝယ်လ်တာဝိတ်တန်းတွင် စောဘဟိန်းနှင့် ရဲလင်းဦး၊ လိုက်ဝယ်လ်တာ ဝိတ်တန်းတွင် လော်ကွာဒူးနှင့်ဂျိုးဖြူ၊ ဖယ်သာဝိတ်တန်းတွင် ရဲမင်းထက်နှင့် လာကပေါတို့ အသီးသီးယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသော်လည်း ပူးတွဲသရေအဖြစ်သာ ရလဒ် ထွက်ပေါ်ခဲ့ကြသည်။