နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့ ဒေသမျိုးရင်းသစ်မျိုးများစိုက်ပျိုးကြပါစို့

နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့ ဒေသမျိုးရင်းသစ်မျိုးများစိုက်ပျိုးကြပါစို့

အပူချိန်မြင့်မားလာခြင်း

ယခုအခါ ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိသည်။ အပူချိန်မြင့်မား လွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များကို ရင်ဆိုင်ကြရလျက်ရှိသည်။ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ အဖြစ် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(Ultra-Voilet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သောအပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်း တို့ကို ဖြစ်စေနိုင်သည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည်   အသက်သေဆုံးသည် အထိ အန္တရာယ်ကြီးသည်။

ထို့ပြင် အပူချိန်မြင့်တက်လာခြင်းနှင့်အတူ   နောက်ဆက်တွဲအကျိုးဆက်များဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ရေတွင်းရေကန်များတွင် ရေလျော့နည်းလာခြင်း၊ ရေခန်းခြောက်ခြင်း၊ သောက်ရေ၊ သုံးရေရှားပါးမှုပြဿနာများ ကြုံတွေ့ရခြင်း၊ ပူပြင်းခြောက်သွေ့သဖြင့်  မီးလောင်ကျွမ်းမှုများဖြစ်ပွားခြင်း၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေခြင်းစသည့် အကျိုးဆက်များကိုပါ ခံစားကြရသည်။

မြန်မာနိုင်ငံတွင်လည်း တစ်နှစ်ပြီးတစ်နှစ် အပူစံညွှန်းကိန်းကို ကျော်လွန်ကာ  ပိုမိုပူပြင်းလာ လျက်ရှိ သည်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်းကျရောက်သော မြို့နယ်များသည် မိုးရေချိန် လက်မ ၄၀ အောက် သာရရှိပြီး တချို့နှစ်များတွင် အပူချိန် ၄၇ ဒီဂရီဆဲလ်စီးယပ်ထိ မြင့်မားလာလျက်ရှိကာ ခြောက်သွေ့ ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်လာသည်ကိုတွေ့ရှိရသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်အတွင်း ကျရောက်သော မြို့နယ်များသည် မြေတိုက်စားမှုများပြီး အပေါ်ယံ မြေဆီလွှာကုန်ခန်းပြီး အပင်များသဘာဝ မျိုးဆက်ရန်ပင် ခက်ခဲလှသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊  မြေဆီလွှာပျက်စီးပြီး  သဲကန္တာရဖြစ်ထွန်းနိုင် သည့် အခြေအနေများ (desert-like formation)ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD) အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး နိုင်ငံအဆင့် သဲကန္တာရတိုက်ဖျက်ရေး စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်နိုင်ရေး  အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တော စိုက်ခင်းများ တည်ထောင် စိုက်ပျိုးခြင်း၊  သဘာဝတောကျန်များ ပြုစုထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ခြင်း

