မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဧရာဝတီအသင်းက မြဝတီအသင်းကို အနိုင်ရ
ရန်ကုန် ဇူလိုင် ၂၃
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီကကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ယနေ့ညနေ ၃နာရီခွဲက ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ဧရာဝတီအသင်းနှင့် မြဝတီအသင်းတို့ကစားခဲ့ရာ ဧရာဝတီအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက နှစ်သင်းလုံးတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှ ကစားသမားအများစု ပါဝင်လာသည်နှင့်အညီ ခြေစွမ်းပိုင်းကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန် ၄၄ မိနစ်တွင် နော်ထက်ထက်ဝေက ဧရာဝတီအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် ဧရာဝတီအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း အပြန်အလှန် ဖိအားပေးမှုများ ရှိခဲ့ပြီး ပွဲချိန် ၅၁ မိနစ်တွင်ပင် စန်းသော်သော်က ဧရာဝတီအသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် မြဝတီအသင်းက ပြန်လည်တိုက်စစ်မြှင့် ဖိအားပေးကစားခဲ့ရာမှ ပွဲချိန် ၇၆ မိနစ်တွင် ပန်းအိခိုင်က ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း လက်ကျန်ပွဲချိန်များတွင် ဧရာဝတီအသင်းက ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဧရာဝတီအသင်းက မြဝတီအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သည့် ဇွန်ယုယဦးက ရရှိခဲ့ကြောင်း သိရသည်။