ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်
နေပြည်တော်၊ ၂၀၂၄ မေ ၁
မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ရန် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်အတူ တပ်မတော်(လေ)မှ အရာရှိကြီးများ လိုက်ပါသွားပြီး ခရီးစဉ်တွင် နှစ်နိုင်ငံ လေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင် ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။