အပူချိန် မြင့်မားခြင်းအပါအဝင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန် ဆောင်ရွက်ရာတွင် အဓိက လုပ်ငန်းစဉ် နှစ်ရပ်ကို မျှတစွာဆောင်ရွက်မှသာ ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာ တုံ့ပြန်နိုင်မည်ဖြစ်ပြီး အကျိုးဆက်များကို လျှော့ချနိုင်မည်၊ ကျော်လွှားနိုင်မည်ဖြစ်သည်။ ပထမလုပ်ငန်းစဉ်တစ်ရပ်မှာ ရာသီ ဥတုပြောင်းလဲမှု လျှော့ချခြင်း(Mitigation) ဖြစ်ပြီး ဒုတိယ လုပ်ငန်းစဉ်တစ်ရပ်မှာ ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရန် ပြင်ဆင်ဆောင်ရွက်ခြင်း (Adaptation) ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း(Mitigation) ဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gas-GHGs)များ လေထုအတွင်းသို့ ထုတ်လွှတ်မှုလျှော့ချခြင်း၊ လေထုထဲမှ ဖန်လုံအိမ်ဓာတ်ငွေ့များကို  ဖယ်ရှားခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြစ်သည်။ ဥပမာ-သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းစသည့် သစ်တောကဏ္ဍ လုပ်ငန်းများ၊ စိုက်ပျိုးရေးကဏ္ဍတွင် Climate Smart Agriculture လုပ်ငန်းများ၊ စွမ်းအင်၊  သယ်ယူ ပို့ဆောင်ရေး၊ စက်မှုစသည့် လုပ်ငန်းကဏ္ဍအသီးသီးတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချ သည့် လုပ်ငန်းများစသည်တို့ပါဝင်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရန် ပြင်ဆင်ဆောင်ရွက်ခြင်း(Adaptation) ဆိုသည်မှာ ပြောင်းလဲလာသော အပူချိန်၊ မိုးရေချိန်၊ မိုးရွာသွန်းမှုပုံစံတို့နှင့် သဟဇာတမျှတစွာ  လိုက်လျောညီထွေ ပြောင်းလဲလုပ်ကိုင် နေထိုင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ဥပမာသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေး၊ သစ်တော၊ ကျန်းမာရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ရေအရင်းအမြစ်စသည့်လုပ်ငန်းနယ်ပယ်အသီးသီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုများ၊ ဆုံးရှုံးမှုများလျော့ပါး သက်သာစေရေးအတွက် ပြောင်းလဲလာသောရာသီဥတုနှင့်အညီ သဟဇာတ မျှတစွာ၊ လိုက်လျောညီထွေရှိစွာ ပြင်ဆင်ခြင်း၊ ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းကို ဆိုလိုသည်။ ရာသီဥတုပြောင်းလဲမှုကို  ချက်ချင်းလျှော့ချရန်  မဖြစ်နိုင်သဖြင့်  ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိနေစေရေး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှု  လျှော့ချရေး၊ လိုက်လျောညီထွေရှိစေရေးအတွက် လုပ်ငန်းကဏ္ဍအသီးသီးတွင်  နည်းလမ်းမျိုးစုံဖြင့်  ဆောင်ရွက်နိုင်သည်၊  ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆောင်ရွက်နိုင်သည့်   နည်းလမ်းအမျိုးမျိုးအနက် သစ်တောများထိန်းသိမ်းခြင်း၊ သစ်ပင်များစိုက်ပျိုးခြင်းသည် အလွန် ထိရောက်သော၊ ကုန်ကျစရိတ်သက်သာသော၊  လူတိုင်းလူတိုင်း  အလွယ်တကူဆောင်ရွက်နိုင်သော၊  ချက်ချင်းဆောင်ရွက်နိုင်သော၊  နေရာမရွေး ဆောင်ရွက်နိုင်သော   လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝကို အခြေခံသော  ဖြေရှင်းခြင်းနည်းလမ်း (Nature-based Solution) တစ်ရပ်လည်းဖြစ်သည်။

