ယူကရိန်းမြေမှာ ရုရှားတို့အောင်ပွဲခံဖို့ နီးကပ်လာလေပြီလား
အခုဆိုရင် ရုရှားတို့လုပ်ဆောင်နေတဲ့ အထူးစစ်ဆင်ရေးဆိုတာကြီးက အချိန်ကာလအားဖြင့် ၂၈ လထဲကိုဝင်လာပါပြီ။
ရုရှားတို့ရဲ့ အထူးစစ်ဆင်ရေးကြီးက မတူညီတဲ့အပိုင်းလိုက် အောင်မြင်မှုကိုရရှိနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီစစ်ဆင်ရေးကြီးမှာ စစ်ဆင်ရေးသဘောတရားတွေလည်း ပြောင်းလဲသွားသလို ခေတ်သစ်သဘောတရား အသစ်တွေလည်း ပေါ်ထွက်လာတာကို တွေ့ရမှာပါ။
အရင်တုန်းကဆိုရင် လူအင်အားကို လှိုင်လှိုင်သုံးပြီးမှ ရန်သူ့နယ်မြေမီတာ အနည်းငယ်လောက်ကိုသာ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ပွဲများမှသည် အဆင့်မြင့်စစ်လက်နက်များကိုအသုံးပြုပြီး အချိန်တိုအတွင်း ရန်သူ့နယ်မြေ အများအပြားကို သိမ်းပိုက်နိုင်တဲ့စစ်ပွဲများအဖြစ် ပြောင်းလဲလာပါပြီ။
ရုရှားတို့ရဲ့ အထူးစစ်ဆင်ရေး ၂၇ လတာကာလကို ပြန်ကြည့်ပြီး ရနိုင်သမျှသော အချက်အလက်တွေကို ထုတ်နုတ် သုံးသပ်ကြည့်ရမယ်ဆိုရင် စစ်ပွဲဆီကိုရုရှားတို့ရဲ့ ချဉ်းကပ်မှုက စစ်နည်းဗျူဟာအပေါ် တိုးတက်မှုရှိရှိ အသုံးချမှုကို တွေ့ရပါတယ်။
အဲဒီထဲမှာဘာတွေပါလဲဆိုရင် အဖွဲ့အဆင့်စစ်နည်းဗျူဟာများ၊ လက်နက်များရဲ့စွမ်းရည်၊ ထောက်လှမ်းရေး၊ ဆက်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စစ်ပွဲကာလ စီးပွားရေးနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးအရ လက်တွေ့အခြေအနေတို့ ပါဝင်ပါတယ်။
ဒီနေရာမှာ မှတ်သားထားသင့်တဲ့ အချက်တစ်ချက်က အထူးစစ်ဆင်ရေးစတင်ချိန်မှာ ရုရှားအနေနဲ့ ရင်ဆိုင်ရတာက ယူကရိန်းတစ်နိုင်ငံတည်းကိုပါ။ နောက်ပိုင်းမှာတော့ အနောက်အုပ်စုရဲ့ စုပေါင်းစစ်ရေးစွမ်းရည်ကိုပါ ရင်ဆိုင်လာရတာဖြစ်ပါတယ်။
အနောက်အုပ်စုရဲ့ စုပေါင်းစစ်ရေးစွမ်းရည်တွေထဲမှာ ငွေကြေးအားဖြင့် ထောက်ပံ့မှု၊ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှု၊ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု၊ ကွပ်ကဲမှုနဲ့ထိန်းချုပ်ရေး၊ ထောက်လှမ်းရေး၊ ထောက်ပံ့မှုတို့လည်း ပါဝင်ပါတယ်။
အနောက်အုပ်စုဘက်က အခုလိုမျိုးထောက်ပံ့မှုတွေပေးနေတာဟာ စစ်မြေပြင်မှာ ရုရှားတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရသာမက စိတ်ပိုင်းဆိုင်ရာအရပါ အရှုံးကြီးရှုံးစေဖို့အတွက် ရည်ရွယ်တဲ့အပြင် တစ်ဖက်မှာလည်း ရုရှားနိုင်ငံကိုထိုးနှက်တဲ့ အနေနဲ့ စီးပွားရေးရော၊ နိုင်ငံရေးရောပြိုလဲအောင် လုပ်ဆောင်ပါတယ်။
