ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိ

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေ အရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိ

 

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ  ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့   ကျောင်းနေအရွယ်ကလေးတိုင်း  အခြေခံပညာ သင်ယူနိုင်စေရေးအတွက်  ကရင်ပြည်နယ်  မြဝတီခရိုင်   မြဝတီမြို့  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ရင်တွင်းစကားသံများကို တင်ပြလိုက်ပါသည်။

ဦးမြင့်ဦး(ကြီးကြပ်မှုကော်မတီနာယက၊ မြို့နယ်ပညာရေးမှူး-ငြိမ်း)

ယနေ့ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြို့နယ်ဖိတ်ကြားမှုနှင့် တက်ရောက်ပြီး  ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား မိဘများတွေ့ဆုံတဲ့အခါမှာလည်း  မြဝတီမြို့နယ်၏ပညာရေးကို ဘက်စုံဖွံ့ဖြိုး တိုးတက်ဖို့အတွက် အစွမ်းကုန်မြှင့်တင်ရေးလုပ်ငန်းတွေ အများကြီးရလာခဲ့ပါတယ်။ မြဝတီမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း  ၁၀၅  ကျောင်းရှိပြီး ကိုယ်ပိုင်ကျောင်း   ခြောက်ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းငါးကျောင်း စုစုပေါင်းအခြေခံပညာသင်ကျောင်းပေါင်း   ၁၁၆  ကျောင်းရှိပါတယ်။  ၁၁၆ ကျောင်းအနက်မှ  အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း ၇၉ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ကျန်ရှိတဲ့ကျောင်းတွေ  ဆက်ပြီးဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်။  အခြေခံပညာကျောင်းတွေဖွင့်လှစ်နိုင်ဖို့  ဒေသအာဏာပိုင်၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့   ပူးပေါင်းဆောင်ရွက်ညှိနှိုင်း လျက်ရှိပါတယ်။

အခြေခံပညာကျောင်းသား၊ ကျောင်းသူဦးရေ ၃၈၀၀၀ ခန့်မှန်းထားတာရှိပါတယ်။ လက်ရှိအနေအထားအရ ကျောင်းအပ်နှံပြီး ကျောင်းသား၊ ကျောင်းသူ  ၃၁၀၀၀ ကျော်ရှိပြီးဖြစ်ပါတယ်။ မကြာခင်မှာ သတ်မှတ်ဦးရေပြည့်မှာ   ဖြစ်ပါတယ်။   အခြေခံပညာကျောင်းဘက်ကလည်း ကျောင်းတွေဖွင့်တဲ့အချိန်မှာ   ကလေးတွေ  ပညာသင်ကြားနိုင်ဖို့  ဆရာ၊  ဆရာမတွေကို ဖြည့်စွက်ပြီးတော့ ပြောင်းရွှေ့ခန့်ထားရေး ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနမှ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်အခမဲ့ဖြန့်ဝေပေးပါတယ်။

ဒါ့အပြင် ဒေသခံအလှူရှင်များကလည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လှူဒါန်းမှုများစွာ ရှိပါတယ်။ ဒီနေ့ဆိုရင်  ဒေသခံအလှူရှင်တစ်ဦးက ဗလာစာအုပ် ဒါဇင် ၅၀၀၀ နှင့်  ကွန်ပါဘူး ၅၀၀၀ ကို လှူဒါန်းပေးပါတယ်။ ကျောင်းသား၊  ကျောင်းသူတွေအတွက်  ပညာသင်ကြားခွင့် အခွင့်အလမ်းများစွာရရှိပါတယ်။  အခြေခံပညာကျောင်းတွေ   အစွမ်းကုန် ဖွင့်လှစ်သင်ကြားနိုင်ဖို့  ပညာရေးဝန်ထမ်းများ၊  မိဘ၊ ဆရာပူးပေါင်း၍  ကြိုးစားဆောင် ရွက်လျက်ရှိပါတယ်။ မြဝတီမြို့နယ်ပညာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများ အားလုံး ဖွင့်လှစ်နိုင်ရေးနှင့်ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မီကျောင်း ရောက်ရှိနိုင်ရေး စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ မြဝတီမြို့နယ်မှာရှိတဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မြဝတီမြို့ ဒီထက်မက  ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