အပူပိုင်းဒေသ ဒေသမျိုးရင်းသစ်မျိုးများ

အပူပိုင်းဒေသသည် ပူပြင်းခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးကာ မြေတိုက်စားမှုများကြောင့် အပေါ်ယံ မြေဆီလွှာနည်းပါးသဖြင့် အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှသလို ရှင်သန်အောင်မြင်စေရန် စိုက်ပျိုးရန်လည်းခက်ခဲသည်။ အထူးသဖြင့် အပူပိုင်းဒေသ၏ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့် အပင်မျိုးစိတ်များ ရှင်သန်ဖြစ်ထွန်းအောင်မြင်ရန် အလွန်ခက်ခဲသည်။ ထို့ကြောင့် ယခင်က အပူပိုင်း ဒေသတွင် ရှင်သန်နိုင်သည့် ယူကလစ်သစ်မျိုးများကိုသာ အများဆုံး စိုက်ပျိုးခဲ့ကြသည်။ ယူကလစ် သစ်မျိုးသည် ရှင်သန်အောင်မြင်မှုကောင်းသော်လည်း ဇီဝမျိုးစုံ မျိုးကွဲတိုးပွားစေခြင်းအပါအဝင် ပတ်ဝန်းကျင်ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးနိုင်မှုရှုထောင့်မှ နှိုင်းယှဉ်ကြည့်ပါက ဒေသမျိုးရင်း သစ်မျိုးများက ပိုမိုစွမ်းဆောင်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ယခုအခါ အပူပိုင်းဒေသတွင် ရှင်သန်အောင်မြင်နိုင်သည့်  ဒေသမျိုးရင်း သစ်မျိုးများဖြစ်သော တမာ၊  ထနောင်း၊  မန်ကျည်း၊ မြန်မာကုက္ကို၊  မြန်မာရှား၊ ဒဟတ်၊ သခွတ်၊ မဲဇလီ၊  မည်စည်၊ စန္ဒကူး၊ ဖျောက်ဆိပ် စသည့်ဒေသမျိုးရင်းသစ်မျိုးများကို ပျိုးထောင်စိုက်ပျိုးလာလျက်ရှိသည်။

အဆိုပါ ဒေသမျိုးရင်းသစ်မျိုးများသည် နွေအပူဒဏ်ခံနိုင်၍  အရိပ်အာဝါသပေးစွမ်းနိုင်ရုံသာမက   အသီး၊ အပွင့်၊ အညွန့်၊ အရွက်၊ အခေါက်တို့ကိုလည်း ချက်ပြုတ်စားသုံးနိုင်သကဲ့သို့ ဆေးဖက်ဝင်အဖြစ်လည်း အသုံးပြုနိုင်သည့်  အကျိုးကျေးဇူးများပံ့ပိုးပေးသည်။ ထို့ကြောင့် မိမိအိမ်ပတ်ဝန်းကျင်၊ မြို့နယ်၊ ကျေးရွာ လမ်းဘေး ဝဲ၊ ယာ၊ဘုန်းတော်ကြီးကျောင်း၊  စာသင်ကျောင်း၊  ဆေးရုံ၊ ဆေးခန်းများ  အနီးပတ်ဝန်းကျင် တွင် အဆိုပါ ဒေသမျိုးရင်းသစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးထားမည်ဆိုလျှင် နွေရာသီ အပူဒဏ်ကို ကာကွယ် နိုင်မည်ဖြစ်သည်။

အပူပိုင်းဒေသ ဒေသမျိုးရင်းသစ်မျိုးများ၏ ဘက်စုံအသုံးဝင်မှုများ

“နွေထနောင်း၊ ဆောင်းမန်ကျည်း” ဟူသောစကားသည် မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်အတွင်း ကျရောက် သော ဒေသခံပြည်သူများ အမြဲသုံးနှုန်းသောစကားဖြစ်သည်။ ထနောင်းပင်နှင့် မန်ကျည်းပင်များ အပါအဝင် အပူပိုင်းဒေသ ဒေသမျိုးရင်းအပင်မျိုးူများသည် အပူပိုင်းဒေသ၏ ရေ၊ မြေ၊ ရာသီဥတု ဒဏ်ကိုခံနိုင်ပြီး ကောင်းမွန်စွာရှင်သန်ကြီးထွားနိုင်သဖြင့် အပူပိုင်းဒေသ၊ မြေလတ်နှင့်အညာဒေသတွင် ထနောင်းနှင့် မန်ကျည်းပင်များကို အလေးထားစိုက်ပျိုးကြသလို သဘာဝအလျောက်  ပေါက်ရောက်နေ သောအပင်များကိုလည်း အစဉ်အဆက် ထိန်းသိမ်းလာကြသည်။

မန်ကျည်း (Tamarindus indica L.) အင်္ဂလိပ်အမည်သည် Tamarind ဖြစ်သည်။ မူရင်းဒေသမှာ အာရှနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် အများအပြားပေါက်ရောက်ပြီး အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသတွင် သဘာဝအလျောက် ပေါက်ရောက်သည်။  