အစောပိုင်းကာလတွေမှာတုန်းက ရုရှားအစိုးရအနေနဲ့ အဘက်ဘက်က ထိုးနှက်မှုတွေကို ခံရတာပေါ့။ ခေါင်းဆောင်မှုညံ့ဖျင်းတယ်၊ စစ်ရေးစွမ်းရည်တွေ မကောင်းဘူး၊ အစရှိသဖြင့်ပေါ့။ အဓိကအားဖြင့် စစ်ရေးနယ်ပယ်ကမဟုတ်တဲ့ စစ်ရေးလေ့လာသူတွေက အပြစ်တင်ဝေဖန်တာပါ။
ဒါပေမဲ့ တကယ်တမ်းမှာကျတော့ လက်တွေ့အခြေအနေက တော်တော်လေးကို ကွဲပြားခြားနားပါတယ်။ ရုရှားက ငြိမ်းချမ်းစဉ်ကာလ တပ်မတော်ရဲ့ ရပ်တည်မှုကနေ မဟာဗျူဟာမြောက်ပြောင်းလဲမှုဆီ ဦးတည် သွားလိုက်တာပါ။
အထူးစစ်ဆင်ရေး အစပိုင်းတုန်းက စစ်ဆင်ရေးကို ခဏတာပဲလုပ်ပြီး ယူကရိန်းအစိုးရကို စေ့စပ် ဆွေးနွေးရေးအတွက် စားပွဲဝိုင်း ဆီခေါ်မယ်လို့ ရုရှားက ရည်မှန်းခဲ့တာပါ။
သို့သော်လည်း ရုရှားကိုအပြုတ်တိုက်ဖို့အတွက် ယူကရိန်းကို ထိုးကျွေးတဲ့ဗျူဟာ ကျင့်သုံးလာတဲ့ အနောက်အုပ်စုများကြောင့် ဒီအစီအစဉ် ပျက်သွားခဲ့ရပါတယ်။
ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ စစ်ဘောင်က မကျယ်သင့်ဘဲနဲ့ တော်တော်လေးကိုကျယ်လာရတဲ့အပြင် ယူကရိန်းဘက်က ထိခိုက်မှုတွေကလည်း တော်တော်လေးကို များပြားလာရတာပါ။
စစ်ရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ရုရှားရဲ့ရည်မှန်းချက်ကရှင်းပါတယ်။ အဲဒါကတော့ ယူကရိန်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပပျောက်သွားစေဖို့ပါ။ ရုရှားဘက်က ဒီရည်မှန်းချက်ကိုသာ အမြဲတမ်းထားရှိပါတယ်။
ကနဦးတုန်းက ရုရှားအနေနဲ့ စစ်မြေပြင်မှာ ယူကရိန်းတပ်ဖွဲ့တွေကို အနိုင်တိုက်နိုင်ခြင်းအားဖြင့် ဒီရည်မှန်းချက်ကို လွယ်လင့်တကူ ရရှိနိုင်ပါတယ်။
တကယ်တမ်းမှာလည်း ရုရှားက သူတို့အနေနဲ့ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ယူကရိန်းနယ်မြေတချို့ကနေ စစ်သည်တွေကို ရုပ်သိမ်းလိုက်သည့်တိုင် ဒီရည်မှန်းချက်ကိုရရှိစေမယ့် လမ်းကြောင်းပေါ်မှာ ကောင်းစွာ လျှောက်လှမ်းနိုင်နေပါတယ်။
ရုရှားဘက်က စစ်ဆင်ရေးအဆင့် (၂) ဆီကို စတင်ရွေ့လျားလိုက်ချိန်မှာ ရုရှားတို့ရဲ့ ရည်မှန်းချက်က ဒွန်းဘက်ဒေသလွတ်မြောက်ရေး ဖြစ်သွားပါတယ်။