ဦးအုန်းမြင့်(ကျောင်းအုပ်ကြီး၊ အ.ထ.က(၁) မြဝတီ)

၂၀၂၄-၂၀၂၅  ပညာသင်နှစ် ကျောင်း အပ်နှံရေးနေ့ သီတင်းပတ်ကို မေလ ၂၃ ရက်နေ့မှ ဇွန်လ၂ ရက်နေ့ထိ KG တန်းမှစ၍ Grade-12 ထိကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးနေပါတယ်။ မေလ၂၉ ရက် နေ့ထိ ကျောင်းအပ်လက်ခံပြီး ကျောင်းသား၊ ကျောင်းသူဦးရေ  KG တန်းမှစ၍ Grade-12 ထိ ၂၇၀၀ ကျော်လက်ခံပြီးဖြစ်ပါတယ်။ နောက်ရက်များမှာ ကျောင်းအပ်လက်ခံခြင်း ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ယခင်နှစ်ကျောင်းအပ်နှံမှု ယခုနှစ်ကျောင်းအပ်နှံလက်ခံမှု ဦးရေပိုများပါတယ်။ နိုင်ငံတော်မှလည်း  KG တန်းမှစ၍ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများအတွက်  အခမဲ့ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက် ပေးမှုအပြင်   ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို  ထောက်ပံ့ ပေးပါတယ်။  ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးမျှော်မှန်းချက်နှင့် ပတ်သက်ပြီး တော့ စိတ်ဓာတ်ခွန်အား အနေနဲ့ဆိုရင် ပညာရေးဖြင့်သာ မိမိရဲ့ဘဝရည်မှန်းချက် ပန်းတိုင်လျှောက်လှမ်းရာတွင် အမှား/အမှန် ခွဲခြားသိမြင်နိုင်မည်ဖြစ်ကြောင်း၊  ကျောင်းနေစဉ်အချိန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေးဆိုတဲ့  ဆောင်ပုဒ်နှင့်အညီ  ဘက်စုံဖွံ့ဖြိုးတိုးတက်မှသာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့သားကောင်း များ ဖြစ်လာစေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့်  လူတော်၊ လူကောင်းများ ဖြစ်လာမှာဖြစ်ပါတယ်။  ဒါ့ကြောင့် မိဘ၊ဆရာများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြား လိုပါတယ်။

ဒေါ်ခင်ထွေးရီ(အထက်တန်းပြ၊ အ.ထ.က(၁) မြဝတီ)

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်း အပ်နှံရေးနေ့ ရက်သတ္တပတ်ပြည့်ပြီဖြစ်တဲ့အတွက်  ဇွန်လ ၃ ရက် နေ့မှာအခြေခံ ပညာကျောင်းများပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ ဆရာ၊ ဆရာများ၏အခန်း ကဏ္ဍအနေနဲ့ကတော့ ဆရာ နှင့် စာ၊ ရေ နှင့် ကြာ ဆိုသကဲ့သို့ ကလေးများကို ပညာသင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများကတော့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသို့ ရောက်ရှိရေး၊  ရောက်ရှိ လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းနေပျော်ပြီး စာတော်သောကလေး များဖြစ်လာအောင် အေးချမ်းစွာပညာ သင်ကြားနိုင်ရေး၊ ဗလငါးတန်ဖွံ့ဖြိုးပြီး အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘက်စုံစွမ်းရည်များ ထူးချွန်အောင် ကြိုးစားအားထုတ်နိုင်ရေးအတွက်  ဆရာ၊  ဆရာမများကလည်း ကြိုးစားသင်ကြားပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူရည်ချွန် မောင်၊ မယ်များပေါ်ထွက်လာရေးကိုလည်း မွေးထုတ်ပေးရမှာဖြစ်ပါတယ်။  နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသော  သင်ရိုးမာတိကာအပြင်  တွဲဖက်သင်ရိုးမာတိကာဖြစ်တဲ့   သက်မွေး၊ စာရိတ္တ၊ ကာယပညာ၊ ကျောင်းလုပ်ငန်း  စတဲ့အဘက်ဘက်မှ  ဖွံ့ဖြိုးတိုးတက်အောင်လည်း  စနစ်တကျလမ်းညွှန်သင်ကြား   ပေးရမှာဖြစ်ပါတယ်။  ကျောင်းကောင်စီလှုပ်ရှားနိုင်မှု၊ အားကစား လှုပ်ရှားနိုင်မှုကိုလည်း အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင် (Grade+12) စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆရာ၊ ဆရာမများ၊  ဌာနဆိုင်ရာအကြီးအကဲများ  ဝိုင်းဝန်းကူညီဆောင်ရွက်မှသာလျှင် ပညာရေးဖြင့်    ခေတ်မီဖွံ့ဖြိုးတိုးတက်သော  နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ    နိုင်ငံသစ်ဆီသို့   တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒီဆောင်ပုဒ်တွေနှင့်အညီ  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါလို့  ပြောကြားရင်း    တိုက်တွန်းအပ်ပါတယ်။