အပူပိုင်းဒေသခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ အမြဲစိမ်း အပင်လတ်မျိုးဖြစ်၍ အမြင့် ၄၅ ပေမှ ၇၅ ပေထိ မြင့်သည်။  ပင်စည်သည်  တောင့်တင်းခိုင်မာ၍ သက်တမ်းကြာရှည်သော အပင်မျိုးဖြစ်သည်။ မြန်မာလူမျိုးများသည် မန်ကျည်းပင်တစ်ပင်လုံးကို အသုံးပြုကြသည်။ ပဲမျိုးရင်းဝင်အပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်း ကာကွယ်ခြင်းတို့ကြောင့် မြေဆီလွှာထိန်းအပင်အဖြစ်လည်းကောင်း၊ နေ့စဉ်စားသုံးသည့် အစားအစာ အာဟာရအတွက်လည်းကောင်း၊ မြန်မာ့ရိုးရာ တိုင်းရင်းဆေးများတွင် ဆေးဖက်ဝင်အဖြစ် လည်းကောင်း အသုံးပြုကြသည့် အပင်ဖြစ်သည်။

ထနောင်း (Vachellia leucophloea  Maslin, Seigler  &  Ebinger) အင်္ဂလိပ် အမည်သည် White-barked acacia ဖြစ်သည်။  မူရင်းဒေသမှာ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်  မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းခြောက်သွေ့တောတွင် ပေါက်ရောက်သည်။ ရွက်ကြွေအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ ထိ မြင့်သည်။   သက်တမ်း ၃၀ နှစ်သားအရွယ်တွင် ရွက်အုပ်အချင်း မှာ ၂၅ ပေခန့်ရှိသည်။ ဒေသသုံးသစ် အဖြစ် အသုံးပြုခြင်း၊ အခေါက်ကိုဆိုးဆေး၊ သားရေနယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဆေးဖက်ဝင် အဖြစ်လည်းကောင်း    အသုံးပြုကြသည်။

တမာ (Azadirachta indica A. Juss.) အင်္ဂလိပ်အမည်သည် Neem, Margosa Tree ဖြစ်သည်။ မူရင်းဒေသမှာ အိန္ဒိယနှင့် အာဖရိက နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြား ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင်  ပေါက်ရောက် သည်။ အမြဲစိမ်းအပင်လတ်မျိုးဖြစ်၍ အမြင့် ၄၅ ပေမှ ပေ ၆၀  ထိမြင့်သည်။  တမာပင်တစ်ပင်လုံး သည်အသုံးဝင်သည်။ အသီး၊ အခေါက်၊ အရွက်၊ အကိုင်း အခက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်း၊ တမာအရွက်နုကိုအချဉ်တည်၍  တို့စရာအစားအစာ အဖြစ်လည်းကောင်း၊ တမာသားကို ဒေသသုံးသစ် အဖြစ် အိမ်ရာဆောက်လုပ်ရာတွင်လည်းကောင်း၊ တမာစေ့မှထုတ်သောအဆီကို သဘာဝပိုးသတ် ဆေးအဖြစ် လည်းကောင်းသီးနှံစိုက်ခင်းများ ပိုးမွှားကျ ရောက်သည့်အခါ ပက်ဖျန်းအသုံးပြုကြသည်။

မြန်မာရှား (Senegalia catechu (L.f.) Hurter & Mabb.) ၏ အင်္ဂလိပ်အမည်သည် Black Cutch၊  Cutch Tree ဖြစ်သည်။ မူရင်းဒေသမှာ တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများဖြစ်သည့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့ တောတွင် ပေါက်ရောက်သည်။ ရွက်ကြွေအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၃၀ မှ ၄၅ ပေထိ   မြင့်သည်။ ရှားပင်၏ အခေါက်မှထွက်သော ရှားစေးကိုဆေးဖက်ဝင်အဖြစ်လည်းကောင်း၊  ဆိုးဆေး၊ သားရေနယ် ပစ္စည်းအဖြစ်လည်းကောင်း အသုံးပြုကြသည်။ ထင်းလောင်စာအဖြစ် လည်း ကောင်း၊ လယ်ယာသုံးပစ္စည်း ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။