၂၀၂၂ ခုနှစ် မေလကနေ ဇွန်လအထိ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ယူကရိန်းတပ်မတော်ကြီး တစ်ခုလုံးအင်အား ပြုန်းတီးလုနီးပါးဖြစ်ခဲ့သလို ရုရှားအနေနဲ့ကလည်း သူတို့ရဲ့ပစ်အားသာလွန်မှုကို ကောင်းစွာအသုံးချနိုင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ လေ့ကျင့်ရေးအစရှိတဲ့ လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးမယ်ဆိုတဲ့ စုပေါင်းဆုံးဖြတ်ချက်ကြောင့်သာ ယူကရိန်းတို့ အသက်ရှူချောင်သွားတာလို့ ဆိုနိုင်ပါတယ်။
ယူကရိန်းတို့က NATO တပ်ဖွဲ့ရဲ့ အလုံးစုံထောက်ပံ့ပေးမှုကြောင့် ပြုန်းတီး လုနီးပါးဖြစ်နေတဲ့ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းကာ ရုရှားပေါ်တန်ပြန်တိုက်စစ်ဆင်နွှဲနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ ရုရှားတို့ဘက်က ခါကော့နဲ့ ခါဆန်ဒေသတို့အထိ ပြန်ဆုတ်ပေးလိုက်ရပါတယ်။
ဒါဟာ ယူကရိန်းတို့အတွက် စစ်ရေးအရ အောင်မြင်မှုရတယ်လို့ဆိုနိုင်သော်လည်း လက်တွေ့မှာတော့ ယူကရိန်းနဲ့ မဟာမိတ်တို့ရဲ့ ပျက်စီးရာပျက်စီးကြောင်းကိုသာ ဖြစ်ပေါ်စေခဲ့တာပါ။
၂၀၂၂ ခုနှစ် သြဂုတ်လနှောင်းပိုင်းနဲ့ နိုဝင်ဘာလလယ်ကြားမှာ ခါကော့နဲ့ခါဆန်ဒေသအနီးအထိ နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တာဟာ ယူကရိန်းနဲ့ အနောက်အုပ်စုအတွက် အားတက်စရာတစ်ခု ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာတော့ ရုရှားကသိန်းနဲ့ချီတဲ့စစ်သည်တွေကိုစုဆောင်းတယ်။ အခိုင်အမာခံစစ်တွေကိုပြင်ဆင်တယ်။ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုကဏ္ဍကိုလည်း စစ်ပွဲကာလ အနေအထားနဲ့ မြှင့်တင်ခိုင်းတယ်။
ယူကရိန်းနဲ့ NATO တပ်ဖွဲ့မှအကြံပေးများကတော့ သူတို့အနေနဲ့ ၂၀၂၃ ခုနှစ် တန်ပြန်တိုက်စစ်မှာ ၂၀၂၂ ခုနှစ်ဆောင်းဦး ရာသီကလိုမျိုးပဲ အောင်မြင်မှုမျိုး ရရှိလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒီလိုယူဆမှုဟာ စိတ်ကြီးဝင်မှုဖြစ်နေတယ်ဆိုတာ မကြာခင်မှာ သိလာရပါတော့တယ်။
နိုင်ချင်ကြက်လိုဖြစ်နေတဲ့ ယူကရိန်းနဲ့ NATO တို့က တန်ပြန်တိုက်စစ်ကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာစဉ်မှာ ရုရှားဘက်က အသားကြိတ်စက်လို့ခေါ်တဲ့ စစ်ဆင်ရေးတွေကို အဆက်မပြတ်ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေမှာတော့ နှစ်ဖက်စလုံးက စစ်သည်တွေ အထိနာခဲ့ရပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးအထိနာမှုဟာ ရုရှားအတွက်တော့ ပြောပလောက်တဲ့ ဆုံးရှုံးမှု မဟုတ်ပေမယ့် ယူကရိန်းဘက်မှာတော့ ဒေါ်လာဘီလီယံပေါင်းများစွာကို ဖြုန်းတီးမှုနဲ့ အစားထိုးဖို့ မလွယ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ပြုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့ရပါတယ်။
