မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ MNL(U-20)Youth League 2024 ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
နေပြည်တော် ဇွန် ၂
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ MNL(U-20)Youth League 2024 ဒုတိယနေ့ပွဲစဉ်များအဖြစ် စလင်းကွင်း၌ ဒဂုံစတား ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ တောင်ဒဂုံကွင်း၌ ရခိုင်ယူနိုက်တက် အသင်းနှင့် သစ္စာအားမာန်အသင်း၊ ပဒုမ္မာကွင်း၌ ဂျူနီယာလိုင်းယွန်းအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ MNL(U-20)Youth League 2024 ဒုတိယနေ့ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းကွင်း၌ ဒဂုံစတားယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားရာ ဒဂုံစတားယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် MNL (U-20) Youth League 2024 ပြိုင်ပွဲ Week-1 တွင် ဟံသာဝတီယူနိုက်တက် အသင်းအား ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ပွဲစဉ်(၁)အပြီး အမှတ်ပေးဇယားကိုပါ ဦးဆောင်ခွင့်ရရှိသွားခဲ့သည်။
ထို့ပြင် ပဒုမ္မာကွင်း၌ ဂျူနီယာလိုင်းယွန်းအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂျူနီယာလိုင်းယွန်း အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ထို့ပြင် တောင်ဒဂုံကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။
MNL (U-20) Youth League 2024 ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူး၍ကျင်းပမည်ဖြစ်ရာ ဧရာဝတီယူနိုက်တက်အသင်း၊ ဒဂုံပေါ့အသင်း၊ ဒဂုံစတားယူနိုက်တက်အသင်း၊ ဟံသာဝတီယူနိုက်တက်အသင်း၊ ISPE အသင်း၊ ဂျူနီယာလိုင်းယွန်းအသင်း၊ မဟာယူနိုက်တက်အသင်း၊ မြဝတီအသင်း၊ ရခိုင်ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်း၊ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်လွင်(မြဝတီ)