ဖူလ်ဟမ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ခံစစ်ကစားသမား အဒါယာဘီအိုယိုကို ချယ်လ်ဆီးအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိ
ချယ်လ်ဆီးအသင်းက လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလမတိုင်မီ ဖူလ်ဟမ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် ဗဟိုခံစစ်ကစားသမား အဒါယာဘီအိုယိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ် အဒါယာဘီအိုယိုသည် ၂၀၂၀ ပြည့်နှစ်က ဘလက်ဘန်းအသင်းမှ ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိကာ ပြီးခဲ့သည့်ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲပေါင်း ၂၀ အထိ ပါဝင်ခွင့်ရရှိခဲ့သူဖြစ်သည်။
အဒါယာဘီအိုယိုသည် ယခုလအကုန်က ဖူလ်ဟမ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ် သက်တမ်းမကုန်မီက ဖူလ်ဟမ်အသင်းက လက်မလွှတ်လိုသည့်အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သော်လည်း ၎င်းကိုယ်တိုင်က အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။
ယခုဘောလုံးရာသီတွင် ဖူလ်ဟမ်အသင်းနှင့် ခြေစွမ်းပြနိုင်ခဲ့သည့် အဒါယာဘီအိုယိုကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ကလပ် အသင်းများက အပြိုင်ခေါ်ယူ လိုသော်လည်း ယခုအခါ ချယ်လ်ဆီးအသင်းက လက်ဦးမှုရယူနိုင်ခဲ့ကြောင်း သိရသည်။
Ref;Goal.com