ဒါတောင်မှ ယူကရိန်းတို့က ၂၀၂၃ ခုနှစ် ဇွန်လအစောပိုင်းမှာ တန်ပြန်တိုက်စစ်တစ်ခုကို စတင်ခဲ့ပါသေးတယ်။ အဲဒီတိုက်စစ်မှာ တော့ အောင်မြင်မှုကို ရယူပေးနိုင်လောက်တဲ့ စစ်သည်အင်အား မရှိတော့ပါဘူး။
နောက်ပိုင်းလများ တစ်လျှောက်မှာ ယူကရိန်းစစ်ဘက်ဟာ အခိုင်အမာခံစစ်ဆင်ထားတဲ့ ရုရှားတို့ရဲ့ ခံစစ်အောက်မှာ ပြားပြားဝပ်ခဲ့ရပါတယ်။ ရုရှားတို့ရဲ့ခံစစ်က တိုက်ခိုက်လာသူတွေကို အပိုင်ချေမှုန်းဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ယူကရိန်းတို့ရဲ့ တန်ပြန်တိုက်စစ်ရပ်တန့်သွားတဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအရောက်မှာတော့ ယူကရိန်းတပ်မတော်အနေနဲ့ အင်အားတော်တော်လေး နည်းပါးသွားရပါပြီ။ ဒီအတွက် အရန်အင်အားတွေကို ထုတ်သုံးလာရပါတယ်။
တစ်ချိန်တည်းမှာပဲ NATO တပ်ဖွဲ့က ယူကရိန်းကို ထောက်ပံ့ပေးနိုင်မှု နည်းပါးသွားသလို နိုင်ငံရေးအရလည်း ယူကရိန်းကိုအား ပေးထောက်ခံမှု လျော့ကျလာပါတယ်။ အကြောင်းရင်းကတော့ ဒီစစ်ပွဲဟာ ဘယ်တော့မှ အဆုံးမသတ်နိုင်တဲ့ စစ်ပွဲအဖြစ် အနောက်အုပ်စုမှ နိုင်ငံရေးသမားများက ရှုမြင်လာကြလို့ပါ။
ဒီနေရာမှာကြည့်ရမယ်ဆိုရင် ရုရှားနိုင်ငံဟာ ယူကရိန်းနဲ့အနောက်အုပ်စုတို့ရဲ့ စုပေါင်းတန်ပြန်တိုက်စစ်ကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ခဲ့ပါတယ်။ စစ်ရေးအရကြည့်မယ် ဆိုရင်တော့ ဒီပွဲမှာရုရှားတို့ နိုင်သွားတယ်ပေါ့။
ယူကရိန်းဘက်က လူသူလက်နက်အင်အားကို သူတို့ပြန်လည် ဖြည့်တင်းနိုင်တဲ့ပမာဏထက် များစွာ ကျော်လွန်ပြီး အသုံးပြုလိုက်တာပါ။ ဒါကြောင့်လည်း ယူကရိန်းဟာ ရုပ်ပိုင်းဆိုင်ရာအရ ကြည့်ရင် အားနည်းသွား
တဲ့အဖြစ်သို့ ရောက်သွားပါတယ်။
ဒီပဋိပက္ခကြီးဆက်ဖြစ်နေသမျှကာလပတ်လုံး ယူကရိန်းဘက်က တဖြည်းဖြည်းနဲ့ လုံးပါးပါးလာရပေမယ့် ရုရှားဘက်မှာတော့ တစ်နေ့တခြားတိုးတက်မှုတွေ ရရှိဖြစ်ပေါ်နေပါတယ်။