မြန်မာကုက္ကို (ခေါ်) အညာကုက္ကို (Albizia lebbeck (L.) Benth.) ၏ အင်္ဂလိပ်အမည်သည်  Frywood၊ East Indian Walnut၊ Woman's tongue Tree ဖြစ်သည်။ မူရင်းဒေသမှာ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းသစ်မျိုးဖြစ်သည့်အတွက် နေရာအနှံ့အပြားနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများတွင် သဘာဝအလျောက်ပေါက် ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင်  ပေါက်ရောက်သည်။ ကြီးမြန် ရွက်ကြွေအပင်ကြီး မျိုးဖြစ်၍ အမြင့်ပေ ၅၀ မှ ပေ ၁၀၀ ထိ မြင့်သည်။ ပဲမျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင် ဓာတ်ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းတို့ကြောင့် မြေဆီလွှာထိန်းအပင်အဖြစ် လည်းကောင်း၊ နွေဦးပေါက်ရာသီ ရွက်နုထွက်ချိန်တွင် ကုက္ကိုရွက်သုပ်ကို အစားအစာ အာဟာရ အတွက်လည်းကောင်း၊ အရွက်၊ အစေ့၊ အပွင့်၊ အခေါက်တို့ကို ဆေးဖက်ဝင် အဖြစ်လည်းကောင်း အသုံးပြုကြသည်။ ကုက္ကိုသားကို လယ်ယာသုံးပစ္စည်းများ၊ ပရိဘောဂများ၊ ပန်းပုထု လုပ်ခြင်းစသည် တို့တွင်  အသုံးပြုကြသည်။ ထင်း၊ မီးသွေးလောင်စာ အဖြစ်လည်း အသုံးပြုကြသည်။

ဒဟတ် (Tectona hamiltoniana Wall.) ၏ အင်္ဂလိပ်အမည်သည် Dahat Teak ဖြစ်သည်။ မူရင်းဒေသမှာ မြန်မာ၊ မလေးရှားတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောများ တွင် ပေါက်ရောက်သည်။ ရွက်ကြွေအပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ ထိ မြင့် သည်။ ဒေသတွင်း လယ်ယာသုံးပစ္စည်းအဖြစ်လည်းကောင်း၊ ထင်း၊ မီးသွေးအဖြစ်လည်းကောင်း အသုံးပြုကြသည်။

သခွတ် (Dolichandrone serrulata Seem.) ၏ အင်္ဂလိပ်အမည်သည် Mangrove Trumpet Tree ဖြစ်သည်။ မူရင်းဒေသမှာ အိန္ဒိယ၊ ဘူတန်၊ မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြား ပေါက် ရောက်သည်။ အပူပိုင်းဒေသ  ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင်  ပေါက်ရောက် သည်။ ရွက်ကြွေအပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၄၀ မှ ၆၀ ထိ မြင့်သည်။ အပွင့်ကို စားသုံးကြသည်။ ဆေးဖက်ဝင် အဖြစ်လည်း အသုံးပြုကြသည်။

