ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂

 ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်သား များက သွားရောက်ပေးအပ် လှူဒါန်းလျက်ရှိသည်။

ထို့သို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ခရိုင်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောတိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော် စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား ၄၁ ဦးအတွက် ဆေးဝါးပစ္စည်းများနှင့် တစ်ရက်စာ အာဟာရ ကျွေးမွေးမှုတို့အတွက် အလှူငွေများကို ယနေ့ နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များက အဆိုပါရိပ်သာသို့ သွားရောက်၍ ဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။