ဦးမျိုးအောင်

မိဘ/ကျောင်းအကျိုးတော်ဆောင်၊  အ.ထ.က(၁)မြဝတီ

ဒီနေ့ကျောင်းအပ်နှံရေးနေ့အခမ်းအနားမှာ  ကျောင်းသားမိဘ/ကျောင်းအကျိုးတော်ဆောင်တစ်ဦးအနေဖြင့် ကျောင်းတွေပြန်ဖွင့်ကလေးစာပြန်သင်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးတစ်ဖက် လုပ်ကိုင်နေရတော့ ကလေးတွေအတွက် ပညာရေးသာအဓိကပါ။ ကျောင်းအကျိုးတော်ဆောင် အနေနဲ့ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကျောင်းလုံခြုံရေး၊ ကျောင်းရဲ့အထွေထွေကိစ္စ၊ သန့်ရှင်းရေးစသည်ဖြင့် ကျောင်းပြုပြင်ရေးအပိုင်းကအစ ဝိုင်းဝန်းကူညီထိန်းသိမ်း ဆောင်ရွက်ပေးပါတယ်။  မိဘတွေက ကလေးပညာရေး ဒီထက်မကပညာတတ်စေချင်ပါတယ်။ ကျောင်းလည်း မပျက်စေချင်ဘူး။ ကျောင်းပြန်ဖွင့်တဲ့အချိန် ကလေးတွေအတွက် များစွာ ဝမ်းသာပီတိဖြစ်ပါတယ်။