မဲဇလီ (Senna siamea Irwin et Barneby) ၏ အင်္ဂလိပ်အမည်သည် Pheasant wood ဖြစ်သည်။ မူရင်းဒေသမှာ တောင်အာရှနှင့်  အရှေ့တောင်အာရှနိုင်ငံများဖြစ်ပြီး  မြန်မာနိုင်ငံ တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြား ပေါက်ရောက်သည်။ အပူပိုင်းဒေသ ခြောက်သွေ့တောနှင့်  ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက် သည်။ အမြဲစိမ်း အပင်လတ်မျိုးဖြစ်၍  အမြင့် ၃၆ ပေမှ ၄၅ ပေထိ မြင့်သည်။ ကြီးမြန်သစ်ပင်မျိုးဖြစ်ပြီး နိုက်ထရိုဂျင် ဓာတ်ကြွယ်ဝခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းကာကွယ်ခြင်းတို့ကြောင့် မြေဆီလွှာထိန်းအဖြစ်လည်း ကောင်း၊ ထင်းလောင်စာသုံးအပင်အဖြစ်လည်းကောင်း၊ လမ်းဘေးဝဲ၊ ယာအလှစိုက်ပင် အဖြစ်လည်း ကောင်း၊ ဆေးဖက်ဝင်အပင်အဖြစ်လည်းကောင်း စိုက်ပျိုးအသုံးပြုကြသည်။

ဖျောက်ဆိပ်(Holoptelea Integrifolia (Roxb.) Planch.) ၏ အင်္ဂလိပ်အမည်သည် Indian Elm, Jungle Cork Tree ဖြစ်သည်။ မူရင်းဒေသမှာ  အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်း ခြောက်သွေ့တောနှင့် ရွက်ပြတ်ရောနှောတောတွင် ပေါက်ရောက်သည်။ ရွက်ကြွေ အပင်ကြီး မျိုးဖြစ်၍ အမြင့်ပေ ၆၀ မှ ၈၀ ထိမြင့်သည်။ ဖျောက်ဆိပ်သားကို ပရိဘောဂပြုလုပ်ခြင်း၊  ထင်းလောင်စာ အဖြစ်လည်းကောင်း၊ အရွက်၊ အပွင့်၊ အခေါက်တို့ကို ဆေးဖက်ဝင်အဖြစ်လည်းကောင်း အသုံးပြုကြသည်။

မည်စည် (Madhuca longifolia (Koen.) Macbride) ၏ အင်္ဂလိပ်အမည်သည် Mahua, Mowra-butter Tree ဖြစ်သည်။ မူရင်းဒေသမှာ သီရိလင်္ကာ၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနိုင်ငံတို့ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် ပေါက်ရောက်သည်။ အပူပိုင်းဒေသရွက်ကြွေတောတွင် ပေါက်ရောက်သည်။ အမြဲစိမ်း အပင်ကြီးမျိုးဖြစ်၍  အမြင့်ပေ ၄၀ မှ ၆၀ ထိမြင့်သည်။ အစေ့မှထုတ်သောအဆီကို ထောပတ်ဆီကဲ့သို့ စားသုံးရာတွင်လည်းကောင်း၊ လောင်စာဆီ အဖြစ်လည်းကောင်း အဆီထုတ်ပြီးသော ကြိတ်ဖတ်များကို စိုက်ခင်းများအတွက်  သဘာဝမြေသြဇာ အဖြစ်လည်းကောင်း၊ ပန်းပွင့်၊ အရွက်၊ အခေါက်တို့ကို ဆေးဖက် ဝင်အဖြစ် လည်းကောင်း အသုံးပြု ကြသည်။

