ပြင်သစ်အသင်း ကစားသမားများကို လူမျိုးရေးခွဲခြားသည့် ဗီဒီယိုဖိုင်ကြောင့် အင်ဇိုဖာနန်ဒက် ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် အရေးနှင့်ရင်ဆိုင်နေရ

 

ပြင်သစ်အသင်း ကစားသမားများကို လူမျိုးရေးခွဲခြားသည့် ဗီဒီယိုဖိုင်ကြောင့် အင်ဇိုဖာနန်ဒက် ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် အရေးနှင့်ရင်ဆိုင်နေရ   

 

      အာဂျင်တီးနားအသင်းနှင့်    ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား အင်ဇိုဖာနန်ဒက်သည် ပြင်သစ်အသင်းမှ ကစားသမားများကို လူမျိုးရေးခွဲခြားသည့် စာသားများ ပါဝင်သောသီချင်းဖြင့် အောင်ပွဲခံခဲ့သည့် ဗီဒီယိုဖိုင်ကြောင့်   ပွဲပယ်ပြစ်ဒဏ်ကျခံရမည့် အရေး နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အာဂျင်တီးနားအသင်း ၂၀၂၄ ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ပြီးနောက် ချန်ပီယံဆုဖလားနှင့် အောင်ပွဲခံခဲ့ရာတွင် အာဂျင်တီးနားအသင်း ကစားသမားများက ပြင်သစ်အသင်းမှ ကစားသမားများကို လူမျိုးရေးခွဲခြားသည့် စာသားများပါဝင်သော သီချင်းသီဆိုကာ အောင်ပွဲခံခဲ့သည့် ဗီဒီယိုဖိုင်ကို   အင်ဇိုဖာနန်ဒက်က   ၎င်း၏ အင်စတာဂရမ်စာမျက်နှာတွင်  တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဗီဒီယိုဖိုင်မှာ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက်  ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အင်ဇိုဖာနန်ဒက်က  ချယ်လ်ဆီးအသင်းမှ  ပြင်သစ် အသင်းကစားသမားများကို   တောင်းပန်မှုပြုလုပ်ခဲ့သည့် အပြင် ချယ်လ်ဆီးအသင်းသို့လည်း တောင်းပန် စာရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါဖြစ်ရပ်အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့်   တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တို့က စွဲချက်တင်ခဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် မည်ဖြစ်သည်။

အားကစားဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်သည့်   ယူဒို အွန်ဝဲက   အင်ဇိုဖာနန်ဒက်အနေဖြင့်    မဖြစ်မနေ အရေးယူခံရမည်ဖြစ်ပြီး  အနည်းဆုံး  ၁၂  ပွဲပယ် ပြစ်ဒဏ်ချမှတ် ခံရနိုင်ကြောင်း     သုံးသပ်ထားသည်။

ပြင်သစ်အသင်း ကစားသမားများကို လူမျိုးရေး ခွဲခြားသည့်စာသားများ ပါဝင်သော သီချင်းဖြင့် အောင်ပွဲခံခဲ့ရာတွင် အင်ဇိုဖာနန်ဒက်အပြင်  ပရီးမီးယားလိဂ်ပြိုင်ပွဲမှ  ထိပ်တန်းကစားသမားများဖြစ်သည့် ဂိုးသမား  အီမီလီယာနိုမာတီနက်ဇ်၊  ဂါနာချို၊ လီဆန်ဒရိုမာတီနက်ဇ်၊ ရိုမဲရိုးလ်၊ အယ်ဗာရက်ဇ်နှင့် မက်အယ်လက်စတာတို့လည်း ပါဝင်နေသည့်အတွက် ၎င်းတို့ပါ စုံစမ်းစစ်ဆေး ခံရဖွယ်ရှိနေကြောင်း   သိရသည်။         

Dates: 
Monday, July 22, 2024 - 14:23