တောင်ငူပညာရေး ဒီဂရီကောလိပ်၌ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကျင်းပ
တောင်ငူ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူပညာရေး ဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ မိုးရာသီ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်က ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ တောင်ငူမြို့ အထက (၄) ဘင်ခရာတပ်ဖွဲ့နှင့်အထက(၅) ပန်းဖွားအဖွဲ့တို့က တီးမှုတ်ဖျော်ဖြေတင်ဆက်ခြင်း၊ တောင်ငူပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အခြေခံပညာအဆင့် သင်ရိုးဝင်သီချင်းများကို ပလွေဖြင့် တီးမှုတ်ဖျော်ဖြေ တင်ဆက်ခြင်းနှင့် Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ကျောင်းသူများက ပဝါအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက တီးမှုတ်ကပြဖျော်ဖြေ တင်ဆက်ကြသည့်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
တောင်ငူပညာရေး ဒီဂရီကောလိပ်၌ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ မိုးရာသီ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို နိုင်ငံတစ်ဝန်းရှိ ပညာရေးဒီဂရီကောလိပ် ကျောင်း ၂၄ ကျောင်းမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်း (အမျိုးသား) နှစ်ယောက်တွဲပြိုင်ပွဲတွင် ပွဲစဉ်အုပ်စု (၈) အုပ်စု၊ ပိုက်ကျော်ခြင်း (အမျိုးသား) သုံးယောက်တွဲပြိုင်ပွဲတွင် ပွဲစဉ်အုပ်စု (၈)အုပ်စုနှင့် ပိုက်ကျော်ခြင်း (အမျိုးသား) လေးယောက်တွဲပြိုင်ပွဲတွင် ပွဲစဉ်အုပ်စု (၈)အုပ်စုတို့ဖြင့် ဇူလိုင်လ ၂၀ ရက်မှ ၂၇ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း တောင်ငူပညာရေး ဒီဂရီကောလိပ်မှ သိရသည်။