မြေသားရေနုတ်မြောင်း ပိတ်ဆို့မှုကြောင့် ဘုမ္မကွက်သစ်ရှိ အိမ်ခြေ ၇ဝ ကျော် ရေနစ်မြုပ်

ဧရာဝတီတံတား(ပခုက္ကူ)ဝင်းအတွင်း ဖြတ်ဖောက်ထားသည့်  မြေသားရေနုတ်မြောင်း ပိတ်ဆို့မှုကြောင့် ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက် ဘုမ္မကွက်သစ် လူနေအိမ်ခြေ၇ဝ ကျော်ခန့်မှာ ယခုအခါ ရေနစ်မြုပ်လျက် ရှိကြောင်း သိရသည်။

ပခုက္ကူမြို့  အမှတ်(၁၄)ရပ်ကွက် ဘုမ္မကွက်သစ်တွင် လူနေအိမ်ခြေ ၉ဝ ခန့်ရှိပြီး   ဧရာဝတီမြစ်ရေကြီးကာ ကွက်သစ်အတွင်း မြစ်ရေဝင်ရောက်ခြင်း၊ ဝင်ရောက်သောရေများ မြစ်ထဲသို့ပြန်လည် စီးဆင်းနိုင်ရန်   ဖောက်လုပ်ထားသည့် ရေနုတ်မြောင်းအတွင်း  အမှိုက်များ၊  သစ်ကိုင်းများနှင့် ဆူးပင်များ ပိတ်ဆို့နေသောကြောင့်  လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်းဖြစ်သည်။

''ကျွန်တော်တို့က အရင်တုန်းက ကုန်းပေါ်မှာနေကြတာပါ။ ဧရာဝတီတံတား(ပခုက္ကူ)  ဆောက်လုပ်မယ်လုပ်တော့ ကျွန်တော်နေခဲ့တဲ့ မြေနေရာတွေက မလွတ်လို့ အခုဒီရပ်ကွက်ကို တရားဝင်ပြောင်းရွှေ့ နေထိုင်ကြတာပါ။ ဒီမှာပြောင်းရွှေ့ နေထိုင်ပြီးနောက်မှာတော့ နှစ်တိုင်းမိုးတွင်းကာလဆိုရင် ရေဘေးပုံမှန် ခံစားနေရပါတယ်။

အဲဒီရေဝင်ရောက်လာတာကြောင့် ဒီမှာ နေထိုင်ကြတဲ့သူတွေ အနေနဲ့ နေထိုင်ရေး၊ စားရေးသောက်ရေးနှင့် အခြားအလုပ်အကိုင်များ အတွက် များစွာ အခက်အခဲကြုံ နေကြပါတယ်။ ဝင်ရောက်လာတဲ့ရေက ရေဆိုး၊ ရေပုပ်ဆိုတော့ ပိုဆိုးတာပေါ့။ အဲ့လိုခံစားနေရတာ ၂ဝ၁ဝ ပြည့်နှစ်ကတည်းကပါ။   တစ်ခုရှိတာက  ဧရာဝတီတံတား(ပခုက္ကူ)ဝင်းအတွင်း ဖြတ်ဖောက်ထားတဲ့ မြေသားရေနုတ်မြောင်းဟာ ကောင်းမွန်နေမယ် ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ ဝင်လာတဲ့ရေတွေ ပြန်ထုတ်လို့ရပါတယ်။

ရေနုတ်မြောင်းကလည်း ပိတ်ဆို့နေတာကြောင့် ရေက မထွက်နိုင်ဘူးဖြစ်နေတာ။

အဲဒီရေမြောင်းကို မြေသားအစား၊ ကွန်ကရစ် သို့မဟုတ် အုတ်နဲ့ဖြစ်ဖြစ် ရေနုတ်မြောင်းကို စနစ်တကျရေထွက်နှုန်း ကောင်းအောင် လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်''ဟုပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက် ဘုမ္မကွက်သစ်နေ ဦးမောင်းမှူးက ပြောသည်။

ဧရာဝတီတံတား(ပခုက္ကူ)ဝင်းအတွင်း ဖြတ်ဖောက်ထားသည့် မြေသားရေနုတ်မြောင်း ဘေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားတာဝန်ခံ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ထားရှိပြီး ရေနုတ်မြောင်းပြုပြင်ရေး၊ အမှိုက်ရှင်းလင်းရေးတို့အတွက် ယင်းဝန်ထမ်းအိမ်ရာရှိ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့်   ဆောင်ရွက်ရကြောင်းနှင့်လက်ရှိတွင် ဘုမ္မကွက်သစ်၌ ရေဝင်ရောက်သည့် ဧရိယာမှာ သုံးဧကရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။