မဆောင်းနှင်းရွှေစင်

Grade-9 ၊  အ.ထ.က (၁) မြဝတီ

သမီးအနေနဲ့  ကျောင်းလာရောက်အပ်နှံတဲ့အပေါ်မှာ ပထမအချက်ကတော့     အ.ထ.က(၁) ကျောင်းဝင်းကြီးထဲ ရောက်တာနဲ့  မြန်မာ့ကျောင်းသီချင်းသံကြားရတာနဲ့  ကျောင်းသား၊ ကျောင်းသူတိုင်း  ကျောင်းတက်ချင်တဲ့ စိတ်ဓာတ်ကို တိုက်တွန်းနှိုးဆော်ပေးတယ်လို့  ကျောင်းသူတစ်ဦးအနေနဲ့ ထင်မြင်မိပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့  ကျောင်းလာရောက်အပ်နှံတဲ့နေ့မှာဆိုရင်  သမီးမိဘကဲ့သို့  အခြားကျောင်းသား၊ ကျောင်းသူတွေရဲ့   မိဘအုပ်ထိန်းသူမျက်နှာ အပြုံးပန်းတွေကို   တွေ့ရပါတယ်။ အဲလိုမြင်တွေ့ရတော့  သမီး အ.ထ.က (၁) ကျောင်းတော်ကြီးအတွက် ဂုဏ်ယူမိတဲ့အပြင် ကျောင်းသူတစ်ဦးဖြစ်တဲ့အတွက်  ဂုဏ်ယူဝမ်းသာ မိပါတယ်။   နောက်တစ်ချက်ကတော့ ကျောင်းလာရောက်အပ်နှံတဲ့နေ့မှာဆိုရင်  အတန်းတိုင်း   ဆရာ/ဆရာမတွေ ကျောင်းအုပ်ဆရာကြီး   ဦးအုန်းမြင့်၏  လမ်းညွှန်မှုအတိုင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့အတွက် စိတ်အားထက်သန်တာတွေ့ရပါတယ်။ ဆရာ/ဆရာမအားလုံး  သမီးတို့အပေါ်မှာ မေတ္တာ၊ စေတနာ  အပြည့်ထားပြီး ကြိုဆိုကျောင်းအပ်လက်ခံပေးတာ တွေ့ရပါတယ်။  သမီးအနေနဲ့ အလုပ်ကြိုးစားတဲ့  ဆရာ/ဆရာမတွေကို အားကျအတုယူပြီး  ကျောင်းသူကောင်းတစ်ဦး တာဝန်ကျေပွန်စွာ ထမ်းဆောင်ချင်တဲ့စိတ် ဖြစ်လာပါတယ်။ စံပြကျောင်းသူတစ်ဦးဖြစ်အောင်  ကြိုးစားချင်တဲ့စိတ်ထက်သန်လာပါတယ်။  ကျောင်းသူတစ်ဦးရဲ့    အကြီးမားဆုံးပီတိတစ်ခုကတော့ ကျောင်းသား၊ ကျောင်းသူ တစ်ဦး/တစ်ယောက်ချင်း စီတိုင်းရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တဆိုတဲ့ နယ်ပယ်ရပ်သုံးခုလုံးမှာ အဘက်ဘက်မှ တိုက်တွန်းနှိုးဆော်ပေးတဲ့  ကျောင်းတော်ကြီးမှာ  ပညာသင်ကြားခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်ကလည်း သမီးတို့ကျောင်းတက်ချိန်  စာသင်ကြားရေးမှာအဆင်ပြေစေဖို့အတွက် ကျောင်းသုံးစာအုပ်၊ ဘောပင်၊ ခဲတံစသည်ဖြင့် နှစ်စဉ်နှစ်တိုင်းထောက်ပံ့ပေးပါတယ်။ ထောက်ပံ့ပေးတဲ့အပေါ်မှာ သမီးအနေနဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတော်က ပြိုင်ပွဲကျင်းပပေးပါတယ်။   ဥပမာ

အားကစားပြိုင်ပွဲ၊  စာပေပြိုင်ပွဲနှင့်ဘက်စုံထူးချွန်ပြိုင်ပွဲတွေကို ကျင်းပပေးတာကြောင့် သမီးကတော့  ကျောင်းသား၊ ကျောင်းသူများရဲ့  အရည်အချင်းဖော်ထုတ်ခွင့်ရတဲ့ အတွက်များစွာ   ဝမ်းသာပီတိဖြစ်ရပါတယ်။

နိုင်ငံတော်မှလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍကိုဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်  ဖော်ဆောင်ပေးရာတွင်  ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးတိုင်း  ကျောင်းတက်နိုင်စေဖို့၊ ပညာသင်ယူနိုင်စေဖို့  အခမဲ့ပညာရေးစနစ်အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊  ခဲတံ၊ ဘောပင်နှင့်ကျောင်းဝတ်စုံ အခမဲ့ထောက်ပံ့ပေးခြင်းဖြင့်  ပညာရေးကဏ္ဍကို    များစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ အလားတူ ကရင်ပြည်နယ် မြဝတီခရိုင်  မြဝတီမြို့နယ်အနေဖြင့်   ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၆  ကျောင်း  စုစုပေါင်း  ၇၉  ကျောင်းတို့၌  ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက်   ကျောင်းသား၊    ကျောင်းသူများကို မေလ ၂၃ ရက်မှ စတင်လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တွေ့ဆုံမေးမြန်း

ဇာဖြူဝင်း(မြဝတီ၊ ပြန်/ဆက်)

Dates: 
Monday, July 22, 2024 - 05:50