အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ မီဒီယာများ မေးမြန်းနေတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဆိုင်ရာ ကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတ တာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းနှင့် ပတ်သက်ပြီး အခြေခံဥပဒေ ဆိုင်ရာကိစ္စများကို အသိပေး ပြောကြားပါမယ်။ ယာယီသမ္မတဦးမြင့်ဆွေရဲ့ကျန်းမာ ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေကို အထူးဆေးကုသမှု အဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိပါတယ်။ သို့သော် ယာယီသမ္မတတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်မှု မရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာ အသိပေးပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာမှု၊ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေအနေ ကြေညာမှုနဲ့ ဒီနှစ်ခုကိုဆက်စပ်ပြီး ဆောင်ရွက်ကြည့်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ ကာလအတွင်းမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့ပုဂ္ဂိုလ်အချို့ လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားတဲ့ တာဝန်တွေကို မလွဲမသွေ ဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပုဒ်မ ၄၁၂ (ခ)မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်နိုင်ခြင်း မရှိပါက အဖွဲ့ဝင်များဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးတို့နဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာနိုင်သည်လို့ ပြဋ္ဌာန်းထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ယာယီသမ္မတရဲ့ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယာယီသမ္မတ မတက်ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂ (ခ)မှာပါတဲ့အခြေခံဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဦးဆောင်ရန် အဖို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေး အာဏာကို နိုင်ငံတော် သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်တွေ့ကျင့်သုံး ဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုပဲ လွှဲပြောင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ တစ်ခုရှိတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဘာကြောင့် ဦးဆောင်မှု မပြုရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၁၈ မှာတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်ကြီး မရှိတော့ဘူး။ လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာကလည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက်ပြီးပါက တာဝန်လွှဲပြောင်းရေး အတွက်သာ ကျန်ရှိနေခြင်းဖြစ်လို့ဖြစ်ပါတယ်။ အခြားသော မေးခွန်းတွေဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်
ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ ယာယီသမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ်ပဲ ဆောင်ရွက်မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးပြောရရင် မနေ့က ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန် ဝတ္တရားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံတာဝန် ထမ်းဆောင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနဲ့ အစိုးရအဖွဲ့တို့ကပဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ အတိုင်း မပြောင်းမလဲ ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီနေရာမှာ အထူးအလေးထား ပြောကြားလိုတာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။