စီးပွားရေးအရကြည့်ရင် ယူကရိန်းနဲ့အနောက်အုပ်စုတို့က စီးပွားရေးယိမ်းယိုင်လာသလို ရုရှားအပေါ် ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက် စက်မှုထွန်းကားတဲ့ ဥရောပဟာ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာရပါတယ်။
နိုင်ငံရေးအရဆိုရင်လည်း အနောက်အုပ်စုဟာ သူတို့ရဲ့ပြည်တွင်းမှာ တော်တော်လေးကို ရုန်းကန်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အနောက်အုပ်စုက ယူကရိန်းအပေါ် အဘက်ဘက်က ထောက်ပံ့မှုလျော့ကျလာတာပါ။
၂၀၂၄ ခုနှစ်ထဲကိုဝင်လာချိန်မှာတော့ ရုရှားရဲ့တည်ရှိမှုက တော်တော်လေးကို ခိုင်မာလာတာတွေ့ရပါတယ်။ စစ်ရေးအရ ဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ သူ့ရဲ့ရပ်တည်မှုက ယူကရိန်းနဲ့ယှဉ်ရင် ဆီနဲ့ရေလိုကွာလာတာပါ။
ဒီနှစ်ထဲမှာ ရုရှားဘက်က ယူကရိန်းကို တိုက်စစ်ပြန်ဖွင့်လာနိုင်သလို နယ်မြေအများအပြားကိုလည်း အချိန်တိုအတွင်း သိမ်းပိုက်လိုက်နိုင်ပါတယ်။ အထူးသဖြင့် ခါကော့ဒေသမြောက်ပိုင်းကို ထိန်းချုပ်လိုက် နိုင်တာပါ။
အခုစစ်ဆင်ရေးအတွက် စစ်ရေး-နိုင်ငံရေးရှုထောင့်ကနေကြည့်ရင် ရုရှားရဲ့ ရည်မှန်းချက်က နယ်စပ်နားမှာ ကပ်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို နောက်ပိုင်းအထိတိုက်ထုတ်ခြင်းအားဖြင့် ယူကရိန်းဘက်က အမြောက် လက်နက်ကြီးတွေနဲ့ ရုရှားဘက်ကို မပစ်ခတ်နိုင်အောင်ဖြစ်ပါတယ်။ ဒါပေမဲ့ အန္တိမရည်မှန်းချက်ကတော့ စစ်ရေးလှုပ်ရှားမှုတွေ ကင်းစင်သွားစေဖို့ပါ။
ယူကရိန်းဘက်က အရန်အင်အားစုတွေကို ထုတ်သုံးလာနေရပြီလို့ အပေါ်မှာပြောခဲ့ပါတယ်။ အဲဒီအရန် အင်အားစုတွေဟာ ရုရှားရဲ့ ဒရုန်း၊ ဒုံး အစရှိတဲ့တိုက်ခိုက်မှုတွေအောက်မှာ လုံးပါးပါး လာပြန်ပါတယ်။
အခုလက်ရှိ အခြေအနေမှာတော့ ယူကရိန်းဟာ ရှည်လျားလှတဲ့ခံစစ်စည်းကို စစ်ဆင်ရေးစတင်တုန်းကထက် အလွန်နည်းပါးတဲ့အင်အားနဲ့ ကာကွယ်နေရပါပြီ။
အင်အားဆုတ်ယုတ်စေတဲ့စစ်ပွဲတစ်ပွဲရဲ့ ရည်မှန်းချက်ဟာ ရန်သူအနေနဲ့ နောက်ဆုံးဘယ်လိုမှ ခုခံဖို့ရာ မတတ်သာတော့တဲ့ အခြေအနေအထိ ရောက်အောင်ဖော်ဆောင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရည်မှန်းချက်ဟာ ရုရှားတို့ရဲ့ လက်ရှိရည်မှန်းချက်ဖြစ်ပါတယ်။
အခု ခါကော့ဒေသစစ်ဆင်ရေးဟာ ဒီရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှု အခြေအနေ ဖြစ်ပြီး ယူကရိန်းအပေါ် ရုရှားတို့ရဲ့ အောင်ပွဲက သိပ်မဝေးတော့တဲ့ အချိန်မှာ ရရှိတော့မယ်လို့ ရည်ညွှန်းနေတာ ဖြစ်ပါတယ်။
Ref:RT