စန္ဒကူး (ခေါ်) နံ့သာဖြူ (Santalum album L.) ၏ အင်္ဂလိပ်အမည်သည် Indian Sandalwood ဖြစ်သည်။ မူရင်းဒေသမှာ  သြစတြေးလျ၊  အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင် အာရှနိုင်ငံတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးပင်အဖြစ် နေရာအနှံ့အပြားစိုက်ပျိုးကြသော်လည်း    အဓိကအားဖြင့် ပုပ္ပါးဒေသ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တို့တွင် အများအပြားစိုက်ပျိုးကြသည်။ ရွက်ပြတ်ရောနှောတော တွင် ပေါက်ရောက်သည်။ အမြဲစိမ်းအပင်လတ်မျိုးဖြစ်၍ အမြင့်ဆုံးအမြင့်ပေ ၅၄ ပေ  အထိ မြင့်နိုင်သော် လည်း ပေါက်ရောက်ရာနေရာအလိုက် ပြောင်းလဲနိုင်သည်။ စန္ဒကူးသားကို ပုတီး၊ သေတ္တာ၊ ယပ်တောင်၊  ပန်းပုရုပ်တုပြုလုပ်ခြင်း၊ အသားမှနံ့သာဆီ Essential Oil ထွက်ရှိသဖြင့် အဆီကို ရေမွှေး၊ အမွှေး နံ့သာထုတ်လုပ်ခြင်းနှင့် အပင်၏ အစိတ်အပိုင်းအသီးသီးကို တိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနတို့အနေဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ တစိုက်မတ် မတ်ဆောင်ရွက်လျက်ရှိသည်။ နှစ် (၃၀) အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ)၊ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ)များ  ရေးဆွဲဆောင်ရွက်လျက်ရှိသည်။  အပူပိုင်းဒေသအပါအဝင် ဂေဟစနစ် အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာ ထင်းစိုက်ခင်းများ၊ တစ်ရွာ နှစ်ဧက  စိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊  ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊  သီးနှံသစ်တောရောနှောစိုက်ခင်းများ၊  ဘက်စုံသုံးစိုက်ခင်းများ၊ သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာများတိုး မြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အပူပိုင်းဒေသတောင်စဉ်တောင်တန်းများ စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အပူပိုင်းဂေဟစနစ်ပြန်လည်တည်ထောင်ရေး အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အပူပိုင်းဒေသရှိ ကျေးရွာတိုင်းတွင် အနည်းဆုံး တစ်ရွာ နှစ်ဧက ထင်းစိုက်ခင်းများ၊ သစ်တောစိုက်ခင်းများ၊ တစ်အုပ်တစ်မစိုက်ခင်းများ  တည်ထောင်နိုင် ရေးနှင့် ဒေသမျိုးရင်းသစ်မျိုးများ အသုံးပြုစိုက်ပျိုးနိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်။

နွေရာသီအပူဒဏ်ကာကွယ်နိုင်ဖို့ ဒေသမျိုးရင်းသစ်မျိုးများစိုက်ပျိုးကြပါစို့

သစ်တောများမှ အထောက်အပံ့ပြုသော သစ်တောထွက်ပစ္စည်းအမျိုးမျိုးသာမက ငွေကြေးအားဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုတန်ဖိုးများကို အထူးအလေးထား၍ သစ်ပင် စိုက်ပျိုးခြင်းနှင့် သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သစ်ပင် စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြရမည် ဖြစ်သည်။

သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းသည် ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်း (Mitigation)နှင့် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေခြင်း (Adaptation) အကျိုး ကျေးဇူး နှစ်မျိုး စလုံးကို ရရှိစေနိုင်သည်။ လက်ရှိရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှု၊ အပူချိန် တိုးမြင့်လာမှုနှင့်   နောက်ဆက်တွဲအကျိုးဆက်များကို တုံ့ပြန်ဖြေရှင်းနိုင်ရန် သဘာဝကိုအခြေခံသော နည်းလမ်း (Nature-based Solution) တစ်ခုဖြစ်သည့် သစ်ပင်စိုက်ပျိုးရန်နည်းလမ်းသည် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်သဖြင့် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက်သစ်ပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာချင်းဆက်လမ်းဘေး၊ ကားလမ်းဘေး၊ ရထားလမ်းဘေး၊ မြစ်၊ ချောင်းဘေး၊ တောင်ထိပ်များနှင့် ရေဝေရေလဲဧရိယာများတွင် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်တည်ထောင်ကြရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ၏ ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန်မြင့်မားမှုများကို လျှော့ချရန်နှင့် တုံ့ပြန်ကာကွယ်နိုင်ရန် စိမ်းလန်းစိုပြည် သော၊  ရာသီဥတုမျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေသော ဒေသကြီး ဖြစ်ပေါ် လာစေရန်အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု  တိုက်တွန်းတင်ပြအပ်ပါသည်။     ။

သစ်တောမောင်