မန်ယူအသင်းက ဖီအိုရင်တီးနားအသင်းမှ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် ကွင်းလယ်ကစားသမား အမ်မရာဘတ်ကို ကာလတိုစာချုပ်ဖြင့်သာ ဆက်လက်ခေါ်ယူရန် ဆွေးနွေး
မန်ယူအသင်းက ဖီအိုရင်တီးနားအသင်းမှ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် ကွင်းလယ်ကစားသမား အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူမည် မဟုတ်ဟု ဖီအိုရင်တီးနားအသင်းကို အကြောင်းကြားထားပြီး ကာလတိုစာချုပ်ဖြင့်သာ ဆက်လက်ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိအပြောင်းအရွှေ့ ကာလတွင် ဦးဆောင်လုပ်ကိုင်နေသည့် မန်ယူအသင်းပူးတွဲပိုင်ရှင် ရက်ကလစ်က အမ်မရာဘတ်ကို အပြီးသတ် မခေါ်ယူလိုသည့်အတွက် ဖီအိုရင်တီးနား အသင်းထံ ပြန်လည်စေလွှတ်ရန် စီစဉ်ထားသော်လည်း နည်းပြတန်ဟတ်က အသင်းကွင်းလယ်ပိုင်းအတွက် အမ်မရာဘတ်၏ ခြေစွမ်းပိုင်းကို နှစ်သက်သောကြောင့် အပြီးသတ်ခေါ်ယူမည် မဟုတ်သော်လည်း နောက်ထပ်သဘောတူညီမှုဖြစ်သည့် ကာလတိုစာချုပ်ဖြင့် ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
အမ်မရာဘတ်သည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဖီအိုရင်တီးနား အသင်းမှ မန်ယူအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး စာချုပ်ပါအချက်အလက်များ အရ အငှားစာချုပ်ပြီးဆုံးပါက ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၂၀ ဖြင့် အပြီးသတ်ခေါ်ယူနိုင်မည့် အချက်ပါဝင်သော်လည်း မန်ယူအသင်းက ပေါင် သန်း ၂၀ မပေးချေလိုသည့်အတွက် အငှားစာချုပ်ဖြင့်သာ ခေါ်ယူလိုကြောင်း သိရသည်။