အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင် မြန်မာအသင်း အုပ်စု(B)တွင်ကျရောက်
နေပြည်တော် ဇွန် ၁
အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတာမြို့၌ ဇွန်လ ၂၁ ရက်မှ ဇူလိုင်လ ၄ ရက်ထိ ကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၆ အသင်းသည် ပွဲစဉ်ဇယားအရ အုပ်စု(B)တွင် ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့်စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (B)တွင် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းအသင်းတို့နှင့်အတူ ကျရောက်လျက်ရှိပြီး အုပ်စု(A)တွင် အိမ်ရှင်အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့ ကျရောက်နေကာ အုပ်စု(C)တွင် ထိုင်း၊ မလေးရှား၊ တီမော၊ သြစတြေးလျအသင်းတို့ ကျရောက်နေသည်။
ပြိုင်ပွဲတွင် အုပ်စုတစ်ခုစီမှ အုပ်စုပထမရသော အသင်းသုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း စုစုပေါင်းအသင်းလေးသင်း ဆီမီးအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းကို ပြီးခဲ့သည့်နှစ် FIFA - MFF U-15 အထက်/အောက် မြန်မာပြည်ပြိုင်ပွဲမှ ခြေစွမ်းပြခဲ့သည့် ကစားသမားများ၊ အကယ်ဒမီများမှ ကစားသမားများဖြင့် ရွေးချယ်ဖွဲ့စည်းပြီး မတ်လဆန်းမှ စတင်စခန်းသွင်းခဲ့ကာ လက်ရှိတွင် ပဏာမကစားသမား ၃၁ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။ မြန်မာယူ-၁၆ အသင်းအနေဖြင့် ဇွန်လ ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ကမ္ဘောဒီးယား၊ ဇွန်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘရူနိုင်း၊ ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဗီယက်နမ် အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမြို့တွင် ဇူလိုင်လ ၁၇ ရက်မှ ၂၉ ရက်ထိ ကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ဗီယက်နမ်အသင်းနှင့် အဖွင့်ပွဲစတင် ကစားရမည်ဖြစ်သည်။
အာဆီယံ ယူ- ၁၉ ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းသည် အုပ်စု(B)တွင် ကျရောက်နေပြီး လာအို၊ ဗီယက်နမ်၊ သြစတြေးလျအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အုပ်စုသုံးစုခွဲထားကာ အုပ်စု(A)တွင် အင်ဒိုနီးရှား၊ တီမော၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်တို့ ကျရောက်နေပြီး အုပ်စု(C)တွင် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့ ကျရောက်နေသည်။ အုပ်စုတစ်ခုစီမှ အုပ်စုပထမရသော အသင်းသုံးသင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယရသော အသင်းတစ်သင်း စုစုပေါင်းအသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ဇူလိုင်လ ၁၈ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဗီယက်နမ်၊ ဇူလိုင်လ ၂၁ ရက် ည ၇ နာရီတွင် လာအို၊ ဇူလိုင်လ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သြစတြေးလျ အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူလျက်ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားကာ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျော်လွင်(မြဝတီ)